Breaking News

မောင်လူမွှေး - ကလေးတွေရဲ့ ကျန်းမာရေး

မောင်လူမွှေး - ကလေးတွေရဲ့ ကျန်းမာရေး

မိုးမခ ၊ နိုဝင်ဘာ ၁၅ ၊ ၂၀၂၅


ခုလထဲ ရာသီဥတု အကူးအပြောင်းကာလမှာ ကလေးတွေ ကျန်းမာရေးမကောင်း ဖြစ်ကြတယ်။ ဖျားကြ၊ နာကြတယ်။ အဆုတ်ရောင်ကြတယ်။ မောင်လူမွှေး ညီတော်မောင်တစ်ယောက်ရဲ့ သားလေးဟာလည်း အဆုတ်ရောင်ရောဂါဖြစ်တာ ဆရာဝန်ဆီကို အသွားမြန်ပေလို့ အသက်ဘေးက ချမ်းသာရရခဲ့တယ်။ ကလေးက လသားအရွယ်ဆိုတော့ ဖျားနေတာကို နေပူကြီးထဲ ဖြတ်ပြီး မိုင်ဆယ်ချီတဲ့ ခရီးကြမ်းကို ကလေးကို ခေါ်မသွားချင်ကြဘူး။ ကလေးက ဖျားနာနေရတဲ့ထဲ ဆိုင်ကယ်နဲ့ လမ်းကြမ်းသွားရမှာဆိုတော့ အဘိုး အဘွားတွေကလည်း သိပ်မလွှတ်ချင်ကြဘူး။ နောက်ဆုံး မဖြစ်တော့ဘူးဆိုမှ ဆရာဝန်ရှိတဲ့နေရာကို အရောက်သွားရတယ်။ ဆရာဝန်ဆီ ရောက်ပြီးမကြာမီ အခြား လသားအရွယ် ကလေးတစ်ယောက် ညီတော်မောင်တို့ လင်မယားနှစ်ယောက် မျက်စိရှေ့ တင် အသက်ဆုံးသွားမှ  လန့်သွားကြတယ်။ ဆုံးသွားတဲ့ ကလေးကလည်း လသားအရွယ် ဝတုတ်တုတ်လေးတဲ့။

တကယ်တော့ မြေပြင်မှာ နေမကောင်းဖြစ်ကြတဲ့ ကလေးတွေ ဆယ်ယောက်မှာ တစ်ယောက်နှုန်း ဆရာဝန်ဆီ ရောက်ဖို့ ဆိုတာ ခဲယဥ်းနေတဲ့ အခြေအနေ ဖြစ်တယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းမှာပဲ တောထဲမှာနေတဲ့ မိဘတွေရဲ့ လသားအရွယ်ကလေး နေမကောင်းဖြစ်လို့ ရွာကို ပြန်အလာ လမ်းမှာအသက်ထွက်သွားလို့ တောထဲမှာ တခါတည်း မြုပ်ခဲ့ရတယ်။  မိဘတွေအတွက်ရော၊ ကလေးအတွက်ရော မောင်လူမွှေး ရင်နာရပါတယ်။ ဆရာဝန် ရှားပါးမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ စစ်တပ်ရဲ့ ပိတ်ဆို့မှုကြောင့် ဆေးဝါးရှားပါးမှုတွေက ကလေးတွေရဲ့ အသက်တွေကို ချွေနေတာပါ။

လွတ်မြောက်နယ်မြေက ကလေးလေးတွေ ကာကွယ်ဆေးထိုးဖို့အရေး ကာကွယ်ဆေးထိုးပေးတဲ့ NGO တွေရှိရာ အရပ်ထိ မိုင်ဆယ်ချီ ဆိုင်ကယ်စီးသွားကြရတယ်။ ကလေးတွေအတွက် အရေးကြီးလှတဲ့ ကာကွယ်ဆေးတွေကို ထိုးနိုင်အောင် စီမံပေးတဲ့ အဖွဲ့အစည်းတွေကို သိပ်ကျေးဇူးတင်စရာကောင်းပါတယ်။ 

"ရွာမှာ ကာကွယ်ဆေးမထိုးရတာ ကလေးနှစ်ယောက် ရှိတယ်။ လမ်းစရိတ်မရှိလို့တဲ့" ဆိုတဲ့ အသံကိုလည်း အိမ်ခြေ ခုနစ်ဆယ်လောက်ရှိတဲ့ ရွာကလေးကနေ မောင်လူမွှေး ကြားခဲ့ရတယ်။ အိမ်ခြေ ခုနစ်ဆယ်ရှိတဲ့ ရွာမှာ ကလေးနှစ်ယောက်ဟာ ကာကွယ်ဆေးမထိုးနိုင်ဘူးဆိုရင် အိမ်ခြေ နှစ်ရာ ရှိတဲ့ရွာမှာ၊ အိမ်ခြေ သုံး လေးရာ ရှိတဲ့ရွာမှာ၊ အိမ်ခြေ ငါးရာ၊ အိမ်ခြေတစ်ထောင် ရှိတဲ့ ရွာမှာ ကာကွယ်ဆေးမထိုးရတဲ့ ကလေးတွေ ဘယ်လောက်ရှိနိုင်မလဲ မောင်လူမွှေး မသိနိုင်ပါ။

ကြိုးစားလုပ်ဆောင်ပေးကြတဲ့ အဖွဲ့အစည်းတွေဆီကိုကာကွယ်ဆေးသွားထိုးကြတဲ့ သူတွေထဲမှာ ဆေးကုန်သွားလို့ ကာကွယ်ဆေး သုံးမျိုးအစား နှစ်မျိုးပဲ ထိုးပြီး ပြန်ခဲ့ရတာတွေ ရှိတယ်။ အစိုးရတရပ်အနေနဲ့ ဆောင်ရွက်မှသာ လုံလောက်အောင်မြင်နိုင်တဲ့ ကိစ္စကို အဖွဲ့အစည်းတွေက လောက်ငအောင် ဘယ်စွမ်းဆောင်နိုင်ပါ့မလဲ။

ဆရာဝန် ရှားပါး၊ ဆေးဝါးမပြည့်စုံတဲ့ ဒေသမှာ ကလေးတွေဟာ မိဘဘိုးဘွားတွေရဲ့ ရှေးရိုးကုထုံးတွေ၊ ဆေးမြီးတိုတွေ၊ ဘာမီတွန်၊ ပရာစီတမော့လေး တစ်စိတ်နဲ့ ကျန်းမာရေးကို ထိန်းသိမ်းနေကြရတယ်။ မောင်လူမွှေး သွားတဲ့ စစ်ရှောင်ကျောင်းက အသက် ၆ နှစ်အရွယ် ကျောင်းသားလေးတစ်ယောက်ဆို တကိုယ်လုံး ရောင်ကိုင်းနေတယ်။ ဒီရောင်ကိုင်းနေတဲ့အတိုင်းပဲ ကျောင်းတက်နေရလို့ တော်လှန်ရေးရဲမေ ဆေးတပ်သားလေးကို ခေါ်ကြည့်ခိုင်းရတယ်။ အရောင်တွေကျသွားတာ တွေ့လို့ မောင်လူမွှေး ဝမ်းသာရတယ်။

မောင်လူမွှေးတို့ စစ်အာဏာရှင်ကို တော်လှန်နေတယ်ဆိုတာ နောက်မျိုးဆက်သစ်ကလေးတွေအတွက် ဖြစ်တယ်။ ခုတော့ အဲဒီ နောက်မျိုးဆက်သစ်လေးတွေဟာ သူတို့ကျန်းမာရေးအတွက် ကာကွယ်ဆေးကို လောက်လောက်ငင အထိုးမခံရကြရဘူး။ ဖျားနာရင် ကုသဖို့ ဆရာဝန် မရှိဘူး။ ဆေးဝါးကိရိယာလည်း မလုံလောက်ဘူး။ မောင်လူမွှေးတို့ဟာ သူတို့အတွက် တော်လှန်နေပါတယ်ဆိုပြီး သူတို့ကို ကျန်းမာတဲ့ ကလေးတွေ ဖြစ်အောင် လုပ်မပေးနိုင်ကြရင်၊ သေဆုံးမှုတွေ ဒီထက်များလာရင် ဘယ်လိုလုပ်မလဲ။ 

နွေဦးတော်လှန်ရေးဟာ ငါးနှစ်ထဲကို ရောက်ခဲ့သလို စစ်အာဏာသိမ်းပြီးမှ မွေးတဲ့ ကလေးတွေလည်း ငါးနှစ်ထဲကို ရောက်ခဲ့ပြီ ဖြစ်တယ်။ ငါးနှစ်အောက် ကလေးအားလုံးဟာ တော်လှန်ရေးကာလမှာ မွေးဖွားလာကြတာ ဖြစ်တယ်။ ဒီကလေးတွေကို ကျန်းမာအောင် မပြုစု မပျိုးထောင်နိုင်ရင် မောင်လူမွှေးတို့ ဖြစ်ချင်တဲ့နိုင်ငံဖြစ်ဖို့ ခက်ခဲမယ်။

 မောင်လူမွှေးတို့ဟာ ကလေးတွေရဲ့ ကျန်းမာရေးအတွက် အများကြီး ကြိုးစားကြဖို့ လိုအပ်နေသေးတယ်။ ကလေးတွေ ဆိုတော့ ဘယ်လိုပဲ ခံစားနေရနေရ ပြောတတ်၊ ဆိုတတ်တာမျိုး မဟုတ်ဘူး။ ချော်လဲလို့ အရိုးအက်သွားတဲ့ ကလေး လက်ကွေးကွေးလေးနဲ့ ဆော့နေတာ မြင်တိုင်း  မောင်လူမွှေး ရင်နာရတယ်။ ကိုယ့်မျိုးဆက်သစ်တွေကို တကယ်ချစ်ကြရင်ဖြင့် ကလေးတွေကာကွယ်ဆေးထိုးဖို့ ကိစ္စကအစ ကျန်တဲ့ ကျန်းမာရေးအဆုံး အထူးအစီအမံတွေနဲ့ မဖြစ်မနေ ကြိုးစားအားထုတ်သင့်ကြတယ်လို့ မောင်လူမွှေး မြင်မိပါတယ်ခင်ဗျာ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar