MNDAA နဲ့ အာဏာသိမ်း စစ်တပ်အကြား တင်းမာမှုဖြစ်ပြီး သီပေါ-လားရှိုးလမ်း ပိတ်
မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၁၄ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၅
MNDAA နဲ့ အာဏာသိမ်း စစ်တပ်အကြား တင်းမာမှုဖြစ်ပြီး သီပေါ-လားရှိုးလမ်း ပိတ်
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းကာလတွေအတွင်း ၄င်းတို့ ကိုးကန့်ဒေသရဲ့ နယ်မြေတွေ အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ သိန္နီ လိုမြို့တွေနဲ့ ဆက်စပ်နေတဲ့ နယ်မြေတွေ သိမ်းယူခဲ့ပြီး ယခုနှစ်ဆန်းမှာ လားရှိုးမြို့ကို ပြန်လည်လွှဲအပ်ခဲ့တဲ့ MNDAA ကိုးကန့်လက်နက်ကိုင် အဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား ထိန်းချုပ်နယ်မြေတွေ ထပ်မံတောင်းဆိုမှုပေါ် အကြောင်းပြုပြီး ဆက်ဆံရေး တင်းမာလာပြီး ခုရက်ပိုင်းအတွင်း သီပေါ - လားရှိုးလမ်း၊ မိုင်းရယ် လားရှိုးလမ်းတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခဲ့ကြပါတယ်။
ပထမဆုံး သိသာထင်ရှားတဲ့ အဖြစ်အပျက်က မန္တလေး -လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်က သီပေါမြို့ ရှိ မြစ်ကူးတံတားကို ယာဥ်တွေ ဖြတ်သန်းခွင့်မပြုဘဲ အပြန်အလှန်ပိတ်ဆို့ခဲ့ကြတဲ့ အဖြစ်အပျက်ကြောင့် အခုလို နှစ်ဖက်တပ်အကြား တင်းမာမှုတွေ ရှိနေတဲ့ အဖြစ်ကို သိရှိခဲ့ကြရတာ ဖြစ်ပါတယ်။ သီပေါမြို့တံတား သာမကပဲ လားရှိုးမြို့ အနီး ဟိုယကျေးရွာမှာလည်း MNDAA နဲ့ စစ်တပ်အကြား စစ်ရေးတင်းမာနေတဲ့ သတင်းတွေ ထပ်မံထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ မန္တလေး-လားရှိုး -မူဆယ်လမ်းပိုင်းမှာ နောင်ချို၊ ကျောက်မဲ နဲ့ သီပေါမြို့တွေအထိ ထိန်းချုပ်လာနိုင်ပြီးနောက်မှာ နောက်ထပ်တဆင့်တက်ကာ သီပေါ-သိန္နီ - ကွတ်ခိုင်တို့အထိ ကုန်သွယ်ရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ လမ်းမတလျှောက်ကို ထိန်းချုပ်ဖို့ ကြိုးစားလာတာလို့ ကောက်ချက်ချရပါတယ်။ ဇန်နဝါရီလ နှစ်ဖက် အပစ်ရပ် သဘောတူညီခဲ့ကြပြီးနောက် MNDAA နဲ့ စစ်တပ်တို့ အကြား ဆွေးနွေးမှုတွေကို လားရှိုးမြို့မှာ မကြာခဏ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုတွေက နှစ်ဖက်တပ်အကြား မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အနေအထား ဖြစ်ပေါ်ပြောင်းလဲမှုတွေအပေါ် အခြေခံပြီး ဆွေးနွေးဖြေရှင်းစရာတွေကို ဆွေးနွေးကြတဲ့သဘောဖြစ်နိုင်ပြီး ခု ဖြစ်ရပ် မဖြစ်ပွားခင် ရက်အနည်းငယ် နိုဝင်ဘာ ၁၁ ရက်နေ့မှာလည်း လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းတချို့မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
သီခြားအတည်မပြုနိုင်တဲ့ သတင်းတပုဒ်ကတော့ သီပေါ- လားရှိုး လမ်းပေါ် တလျှောက်က MNDAA တပ်တွေကို နိုဝင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ဆုတ်ခိုင်းပေမယ့် MNDAA ဘက်က သဘောမတူခဲ့ဘူးလို့ အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်-သြဂုတ်နဲ့ အောက်တိုဘာလတွေအတွင်း နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေကို TNLA ထိန်းချုပ်မှုလက်ကနေ စစ်တပ်က ပြန်ရပြီးနောက်မှာ မန္တလေး -လားရှိုး ပြည်ထောင်စုလမ်းပိုင်း ပြန်လည်ဖွင့်ခဲ့ပြီး သီပေါ-လားရှိုးလမ်းပိုင်းမှာတော့ MNDAA တပ်တွေကလည်း စစ်ဆေးရေးဂိတ်တွေ ဖွင့်ထားခဲ့တာ ဖြစ်ပြီး စစ်ဆေးတာ အခွန်အကောက် ကောက်ခံတာတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို အနေအထားကနေ အာဏာသိမ်းစစ်တပ် အနေနဲ့ ဒီလမ်းပိုင်းတခုလုံးကို ၄င်းတို့ ပြည့်ပြည့်ဝဝ ထိန်းချုပ်နိုင်ဖို့ ခြေတလှမ်းတိုးလာတဲ့ သဘောလို့ ယူဆရပါတယ်။ စစ်တပ်အနေနဲ့ မကြာသေးခင် သီတင်းပတ်တွေကမှ TNLA နဲ့ အပစ်ရပ်ဖို့ သဘောတူခဲ့ပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကနေ ပြန်ဆုတ်ခွာ စွန့်လွှတ်ပေးဖို့ နဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ နှစ်ဖက် သဘောတူခဲ့တာ ဖြစ်ပါတယ်။
MNDAA ၊ TNLA တို့နဲ့ အပစ်ရပ် သဘောတူညီမှုတွေကို စစ်တပ်က ရပြီးနောက် ရှမ်းမြောက်ဒေသမှာ စစ်ရေးအရ အခြေခိုင်အောင် ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေတာ ထင်ရှားပြီး အပစ်ရပ် သဘောတူညီမှု ယူခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့အနေနဲ့ ၄င်းတို့ လက်ဝယ်ရှိထားတဲ့ မြို့၊ နယ်မြေတွေကို ဆက်လက်ထိန်းချုပ်ထားနိင်ဖို့ ပိုင်းဖြတ်ထားကြပုံရတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ် အနေနဲ့တော့ ၂၀၂၄ ခုနှစ် အနေအထားမှာ အပစ်ရပ် သဘောတူညီမှု ရခဲ့ခြင်းဟာ ရှမ်းမြောက်မှာ ဖရိုဖရဲ ဖြစ်နေတဲ့ ၄င်းရဲ့တပ်တွေ၊ စစ်ရေးဗျူဟာ၊ လက်နက်နဲ့ နည်းပညာတွေကို ပြန်လည် သုံးသပ်ပြင်ဆင်နိုင်ဖို့ အခွင့်အလမ်းရခဲ့ပြီး နှစ်ဆန်းကစလို့ တောင်းခမ်းကနေ ပြန်လည်တိုက်ယူလာခဲ့ရာမှာ ဇူလိုင်လမှာ နောင်ချိုမြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ရာက အောက်တိုဘာမှာ ကျောက်မဲနဲ့ သီပေါမြို့တွေကို ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီလို စစ်ရေးအရ ပြန်လည် သိမ်းယူနိုင်ခဲ့ခြင်းက အာဏသိမ်းစစ်တပ်အဖို့ စိတ်ဓာတ်ရေးအရ ပြန်လည် ဦးမော့လာစေခဲ့သလို MNDAA ကို လားရှိုး-သီပေါလမ်းက ဆုတ်ခွာပေးဖို့ တောင်းဆိုလာတဲ့ အထိ သွေးတိုးစမ်းလာစေတာလည်း ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ကာလတွေမှာ MNDAA နဲ့ TNLA တို့ ရရှိခဲ့တဲ့ စစ်ရေး အရှိန်အဟုန်၊ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လူအင်အား၊ UWSA က လက်နက်ခဲယမ်းနဲ့ ငွေကြေးကူညီမှုတွေ အခုချိန်မှာ မရနိုင်တော့ဘူးလို့ စစ်တပ်ဘက်က တွက်ဆထားပြီး ညီနောင် မဟာမိတ် ၃ ဖွဲ့ထဲက MNDAAကို သွေးတိုးစမ်း လာတာ ဖြစ်နိုင်ပါတယ်။
ဒီလို အာဏာသိမ်းစစ်တပ်ရဲ့ အကဲဖြတ်ချက်တွေက ဘယ်လောက်ထိ မှန်ကန် နိုင်သလဲ၊ အကယ်၍ MNDAA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲပြန်ဖြစ်ခဲ့ရင် ၁၀၂၇ စစ်ဆင်ရေး ကာလတွေကလို မဟာမိတ် အင်အားစုတွေထံက လူ၊ လက်နက်ခဲယမ်း စတာတွေ ရရှိနိုင်ဦးမလား ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာနေတာပါ။
၁၀၂၇ စစ်ဆင်ရေးကာလမှာ MNDAA ကို အားဖြည့်ခဲ့ကြတဲ့ KNDF, PLA, BPLA နဲ့ အခြားသော အညာဒေသက ဗမာ PDF လက်နက်ကိုင် တပ်ဖွဲ့တွေ တဖန် ပြန်လည်အားဖြင့် တိုက်ခိုက်ပေးကြဦးမလား ဆိုတာ မသေချာတဲ့အနေအထား မျိုးဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း ဒုတိယလှိုင်းကာလတွေတုန်းက လက်နက်ခဲယမ်းနဲ့ ငွေကြေး အကူအညီတွေ ပေးခဲ့တဲ့ UWSA ကို တရုတ်နိုင်ငံက ဖိအားပေးပြီး အလားတူ ကူညီမှုမျိုး မလုပ်နိုင်အောင် ကြပ်မတ်ထားတဲ့ အခြေအနေကလည်း ယခင် အနေအထားမျိုး တဖန်ပြန်ဖြစ်ဖို့ မလွယ်တဲ့ သဘောဖြစ်ပါတယ်။
နောက်တချက်ကတော့ PDF လက်နက်ကိုင်တွေ နဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် အဖွဲ့တွေအကြား ယုံကြည်မှု ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကို ပူးပေါင်းဆင်နွှဲနေကြရာကနေ တဖွဲ့ချင်း အပစ်ရပ်ခဲ့တဲ့ အနေအထားကို အညာဒေသ က PDF အဖွဲ့တွေ အနေနဲ့ ကောင်းစွာနားလည် နိုင်ခြင်း မရှိခဲ့ပါဘူး။ မိမိတို့ တဖွဲ့ချင်း အကျိုးစီးပွား၊ ရပ်တည်ချက် အတွက်သာ စဥ်းစားဆုံးဖြတ်ခဲ့တယ်လို့ ရှုမြင်မှုတွေလည်း ရှိပြီး စစ်တပ်နဲ့ အပစ်ရပ် သဘောတူညီမှုတွေက ယုံကြည်မှုတွေကို အတိုင်းအတာတခုထိ ပျက်စီး စေခဲ့တာ ဖြစ်ပါတယ်။
ဒီလို မဟာမိတ် စိတ်ဓါတ်၊ ဆက်ဆံရေး အဆင့်လျော့ကျသွားတာ ယုံကြည်မှု လျော့ကျသွားတဲ့ အခြေအနေတွေကို တဖက် အာဏာသိမ်းစစ်တပ်က အသုံးချဖို့ အခွင့်အရေးယူဖို့ အသင့်ရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ မိမိတို့ အဖွဲ့အစည်းရဲ့ အကျိုးကို ပထမ၊ ဒုတိယ အနေနဲ့ ဦးစားပေးကြရတာ ဖြစ်ပြီး နွေဦးတော်လှန်ရေး တခုလုံး ရဲ့ အောင်မြင်မှု၊ အကျိုးစီးပွားကို ဦးစားပေးရအောင် လက်နက်ကိုင် အဖွဲ့တွေအားလုံးအကြား နိုင်ငံရေး အရ ဘုံသဘောတူညီချက်က လက်ထဲဆုပ်ကိုင်ထားခြင်း မရှိတာကလည်း နွေဦးတော်လှန်ရေးရဲ့ အားနည်းချက် တခု ဖြစ်နေတယ်လို့ သုံးသပ်ရမယ့် အနေအထား ဖြစ်နေပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar