Breaking News

လေးလေး - ထိုင်းက ကျားဖြန့်တိုက်ပွဲဟာ ဟန်ပြလား

လေးလေး - ထိုင်းက ကျားဖြန့်တိုက်ပွဲဟာ ဟန်ပြလား

မိုးမခ ၊ နိုဝင်ဘာ ၁၅ ၊ ၂၀၂၅


ထိုင်းမှာ တရုတ်ဘက်က လာတဲ့ လေ‌အေးတွေ တိုးဝင်တိုက်ခတ်နေသလိုပဲ၊ ထိုင်းအစိုးရကလည်း ကျားဖြန့်လေတွေ ပြင်းပြင်းထန်ထန် တိုက်နေတယ်။ 

ထိုင်းဝန်ကြီးချုပ် အနုတင်က နိုဝင်ဘာ ၁၀  ရက်၊ တနလ်ာနေ့ကပဲ အွန်လိုင်းလိမ်လည်သူ ကျားဖြန့်များကို တင်းပြည့်စစ်ပွဲ ဆင်နွှဲသွားမယ်လို့ ကြွေးကြော်တယ်။ အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၈ ရက်အတွင်း အာဏာပိုင်များက နိုင်ငံတလွှား ပူးပေါင်းစစ်ဆင်ရေးများ ဆင်နွှဲကာ သံသယရှိသူ ၇,၁၇၄ ဦးကို ဖမ်းဆီးခဲ့တယ်။

ဘတ် ၄၁ ဒသမ ၇ သန်းကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရမိခဲ့ပြီး ဘတ် ၃၁ သန်းကို ငွေသားအဖြစ် အလိမ်ခံရသူများထံ ပြန်လည်ပေးအပ်ခဲ့တယ်။ အာဏာပိုင်များအနေနဲ့ ဖေဖော်ဝါရီလမှစပြီး လိမ်လည်ခံရတဲ့ ဘတ်ငွေ ၃၁၂ သန်းကို ပြန်လည်ရရှိခဲ့တယ်လို့လည်း သတင်းတွေမှာ ဖတ်ရတယ်။

ချင်းမိုင်တက္ကသိုလ်က ပါမောက္ခ တယောက်ကတော့ အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ဖိအားကြောင့် ထိုင်းအစိုးရက ဟန်ပြအနေနဲ့ လုပ်တာလို့ နိုဝင်ဘာလဆန်းပိုင်းမှာ မီဒီယာကို ပြောတယ်။ ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံ မဟာဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာ ပင်ကောင်း လန်ငရမ်ဆီ က “ထိုင်းနိုင်ငံက ဒါကို အာဆီယံအဆင့် ကိစ္စရပ်အဖြစ် ပုံဖော်ဖို့ ကြိုးစားနေတယ်။ နားလည်မှုစာချွန်လွှာတွေနဲ့ ဟန်ပြလုပ်ရပ်တွေ လုပ်နေပေမဲ့ ကွန်ရက်တွေကို ဖယ်ရှားပစ်မယ့် အပြည့်အဝ မဟာဗျူဟာ မရှိသေးပါဘူး” လို့ ပြောသွားတယ်။

သူက ထိုင်းရဲ့လက်ရှိ ကြားကာလအစိုးရကို ကျားဖြန့်ကိစ္စမှာ အားမကိုးဘူးလို့လည်း ဆိုသွားပါသေးတယ်။

သူကပဲ ကေကေပါ့ကို ဟန်ပြဖျက်နေမယ့်အစား ကျားဖြန့်တွေကို ငှားထားတဲ့ မြေငှားစာချုပ်တွေဖျက်သိမ်းဖို့ လုပ်ရမှာလို့ ထောက်ပြတယ်။ ကေအန်ယူ (KNU) က KK Park နှင့် ဆက်စပ်မှု မရှိကြောင်း ငြင်းဆိုခြင်းကိုလည်း ဝေဖန်ခဲ့တယ်။

“ကေအန်ယူက တာဝန်ကို လုံးဝငြင်းလို့ မရပါဘူး။ တရားဝင် ငှားရမ်းမှု မရှိဘဲ တရုတ်လုပ်ငန်း ရှင် တွေ အဲဒီမှာ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နယ်ခြားစောင့်တပ်အရာရှိတွေက စခန်းကို စီမံခန့်ခွဲနေရင်တောင် စာ ချုပ်က ကေအန်ယူအောက်မှာ ရှိနေပြီး သူတို့ တာဝန်ခံမှုကနေ ရုန်းထွက်လို့ မရပါဘူး။”

အခုက ကျားဖြန့်တွေဟာ လေတိုက်ထဲ မှို့အိတ်ပေါက်သလို နေရာအနှံ့ ရောက်ကုန်ကြပြီ။ ချင်းမိုင်မှာ ဇိမ်ခံအိမ်ကြီးတွေ ငှားပြီး ကျားဖြန့်လုပ်နေကြတဲ့ တရုတ်တွေ ဖမ်းမိတာပဲ အကြိမ်ရေ မနည်းတော့ဘူး။ အခုဟာက တရုတ် ရုပ် ပေါက်နေတဲ့သူဆို ထိုင်းရဲက မျက်စိဒေါက်ထောက် ကြည့်နေပုံရတယ်။ ရပ်ကွက်ထဲ တရုတ်တွေအများကြီး တစုတစည်းတည်း တွေ့ပြီဆို၊ သေချာပြီ..ကျားဖြန့်တွေလို့ ပြောရတော့မလိုကို ဖြစ်နေပြီ။

ထိုင်းဝန်ကြီးချုပ်ကတော့ ကျားဖြန့်တွေကို  “နိုင်ငံတော် ရန်သူများ” လို့ ကြေညာပြီး၊  လုံးဝ သည်းခံမှာ  မဟုတ်ဘူး၊ ကျားဖြန့်များနဲ့ အချို့သော နိုင်ငံရေးသမားများ ပတ်သက်နေတယ်ဆိုတဲ့  ထင်မြင်ချက်များနဲ့ ပတ်သက်ပြီးလည်း “ဥပဒေအထက် ဘယ်သူမှ မရှိ” လို့ ဆိုသွားတယ်။ ကျားဖြန့်တွေလို့ ထင်ရင် လာပြီး သတင်းပေးကြ၊ သတင်းပေးသူတွေကို  အပြည့်အဝ အကာအကွယ်ပေးမယ်လို့  အာမခံခဲ့ပါတယ်။

နိုဝင်ဘာ ၁၂ ရက်မှာပဲ ရွှေကုက္ကိုလ်ထူထောင်သူ ရှီကျင်ကျန်း ဆိုသူကို ထိုင်းက တရုတ်ကို လွှဲပေးလိုက်ပြီ။ တရုတ်က သူ့စစ်လိုက်ရင် ထိုင်းနဲ့မြန်မာက ကျားဖြန့် လက်မည်းကြီးတွေ ထပ်ပေါ်လာဦးမယ်။ ဘယ်သူတွေ ထိုးကျွေးခံရဦးမလည်း ဆိုတာတော့ ငွေရောင်ပိတ်ကားကြီးပေါ်မှာ မကြာမီ..လာမည်…မျှော်။

ချင်းမိုင်တက္ကသိုလ်က ပါမောက္ခက ဟန်ပြလို့ ပြောတာလည်း မလွန်ဘူး၊ နိုဝင်ဘာ ၁၃ ရက်မှာ ထိုင်းဘုရင်နဲ့ မိဘုရား၊ ထိုင်းဝန်ကြီးချုပ်တို့ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားကြတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar