Breaking News

စစ်မှုထမ်းကြေး ပေးနေရတဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဘဝ

မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၁၄ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၅


စစ်မှုထမ်းကြေး ပေးနေရတဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဘဝ 

ဆယ်စုနှစ် ၈ ခုနီးပါး ပြည်တွင်းစစ် ဖြစ်ပွားနေခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ ဖြားယောင်း သိမ်းသွင်းတာ၊ စစ်မှုထမ်း အသက်အရွယ်မပြည့်သေးတဲ့ လူငယ်တွေကို စုဆောင်းတာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ဒေသတွေမှာလည်း လူငယ်ရှိတဲ့အိမ်တွေမှာ တအိမ် ၁ ယောက် သို့မဟုတ် ဒိထက်ပိုပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်တာတွေက နှစ်ရှည်လများ ဖြစ်ပွားလာခဲ့တဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာ မသိမ်းမီကတော့ အစိုးရ စစ်တပ်အနေနဲ့ စစ်မှုမထမ်းမနေရ တအိမ်တယောက် ဆိုတာမျိုးတွေ လုပ်ဖို့ မလိုအပ်တဲ့ အနေအထား၊ စစ်တပ်က စစ်သားစုဆောင်းရေးဌာနက နည်းလမ်းအသွယ်သွယ်သုံးပြီး သိပ်မများပြားတဲ့ ငွေကြေး ပမာဏတခုနဲ့ ဆွဲဆောင်တာ၊ ပြစ်မှုကြီးတွေ မဟုတ်တဲ့ အသေးအဖွဲ ရာဇဝတ်မှုမျိုး ကျူးလွန်သူတွေကို စစ်မှုထမ်းရင် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးမယ်ဆိုတဲ့ အပေးအယူလုပ်ပြီး စစ်မှုထမ်းစုဆောင်းခဲ့တာတွေ၊ စစ်တပ်က ထွက်ဖို့ စာတင်တဲ့ တပ်သားတွေကို စစ်သားသစ် ဘယ်နှဦးစုဆောင်းပေးရမယ် ဆိုတဲ့ အစားထိုးလူရှာပေးရတဲ့ အဖြစ်တွေက ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် စိုးမိုးတဲ့ နယ်မြေတွေမှာလည်း ၄င်းတပ်ဖွဲ့တွေက စိုးမိုးနယ်မြေထဲ နေထိုင်ကြတဲ့ ကျေးရွာတွေက လူငယ်တွေအရွယ်ရောက်လာရင် အနည်းဆုံး တအိမ် ၁ ယောက်နှုန်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေမှာ စစ်မှုထမ်း ပေးကြရတာ ဖြစ်ပါတယ်။ 

အထက်ကလို စစ်တပ် ထိန်းချုပ်နယ်မြေ နဲ့ တိုင်းရင်းသား လက်နက်ကိုင် စိုးမိုးနယ်မြေတွေမှာ ဖြစ်ပျက်နေခဲ့တဲ့ အခြေအနေမျိုးတွေက ၂၀၂၄ ခုနှစ်နှစ်ဆန်းပိုင်းမှာတော့ မြို့ကြီးတွေအထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။  ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီမှာ အာဏသိမ်းစစ်တပ်က စစ်မှုမထမ်း မနေရ ဥပဒေကို  အသက်ဝင်စေခဲ့ပြီးနောက် အမျိုးသားတွေ အနေနဲ့ အသက်၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ အတတ်ပညာရှင် ကျွမ်းကျင်သူ ဖြစ်ခဲ့ရင် ၄၅ နှစ်အတွင်း ၂ နှစ် စစ်မှုထမ်းဖို့ ဥပဒေကို စတင် အသက်ဝင်စေကာ စစ်သားစုဆောင်းခဲ့တာ ဖြစ်ပါတယ်။ တလကို အပတ်စဥ် တခု အနေနဲ့ စုဆောင်းရာမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်သား ၅၀၀၀ စုဆောင်းဖို့ တရားဝင် ထုတ်ပြန်ခဲ့ပေမယ့် လက်တွေ့မှာ ဒီထက်အရေအတွက် များပြားတယ်လို့ အချို့သော သတင်းအချက်အလက်တွေအရ သိရပါတယ်။ 

ဒီလို စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းလိုက်ခြင်းက တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေ မဟုတ်တဲ့ မြို့တွေ ရွာတွေမှာ ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ခု ချိန်ထိ ဒီအကျိုးသက်ရောက်မှုတွေကို မြို့တွေ၊ ရွာတွေအများအပြားမှာ ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။ 

ဒီဥပဒေ အသက်ဝင်စေပြီးနောက် သက်ရောက်မှုတွေက စီးပွားရေး၊ ပညာရေး၊ အလုပ်သမား ရှားပါးမှု၊ အာဏာအလွဲသုံးစားမှု အစရှိတဲ့ နယ်ပယ် အသီးသီးကို အကျိုးသက်ရောက်မှုတွေ ရှိနေပြီး ဒီနေ့ကတော့ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် ရပ်ရွာတွေမှာ ကောက်ခံနေတဲ့ စစ်မှုထမ်းကြေး၊ စစ်မှုထမ်း အစားထိုးရတဲ့ငွေကြေးကိစ္စတွေနဲ့ ဆက်စပ်တဲ့အကြောင်းတွေကို အဓိက ပြောဆိုလိုတာ ဖြစ်ပါတယ်။ 

စစ်မှုထမ်း ဥပဒေ စတင်အသက်ဝင်ခါစမှာတော့ စစ်မှုထမ်း အသက်အရွယ်နဲ့ အကျုံးဝင်တဲ့ အိမ်ထောင်စု၊ မိသားစုတွေ အနေနဲ့ အလှည့်မရောက်သေးရင်၊ မဲမပေါက်သေးရင် စိုးရိမ်စရာ ကြီးကြီးမားမား မရှိသေးပေမယ့် လအနည်းငယ် အကြာမှာတော့ အဲဒီလို အနေအထားမဟုတ်တော့ဘဲ မြို့တွေ ရွာတွေထဲ အမြဲတမ်းလိုလို ပေါ်တာဆွဲသလို ဆွဲခေါ်ပြီး ငွေကြေး သိန်းဆယ်ဂဏန်းနဲ့ ရွေးထုတ်ကြရတာတွေ ဖြစ်ပွားလာခဲ့တာ တွေ့ရပါတယ်။ 

စစ်မှုထမ်း အစားထိုး လူရှာဖို့ သို့မဟုတ် အစားထိုးဖို့ ပေးရတဲ့ ငွေကြေးပမာဏကလည်း တနေရာနဲ့ တနေရာ မတူကြပါဘူး။ အချို့သော မြို့ ရွာတွေမှာ ကျပ် သိန်း ၂၀၊ ၃၀ ရှိခဲ့တယ် ဆိုပေမယ့် လက်ရှိ အချိန်မှာတော့ အနည်းဆုံး သိန်း ၆၀၊ ၇၀ ထိ ရှိနေတာ ဖြစ်ပါတယ်။ ဒါက ရပ်ရွာတွေမှာ လူစားထိုးဖို့ ရပ်ရွာက ကောက်ခံတဲ့ ငွေကြေးနဲ့ စစ်မှုထမ်းလိုက်မယ့်သူကို ပေးတဲ့ ငွေကြေး ပမာဏ ဖြစ်ပါတယ်။ လမ်းခရီးသွားလာစဥ် နေ့စဥ် အလုပ်ကိစ္စနဲ့ သွားလာစဥ် အဆင်မသင့်လို့ ဖမ်းဆီးခံရတဲ့အခါမျိုးမှာ ပြန်လွှတ်ပေးဖို့ လာဘ်တောင်းခံတဲ့ အခြေအနေတွေမှာတော့ ဒီထက်ပိုများပြီး သိန်း ရာဂဏန်းထိ ရှိတယ်လို့လည်း ကိုယ်တွေ့ကြုံရသူတွေ ရဲ့ ပြန်ပြောဆိုမှုတွေ အရသိရပါတယ်။ 

စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရခြင်းဟာ အသက်သေဆုံးနိုင်ခြေ ၇၀ ရာနှုန်းကနေ ၉၀ ရာနှုန်းလောက် ရှိတယ်လို့ လူအများက မှတ်ယူထားကြတာ ဖြစ်ပါတယ်။ နေ့စဥ်နဲ့ အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ အနှံ့အပြားက စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုတွေ ရှိနေပြီး စစ်တပ်ထဲ ဆယ်စုနှစ်နဲ့ချီ အတွေ့အကြုံရှိသူတွေတောင် ထိခိုက်သေဆုံး၊ ဖမ်းဆီးခံနေကြရတဲ့ အခြေအနေမျိုးမှာ မကြာသေးခင်ကမှ စစ်သင်တန်း ၂/၃ လ တက်ပြီး ရှေ့တန်းစစ်မြေပြင်မှာ တိုင်းရင်းသား လက်နက်ကိုင်၊ PDF တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ကြရတဲ့အခါ ထိခိုက်သေဆုံးနိုင်ခြေနဲ့ ဖမ်းဆီးခံရနိုင်ခြေ မြင့်မားတယ်လို့ ဆိုနိုင်ပါတယ်။ 

အခုနေအခါမှာတော့ စစ်တပ် စိုးမိုး ထိန်းချုပ်ထားတဲ့ မြို့၊ ရပ်ကွက် နဲ့ ကျေးရွာ တွေရဲ့ အုပ်ချုပ်ရေးတွေက စစ်မှုထမ်းကြေး ဆိုပြီး လစဥ် အနည်းဆုံး တအိမ်ကို ကျပ် ၅ ထောင်ကနေ အချို့ဒေသတွေမှာ ကျပ် ၃ သောင်းခွဲအထိ ကောက်ခံနေကြတာ တွေ့ရပါတယ်။ ကျပ် သောင်းဂဏန်းရှိတဲ့ စစ်မှုထမ်းကြေး လစဥ်ပေးဖို့ ရုန်းကန်ရှာဖွေနေကြရတဲ့ မိသားစုတွေ မြန်မာနိုင်ငံမှာ အများအပြားရှိနေတာပါ။ တနိုင်ငံလုံး စစ်ပွဲတွေ လမ်းခရီး ပိတ်ဆို့မှုတွေ နဲ့ ကုန်စျေးနှုန်းတွေ ကြီးမြင့်ကာ တဖက်မှာ အလုပ်အကိုင် အခွင့်အလမ်း ကျဆင်းနေချိန်မှာ တလ ကို ကျပ် ၁ သောင်း ၂ သောင်းပမာဏအတွက် ခက်ခက်ခဲခဲ ရှာဖွေကြရတာ ဖြစ်ပါတယ်။ 

မိသားစုတွေ အနေနဲ့ ဝင်ငွေနည်းတာ များတာကို ထည့်သွင်း စဥ်းစားခြင်း မရှိဘဲ တအိမ်ကို ကျပ် သောင်းဂဏန်းနဲ့ ချီကောက်ခံရရှိတဲ့ ငွေကြေးပမာဏဟာ ရပ်ကွက်တခု သို့မဟုတ် ကျေးရွာတရွာ အနေနဲ့ဆို မနည်းလှတဲ့ ငွေကြေးပမာဏ ဖြစ်ပါတယ်။ မကြာသေးတဲ့ ရက်ပိုင်းက မြို့နယ်တခုရဲ့ ဖေ့စ်ဘွတ် group မှာ တယောက်က ရေးသားရာမှာ ယခင်က စစ်မှုထမ်းကြေး တလကို  ကျပ် ၅ ထောင် ကောက်ခံရာကနေ အခုအခါ ကျပ် ၁ သောင်း ကောက်ခံလာလို့ များပြားကြောင်း အများကို တိုင်တည် ရေးသားခဲ့ပါတယ်။ အဆိုပါ ရေးသားတဲ့အပေါ် မှတ်ချက်ပေးကြရာမှာ ၄င်းတို့ ရပ်ရွာမှာ ကျပ် ၂ သောင်း ကနေ ၃ သောင်းခွဲထိ လစဥ် ကောက်ခံနေကြတဲ့ မှတ်ချက် အများအပြား တွေ့ကြရပြီး မူလပို့စ်ရေးသူရဲ့နေရာ က ပမာဏ နည်းသေးတယ်ဆိုတဲ့ မှတ်ချက်တွေ ပေါ်ထွက်လာပါတယ်။ တအိမ်ထောင် ကျပ် သောင်းဂဏန်းနဲ့ ပေးရတဲ့အပြင် စစ်မှုထမ်းအရွယ် ယောက်ကျားလေး ရှိတဲ့အိမ်ထောင်စုတွေအနေနဲ့ ကျပ် ၁ သိန်းကနေ ၂ သိန်းထိ ထပ်မံကောက်ခံတာမျိုးတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

လစဥ် ကောက်ခံနေကြတဲ့ စစ်မှုထမ်းကြေးတွေက စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေတွေမှာ ရေးသား ဖေါ်ပြထားတာမျိုး မဟုတ်ဘဲ ရပ်ကွက်/ကျေးရွာတွေက ၄င်းတို့လုပ်ပိုင်ခွင့်အနေနဲ့ လုပ်နေကြတာမျိုး ဖြစ်ပါတယ်။ စစ်မှုထမ်းကြေး ကောက်ခံတာ၊ လူစားထိုးတာ၊ ပြန်ပေးဆွဲသလို ဖမ်းဆီးပြီး သိန်းဆယ်ဂဏန်းကြီးကနေ သိန်းရာဂဏန်းထိ တောင်းခံတာတွေ အားလုံးဟာ ဥပဒေ၊ နည်းဥပဒေနဲ့ မညီသည့်တိုင် နေ့စဥ် ဖြစ်ပွားနေကြတဲ့ ဖြစ်စဥ်တွေ ဖြစ်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် မနည်းလှတဲ့ ငွေကြေးပမာဏ ဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးက ကျပ် ဘီလျံပေါင်း ရာထောင် ချီတဲ့ ပမာဏဖြစ်ပြီး ပြည်သူလူထု အနေနဲ့ ကိုယ်စားမယ့် ထမင်းလုပ်တွေထဲက စစ်မှုထမ်းကြေးကို ခွဲဝေပေးနေကြရတဲ့ အဖြစ်မျိုးလည်း ဖြစ်နေတာပါ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar