Breaking News

မောင်ရစ် – ၂၀၁၈ မှာ လမ်းခွဲပါ



မောင်ရစ် – ၂၀၁၈ မှာ လမ်းခွဲပါ

(မိုးမခ အယ်ဒီတာ့လက်ရေး) (ပြန်လည်ဆန်းသစ်ခြင်း)
အောက်တိုဘာ ၁၄၊ ၂၀၁၈

(တိုက်တိုက်ဆိုင်ဆိုင် ပြည်တွင်းမှာထုတ်ခဲ့တဲ့ မိုးမခမဂ္ဂဇင်းအဟောင်းလေးကို ဖတ်မိတော့ ရေးခဲ့တဲ့ အယ်ဒီတာ့လက်ရေးလေး အမှတ်တရ ပြန်တင်လိုက်ပါတယ်။ ခု ၂၀၂၅ မှာ လမ်းခွဲခဲ့ကြပြီး ဘယ်ခရီးကို ရောက်နေကြပြီလဲ ပြန်စဉ်းစားချင်စရာပါ)

အယ်ဒီတာလက်ရေး မရေးဖြစ်တာ သြဂုတ်လကတည်းကဆိုတော့ အခုရေးတာ အတော် ရှည်ပါတယ်။ သီးခံပြီး ဖတ်ကြပါကုန်။

၂၀၁၃ ခုနှစ်တုန်းက ‘လမ်းခုလတ် ၂၀၁၃’ ဆိုပြီး ခေါင်းစဉ်နဲ့ စာရေးဖူး၊ အင်တာဗျူးတွေ လုပ်ခဲ့ဖူးတယ်။ မြန်မာပြည်ကို ဦးသိန်းစိန်အစိုးရခေတ် (နည်းအမျိူးမျိူးနဲ့) အိမ်ပြန်လို့ ရခါစပေါ့။ ၂၀၁၃ နှစ်ကုန်ခါနီးမှာ ဖြစ်ပါတယ်။ အဲသည်မှာ မိတ်ဆွေဟောင်း မိတ်ဆွေသစ်များနဲ့ ဆုံစည်းပြီး မြန်မာပြည်ဒီမိုကရေစီရေး လမ်းခုလတ်မှာ ဘယ်ကိုသွားနေကြပြီလဲကို မေးမြန်းခဲ့တာပါ။

ဆရာဦးဝင်းတင်ကတော့ အခုလိုပဲ ရှင်းရှင်းပြောခဲ့ပါတယ်။

လမ်းခုလတ်ကို အရင်ဆုံး အဓိပ္ဗါယ်သတ်မှတ်ချက် လုပ်ရလိမ့်မယ် ထင်တယ်။ ၂၀၁၃ မှ မဟုတ်ဘူးပေါ့လေ၊ တလျောက်လုံးကို ပြန်ကြည့်ရင် … လမ်းခုလတ်ဆိုတာ ဒီအစိုးရပြောင်းလာတဲ့ဆီမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့ဆီမှာ တပ်မတော်က လုပ်ပေးတာ၊ သူတို့ဖော်ဆောင်ပေးတာလို့ ပြောတာမျိုး ရှိတယ်။ ဥပမာ လိုင်ဇာတိုင်းရင်းသားညီလာခံမှာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကနေ ပြောတဲ့ သဘောထားပေါ့။ အာဏာရှင်စနစ်ကနေ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်အောင် ကွပ်ညပ်ပြီးတော့ ပိတ်ဆို့ပြီးတော့ လုပ်တာ။ အာဏာရှင်စနစ်ရဲ့ လမ်းခုလတ်ဖြစ်တယ်လို့ မြင်တယ်။ ဒီမိုကရေစီသမားတွေရဲ့ လမ်းခုလတ်မဟုတ်ဘူး။ အာဏာရှင်သမားတွေရဲ့ လမ်းခုလတ်ပဲ။ အဲဒီလမ်းခုလတ်ကို ငါတို့ ဘယ်လိုရင်ဆိုင်မလဲ။ ငါတို့က အဲသည်လမ်းခုလတ်ကနေ ခွဲထွက်ရမယ်။ ဒီမိုကရေစီစနစ်ကို သွားဖို့ လမ်းခွဲဖြစ်ရလိမ့်မယ်။ အခုဟာက ညောင်ညိုပင်စခန်းမှာ သူတို့က ခဏလေး နားနေတာပဲ။ တိုင်းပြည်အတွက် အကြောင်းမထူးဘူး၊ နိုင်ငံရေးသမားတွေအတွက် အကြောင်းမထူးဘူး။ လူမှုရေးအတွက်လည်း အကြောင်းမထူးဘူး။ အပြောင်းအလဲတွေအတွက်လည်း အကြောင်းမထူးပါဘူး။ အာဏာရှင်စနစ်ရဲ့ ဖြစ်ပေါ်တိုးတက်မှုလမ်းပေါ်က လမ်းခုလတ်ကနေ လမ်းခွဲကြမှ ဖြစ်မယ်လို့ ထင်တယ်။

လမ်းခုလတ်လို့ ဆိုခဲ့ကြပြီးနောက် လွှတ်တော်တွင်းလော၊ လွှတ်တော်ပြင်လော … နိုင်ငံရေးလမ်းကြောင်းများကို ဆွေးနွေးခဲ့ကြပြီး … 
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်အောင်မြင်ပြီးသည့်နောက် …
 ၂၀၁၅ မှာ အထွေထွေရွေးကောက်ပွဲကြီးတခုလုံး သောင်ပြိုကမ်းပြို ဒီချုပ်တပါတီအများစုနဲ့ အနိုင်ရရှိခဲ့ကြပြီးနောက် … 
စာဖတ်သူကြီးတို့ စစ်အုပ်စုက မီးစိမ်းပြပြီးသည့်နောက် … 
အင်န်စီအေမှသည် ၂၁ ရာစုပင်လုံအဖြစ် အသွင်ပြောင်းလာပြီးနောက် …. 
ကျနော်တို့တွေ အတော်များများလည်း လွှတ်တော်တွင်းမှတဆင့် အစိုးရမှတဆင့် ဥပဒေပြုပြင်ပြောင်းလဲရေးမှတဆင့် ဆိုတဲ့ အဆင့်ဆင့်တွေမှတဆင့် ဒီမိုကရေစီဆိုတဲ့ဆီကို အားပြု ချီတက်လာကြရတယ်လို့ ဆိုချင်ပါတယ်။


သည်လိုနဲ့ ကျနော်တို့တွေ လာလိုက်ကြတာ … ၂၀၁၈ နှစ်ကုန်ခါနီးမှာ လမ်းခုလတ်နေတုန်းပဲလား၊ ဘယ်များ ရောက်နေပြီလဲလို့ ဆင်ခြင်စဉ်းစားသင့်တယ် ထင်မိလို့ ပြန်တွေးကြည့်ကြတဲ့အခါ … ဆရာဦးဝင်းတင်ပြောသလို …”အာဏာရှင်စနစ်ကနေ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်အောင် ကွပ်ညပ်ပြီးတော့ ပိတ်ဆို့ပြီးတော့ လုပ်တာ …” လို့ ပြောရလေမလားပဲ။ ဒေါ်အောင်ဆန်စုကြည်ကိုယ်တိုင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး ဖြစ်နေရဲ့နဲ့၊ ၂၁ ရာစုပင်လုံလမ်းကြောင်းကို တည်တည်တံ့တံ့ လျောက်နေရဲ့နဲ့ ကျနော်တို့ဆီမှာ အတားအဆီးတွေ အခက်အခဲတွေ ရင်ဆိုင်နေရတုန်း၊ အကြပ်အတည်း မျိူးစုံကို အံ့ကြိတ် ခါးစီးခံနေရတုန်းလို့ ပြောချင်တာပါ။

ပြည်ပက မြန်မာတိုင်းရင်းသားတွေ ခုချိန်ထိ အိမ်ကို ဖြောင့်ဖြောင့် မပြန်နိုင်သေးပါဘူး။ ကန့်သတ်မှုတွေ ရှိနေတုန်းပဲ။ (NCGUB ဝန်ကြီးချူပ်ဟောင်း ဦးစိန်ဝင်းနဲ့ မိုးမခအင်တာဗျူးထားကို ပြန်ကြည့်နိုင်ပါတယ်)။ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွေ ဘာတွေလုပ်လို့ ဘာတွေဖြစ်နေသလဲဆိုတာ လက်ရှိ သာဓကတခုပြရရင် ရန်ကုန်တိုင်းလွှတ်တော်၊ စာရင်းစစ်ချူပ်အစီရင်ခံစာနဲ့ ရန်ကုန်တိုင်းအစိုးရ ပွတ်တိုက်မှုကို ကြည့်ရင် တွေ့နိုင်ပါတယ်။ ကြားထဲက သတင်းရေးတဲ့ စာနယ်ဇင်းသမား ၃ ယောက်ကို တိုင်းအစိုးရက ဖမ်းပါတယ်။

ပြည်ထဲရေးဆိုတာကလည်း သူတို့ဖမ်းပေးချင်ရင် အချိန်မရွေး အစိုးရအလိုကျ၊ စစ်အုပ်စုအလိုကျ ဖမ်းနိုင်ဆီးနိုင်ပါတယ်။ တရားစီရင်ရေးဆိုတာကလည်း အမှုကို တိုချင်တို၊ ရှည်ချင် ရှည်လို့ ရနေသေးပါတယ်။ လက်ပံတန်းကျောင်းသားအရေးက ကျောင်းသားတွေအတွက် လိုက်ပေးတဲ့ ရှေ့နေအမျိုးသမီးကို အမှု အချိန်ဆွဲစစ်ပြီး အခုတလောကပဲ အပြင်းထန်ဆုံး ထောင်ချလိုက်ပါပြီ။ ရခိုင်အရေး လျို့ဝှက်ချက်ပေါက်ကြားလို့ဆိုပြီး အမှုဆင်ဖမ်းခံရတဲ့ သတင်းထောက် ကိုဝလုံးတို့၊ အဲဒါအမှုဆင်တာပါလို့ ဖြောင့်ချက်ပေးတဲ့ ရဲဝန်ထမ်းတို့ကိုလည်း ပြည်ထဲရေးနဲ့ တရားစီရင်ရေးက ထောင်ချအရေးယူလိုက်ပါပြီ။ လာဘ်စားလို့ဆိုပြီး အဖမ်းခံရတဲ့ FDA ညွှန်ချုပ်တို့ ရှေ့နေချုပ်တို့ တရားခံပြေးဖြစ်နေတဲ့ တရားရေးဝန်ထမ်းတို့ ရှိနေချိန်မှာ ဖြိုးကိုကိုတင့်ဆန်း၊ အောင်ရဲထွေးတို့ အမှုတွေ ဘယ်လို ဆင်ခြင်ယူရမလဲ။ ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတာ ဘယ်လိုလဲ။ ၈၈ နှစ်၃၀ မန္တလေးပွဲမှာ ပွဲခင်းထဲ ရဲက တက်ကြွလှုပ်ရှားသူတဦးကို ဝင်ဖမ်းလိုက်ပါသေးတယ်။

မီဒီယာသမားတွေကိုယ်တိုင်လည်း အစိုးရကို အကြည်ညိုပျက်အောင်၊ သိက္ခာကျဆင်းအောင်၊ မဟုတ်မမှန်ရေးသားလို့ဆိုတာတွေနဲ့ အဖမ်းခံရ တရားစွဲခံရနဲ့ အမှုပေါင်း ၂၁ မှု (၂နှစ်အတွင်း) သတင်းသမား ၃၅ဦး တရားရင်ဆိုင်နေရပါတယ်။ (အသံအဖွဲ့၏ အစီရင်ခံစာ)။ ဆက်သွယ်ရေးအမှုနဲ့ စွဲတာ ဖမ်းတာက ၁၁၃ မှု ရှိပါတယ်။ တိုင်းရင်းသားနိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေကိုလည်း ဖမ်းဆီးတရားစွဲထားတာတွေ ရှိပါတယ်။ (ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်တို့ အမှုကို ရှု)။

ကျနော်တို့ကိုယ်တိုင်လညး် အာဏာရအစိုးရကို ဝေဖန်ဖို့ ဆင်ခြင်ရ၊ စစ်အုပ်စုကိုလည်း လက်ညိုးထိုးဖို့ ဆင်ခြင်ရ၊ သူတို့လက်ခွဲတွေဖြစ်တဲ့ စွမ်းအားရှင်တို့ မျိုးချစ်တို့ မဘသတို့ ဘာတို့ကိုလည်းကြောက်ရ၊ တိုင်းရင်းသားနယ်မြေတွေမှာလည်း စစ်မီးကတောက်နေတော့ ဘယ်မီးတောက်ကဖြစ်ဖြစ် အဟပ်ခံနေရတော့ ဆင်ခြင်နေရ ဖြစ်နေပါတယ်။ သည်ကြားထဲ ခေတ်ပေါ် လူပြိန်းပရိသတ်ကြီးကလည်း နောက်ကနေ ဆွမ်းကြီးလောင်းတတ်ကြတော့ အတော်လေး သတိထားရပြန်ပါတယ်။ စစ်အစိုးရခေတ်တုန်းက အာဏာရှင်နဲ့ အလိုတော်ရိတွေကို ထုတ်ဖော် ရေးသား ဝေဖန်ပြောဆိုခဲ့စဉ်တုန်းက စာနယ်ဇင်းနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေချည်း ကွင်းပြင်မှာ ပြောင်ပြောင်ကြီး စုစည်းရပ်တည်ခဲ့ကြတာ စိတ်က ဒုံးဒုံးချနိုင်ခဲ့သော်လည်း လက်ရှိခံစားချက်ကြီးက တမျိုးဖြစ်လာပါတယ်။ ရင်ကြားစေ့ရေးတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့မှာ base line ဆိုတဲ့ အတိုင်းအတာသတ်မှတ်ချက်မပါလာတော့ ဖြူဖြူမည်းမည်း သွားဖြဲပြီး ချစ်ခင်ပြနေရတော့တာပါပဲ။

၂၀၁၈ စက်တင်ဘာလဆန်းခန့်က စာရေးဆရာ (ကို) မောင်မောင်စိုး ကို မေးကြည့်ဖူးပါတယ်။  အရင်တုနး်က ဦးသိန်းစိန်လက်ထက်တုနး်ကလည်း လွှတ်တော်လမ်းပဲလိုက်ကြလို့ အလံလွှင့်ခဲ့သူတွေနောက် လောဘီခဲ့ကြသူတွေနောက် ဒေါ်အောင်ဆန်းစုကြည်လည်း လိုက်လာရတာပဲ မဟုတ်လား။ သည်တော့ အဲသည်လူတွေလမ်းက မှန်သလို ဖြစ်မနေဘူးလားလို့။ ကိုမောင်မောင်စိုးက သူ့အမြင်ကို ပြောတာကတော့ 
– သူတို့လမ်းကမှန်တယ်ဆိုပြီး ဒေါ်စုက လိုက်ခဲ့တာ မဟုတ်ပါဘူး တဲ့။ ၂၀၁၂ ကော ၂၀၁၅မှာပါ ဒေါ်စု ရွေးကောက်ပွဲဝင်တော့ သူ့မှာ စွန့်စားမှုကြီး အကြီးကြီးနဲ့ တပါတီလုံး တပြည်သူလုံး အားနဲ့ လုပ်ခဲ့ရတာပါတဲ့။ ရှေ့ဘာဖြစ်မယ်မှန်း မသိနိုင်ကြပါဘူးတဲ့။ နောက်တော့မှ စစ်အုပ်စုက နောက်ဆုတ်လိုက်ပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်််််််််််းစုကြည်ရဲ့လမ်းသစ်ဟာ ပွင့်သွားတာ၊ နောက်ပိုင်းမှာ နိုင်ငံဟာ အဲသည် Daw Aung San Suu Kyi’s Effect ကို ရင်ဆိုင်တွေ့နေကြရတာ ဖြစ်ပါတယ် … တဲ့။

ပြောချင်တာက Daw Aung San Suu Kyi’s Effect က ဘယ်သူမှ မမျှော်လင့်ရဲခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ သက်ရောက်မှုကြီးမားကျယ်ပြန့်ပါတယ်။ အသက်အောင့်စောင့်ကြည့်နေရာကနေ သက်ပြင်းချ အကောင်းဘက်လှည့်ပြီဆိုပြီး အားတက်ခဲ့ကြပါတယ်။ အစိုးရဖွဲ့၊ လွှတ်တော်တက်၊ အတိုင်ပင်ခံဖြစ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ဥပဒေတွေ ပြင်ဆင်ပြဌာန်း၊ ကော်မတီတွေ ဖွဲ့ကြနဲ့ အကျိူးဆက်တွေက အကောင်းတွေ ဖြစ်ပေါ်လာသလိုပဲ side effect တွေလည်း ကျနော်တို့ ခံစားကြရတာ ဖြစ်ပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည်သက်ရောက်မှု” မှာ ကျနော်တို့ နေထိုင် ရှင်သန်နေကြရပြီ ဖြစ်လာတော့ အဲသည်လှိုင်းကြီးကို စီးကြသူတွေက လူစုံကိုးဗျာ။ လူကောင်းတွေကော လူဆိုးတွေပါ အဲသည် သက်ရောက်မှု လှိုင်းပေါ် အကုန် တက်စီးကုန်ကြတာကိုး။ အဲသည်ရဲ့ လှိ်ုင်းရဲ့ ထိပ်ဆုံးမှာ စစ်အုပ်စုတွေ ခရိုနီတွေ သာယာစီးလိုက်ကြသူတွေလည်း အများအပြားပါတယ် ထင်ပါရဲ့။ အဲသည်ရဲ့ side effect အဖြစ် ရင်ကြားစေ့ရေးတွေ ပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်တွေအောက်မှာ ဟိုလည်း မပြောရဲ သည်လို မဆိုရဲနဲ့ စာနယ်ဇင်းတွေဟာ အကန့်အသတ်တွေကြားထဲ နစ်သည်ထက် နစ်လာတယ်လို့ ပြောချင်တော့တာပါပဲ။

အဲသည်မှာ side effect တွေထဲ … ပြည်တွင်းစစ်မီးတွေ ဆက်နေတာ၊ ရခိုင်အရေး နိုင်ငံတကာနဲ့ တင်းမာမှုတွေဖြစ်နေတာ၊ အလုပ်သမား လယ်သမားအရေးတွေ၊ စီးပွားရေး လူမှုရေး အကျင့်ပျက်ခြစားမှုတွေက လျော့သွားတယ်လို့ မရှိပါဘူး။ အတော်မသတ်နိုင်သေးတဲ့ မူးယစ်ဆေးဝါးဘေးတွေ … မူးယစ်လုပ်ငန်းတွေ။

side effect တွေနဲ့ ပြားကုန်တော့ … ဝိုင်ဘီအက်စ်ကို လက်ခုတ်တီးရင်း အပြစ်တွေ မြင်လာရတယ်။ ထင်သလို မဖြစ်တာတွေ တွေ့လာကြရတယ်။ အရင်လူတွေကပဲ ရန်ကုန်မြို့ကြီး ဘက်စုံဖွံ့ဖြိုးရေး ကြိုးကိုင်နေသလို ပြောချင်သော်လည်း မပြောရဲကြပြန်တော့ပါ။ 

 ရှေ့နေကြီးဦးကိုနီ အလုပ်ကြံခံရပြီး တရားခံတွေကို ပြည်သူတွေက ဖမ်းပေးနိုင်သော်လည်း ပြည်ထဲရေးက တရားခံပြေးကို နေပြည်တော်မှာတင် မျက်ခြေပြတ် လက်လွှတ်လိုက်ရပြန်ပါတယ်။ 

သည်လိုနဲ့ …ဘင်္ဂ ါလီအစွန်းရောက်အကြမ်းဖက်တွေက တိုက်လို့ ရခိုင်ပြည်နယ် မငြိမ်မသက်ဖြစ်တဲ့ဆီမှာ စစ်တပ်က ဒေါသတကြီး ဘယ်လိုတုန့်ပြန်ခဲ့သလဲ မေးဖို့အရေး … အပြစ်မဲ့ ပြည်သူတွေ ဘယ်ကလက်နက်ကိုင်တွေ၏ လက်ချက်နဲ့ သတ်ဖြတ် လက်စတုံးခံကြရသလဲ။ ပြည်တွင်းသတင်းသမားတွေ သတင်းထုတ်ဖော်ခွင့် ဘာလို့ အကန့်သတ်ခံကြရတာလဲ။ ဒေါ်အောင်ဆန်းစုကြည်က ဘာလို့ မပွင့်လင်းရတာလဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပတ်သက်မှု ဘယ်လောက်ရှိသလဲ။ ဘာတွေက နောက်ကွယ်က ကြိုးကိုင်နေသလဲဆိုတာ ပြည်တွင်းအရေး ပြည်တွင်းစာနယ်ဇင်းတွေ လွတ်လပ်စွာ ထုတ်ဖော်ခွင့်မရဘဲ fake news တွေ hate news တွေ international news တွေဆီမှာ မြန်မာပြည်သူတွေ နိုင်ငံရေးလှိ်ုင်းကြီးလေထန်တာကို လူးလှိမ့်ခံကြရပါတယ်။ သည်တော့ ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေး ဘယ်သောင်ဘယ်ကမ်း ဆိုက်သွားလေသည် မသိလေတော့။

ချုပ်ပြောရရင် အာဏာရှင်တွေ စစ်အုပ်စုတွေဟာ ဦးဝင်းတင်ပြောသလို လမ်းခုလတ် ညောင်ညိုပင်စခန်းမှာ ခေတ္တ အနားယူပြီးတော့ (ပြန်လည်အားယူပြင်ဆင်ပြီးတော့) ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်မှုနောက်ဆက်တွဲ ဒေါ်အောင်ဆန်းစုကြည် effect အကျိူးဆက်လှိုင်းပေါ်မှာ အသာစီးရအောင် စီးနင်းသွားနိုင်ခဲ့ကြတယ်လို့ ဆိုချင်တယ်။

ဆရာဦးဝင်းတင်ပြောတာနဲ့ ပြန်ကောက်နှုတ်ပြရရင် … “ငါတို့က အဲသည်လမ်းခုလတ်ကနေ ခွဲထွက်ရမယ်။ ဒီမိုကရေစီစနစ်ကို သွားဖို့ လမ်းခွဲဖြစ်ရလိမ့်မယ်။ အခုဟာက ညောင်ညိုပင်စခန်းမှာ သူတို့က ခဏလေး နားနေတာပဲ။ တိုင်းပြည်အတွက် အကြောင်းမထူးဘူး၊ နိုင်ငံရေးသမားတွေအတွက် အကြောင်းမထူးဘူး။ လူမှုရေးအတွက်လည်း အကြောင်းမထူးဘူး။ အပြောင်းအလဲတွေအတွက်လည်း အကြောင်းမထူးပါဘူး။ အာဏာရှင်စနစ်ရဲ့ ဖြစ်ပေါ်တိုးတက်မှုလမ်းပေါ်က လမ်းခုလတ်ကနေ လမ်းခွဲကြမှ ဖြစ်မယ်လို့ ထင်တယ်။” တဲ့။

ကဲ … “၂၀၁၈ လမ်းခွဲ” ဘယ်လိုမျိူး ကျနော်တို့ လမ်းခွဲကြမှာလဲ။

စာရေးဆရာက ရင်ခုန်အောင် ဒီနေရာမှာ ဆက်လက်ဖော်ပြပါမည်ဆိုပြီး တပိုင်းကို ပုဒ်မချလို့ ရနေပါပြီ။ နောက်တပိုင်း စောင့်မျှော် ဖတ်ရှုပါဆိုရင် ဟုတ်နေလောက်ပြီ။ သို့သော်လည်း ကျနော်ကတော့ ရှည်လက်စနဲ့ ပြီးအောင် အပိုင်းမခွဲဘဲ တဆက်တည်း ဆက်ရေးလိုက်ပါဦးမယ်။

စစ်အုပ်စုတွေ၊ စစ်အလိုတော်ရိတွေ၊ ခရိုနီတွေ၊ ဖြတ်လမ်းနည်းလိုက် သာယာစီး ကူးပြီး ကိုယ်ကျိုးစီးပွားသမားတွေနဲ့ လမ်းခွဲရမှာပေါ့လို့ တိုတို ပြောရပါမယ်။ ရှည်ရှည်ပြောရရင်တော့ … အကြောင်းကြောင်းသော အကြောင်းကြောင်းကို အကြောင်းပြုပြီး နောက်ဆုတ်မှေးမှိန်နေရတဲ့ ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်နိုင်ရေးကို ဆထက်တံပိုး တိုးကြိုးစားကြမှာ ဖြစ်ပါတယ်။

ပြည်သူ့ပါတီထူထောင်သူတဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ (ဦး) ကိုကိုကြီးက ၂၀၁၈ စက်တင်ဘာလဆန်းပိုင်းတွေ့ဆုံစဉ် အဲသည်အကြောင်းအရာကို ထောက်ပြခဲ့ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ လက်တဆုပ်စာ လူအင်အားနဲ့ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီဟာ ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်နိုင်ရေးကို အင်တိုက်အားတိုက် လွှတ်တော်တွင်း လွှတ်တော်ပြင်ပ အားထုတ်ခဲ့ကြတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်ရော အစိုးရကိုပါ တအုံလုံး အနိုင်ရပြီးတော့ အစောပိုင်းကာလတွေအတွင်းမှာလည်း အခြေခံဥပဒေပြင်ဆင်နိုင်ရေး ဖြည့်စွက်နိုင်ရေး ဥပဒေ၊ ဆုံးဖြတ်ချက်စတဲ့ လမ်းစတွေကို လွှတ်တော်တွင်းမှာ ဖော်ဆောင် အစပျိူးနိုင်ခဲ့ပြီး ဖြစ်ပါတယ်တဲ့။ လွှတ်တော်ပြင်ပလှုပ်ရှားမှုအဖြစ် စတင်ခဲ့ကြရာကနေ အခုအချိန်မှာ ဆက်ပြီးတော့ လွှတ်တော်တွင်းလှုပ်ရှားမှု ပီပီပြင်ပြင် အကောင်ထည်ဖော်ရေးကို ဆက်လက်လုပ်နိ်ုင်တုန်း အားရှိတုန်း လုပ်ကြဖို့ လိုပါတယ် လို့ သူက သူ့အမြင်ကို ပြောပြသွားပါတယ်။ သည်တော့ ၂၀ဝ၈ မပြင်ချင်တဲ့သူတွေနဲ့ ပြင်ချင်တဲ့သူတွေလည်း လမ်းခွဲကြရမှာပေါ့ ခင်ဗျာ။

လမ်းခွဲကြတယ် ဆိုရာမယ် … အစိုးရခေါင်းဆောင်တွေကလည်း ပညာတွေ မျိူးစုံပြ၊ ဗြူရိုကရေစီလုပ်ထုံးလုပ်နည်းတွေနဲ့ အကာအကွယ်ယူ၊ အလုပ်မဖြစ်အောင် အချိန်ဆွဲ ကိုယ်ကျိုးရှာလုပ်နေကြတဲ့ အစိုးရဝန်ထမ်းဂေါင်းတွေနဲ့ လမ်းခွဲဖို့ လုပ်ကြရပါမယ်။

လွှတ်တော်ပြည်သူ့ကိုယ်စားလှယ်တွေကလည်း စည်ပင်က ပညာပြ၊ ထွေအုပ်တွေက လူလည်ကျ၊ အရင်စစ်အုပ်စုချန်ထားရစ်တဲ့ လွှတ်တော် ခွေးသွားစိပ်တွေ၊ စစ်တပ်ကလွှတ်ထားတဲ့ တပ်ကိုယ်စားလှယ်တွေရဲ့ ခေါင်းမာကန့်ကွက်မှုတွေကို တော်လှန် ဖယ်ရှား လမ်းခွဲစကား ပြောကြရပါလိမ့်မယ်။

ကိုယ့်ဖက်က အရွေးကောက်ခံတွေနဲ့ ဖွဲ့စည်းခွင့်မရတဲ့ ပြည်ထဲရေးတွေ တရားစီရင်ရေးတွေ နယ်စပ်လုံခြုံရေးတွေ ကာကွယ်ရေးဆိုတာတွေကိုလည်း တဖက်သပ် အလျော့ပေး သီးခံ ရင်ကြားစေ့ သင့်မြတ်အောင် ငုံ့ခံနေရတဲ့ နည်းလမ်းတွေကနေ လမ်းခွဲသင့် လမ်းခွဲရမယ်လို့ အကြံပေးချင်မိတော့တာပါပဲ။

ပြည်သူလူထုကြီးကိုယ်တိုင်ကလည်း ငါတို့တင်ထားတဲ့ အစိုးရနဲ့ လွှတ်တော်ကို တဘက်လှည့် အနိုင်ကျင့် မတရားလုပ် ကြိုးကိုင်ဖို့ ကြိုးစားနေတဲ့ နောက်ကွယ်လက်မည်းတွေကိုကော ဗြောင် လက်နက်အားကိုး အာဏာအားကိုး လူမိုက်အားကိုး အင်အားစုတွေကို ပစ်မှတ်ထားပြီး လမ်းခွဲစကား ပြောကြစေချင်ပါတယ်။ ဥပမာအားဖြင့် တဖက်က ဒီမိုကရေစီကို အားကိုးပါတယ်။ တန်ဖိုးထားပါတယ်ဆိုပြီး ခုချိန်ထိ လာဘ်ပေးလာဘ်ယူ လုပ်နေတာ၊ လက်ဝါးချင်းရိုက် နားလည်မှုတွေနဲ့ ဆက် အသက်မွေးဝမ်းကြောင်းပြုနေကြတာကနေ အနာခံပြီး ရုန်းထွက်ကြည့်ကြဖို့ လိုမယ် ထင်တာပါပဲ။

သတိရကြသေးမယ်ထင်ပါတယ်။ ဦးသိန်းစိန်အစိုးရ ထွက်တော်မှု နန်းကခွာရတော့ ယခင်အစိုးရခေါင်းဆောင်တွေ ယခင်လွှတ်တော်ခေါင်းဆောင်တွေက အစိုးရ လွှတ်တော်က ဝန်ထမ်းတွေ ခွေးသွားစိတ်တွေကို “ငါတို့ ပြန်လာခဲ့မယ်” လို့ မှာခဲ့တယ်၊ ကြုံးဝါးခဲ့ကြတယ်လို့ ကြားဖူးကြမယ် ထင်ပါတယ်။ ခုချိန်ထိလည်း ဒီမိုကရေစီဆိုတာ အရေမလည်သေးခင် စမ်းတဝါးဝါး ကွပ်ညပ် ကန့်သတ်ခံနေရချိန်၊ အထူးသဖြင့် စာနယ်ဇင်းကိုယ်တိုင်လည်း ရေရေလည်ရေ ပညာပေးခံနေရချိန်မှာ သူတို့ ပြန်မလာနိုင်အောင် ကိုယ့်လူတွေက အနှုတ်လက္ခဏာပြနေတဲ့ မည်သူမဆိုနဲ့ လမ်းခွဲစကား ပြောကြရဖို့ လိုမယ် ထင်ပါတယ်။

စာနယ်ဇင်းတွေဆိုလို့ … အမေရိကန်နိုင်ငံရေးနဲ့ ရွေးကောက်ပွဲမှာ စာနယ်ဇင်းအများစုဟာ ဒီမိုကရေစီစနစ်ဘက်ကနေ အစွန်းကုန် ခေါင်းမာမာနဲ့ ရွပ်ရွပ်ချွံချွှံ ခုခံကာကွယ်ခဲ့ပါတယ်။ 

အာဏာရှင်ဆန်တဲ့ ဒေါ်နယ်ထရန့်၊ လူကြမ်းကြီးကိုမှ အသည်းစွဲတဲ့ လူပြိန်းအများစု မဲပရိသတ်ကြီး၊ ဖြူဖြူမဲမဲ ပါတီ အာဏာတည်မြဲရေးကိုပဲ ဦးစားပေးတဲ့ ရှေးရိုးစွဲ ရီပတ်ဘလစ်ကန်ပါတီကြီး မျက်မှောက်မှာ အမေရိကန်စာနယ်ဇင်းဟာ fake news တွေ hate news တွေ လို့ အစွန်းရောက်သမ္မတ၊ အစွန်းရောက် လွှတ်တော်၊ အစွန်းရောက်ပါတီ၊ အစွန်းရောက် မဲဆန္ဒရှင်တို့၏ တန်ပြန်စွပ်စွဲ အပုပ်ချ ဖိနှိပ်ခြင်း ခံနေရဆဲပါပဲ။ 

သည်လို အာဏာပိုင်တွေကတဖက် စာနယ်ဇင်းကတဖက် ရင်ဆိုင်နေရတဲ့အရေးမှာ စာနယ်ဇင်းတွေ သတင်းသမားတွေဟာ ဘယ်သူ့မျက်နှာမှ မလိုက်ဘဲ ဘယ်တော့မှ အညံ့မခံဘဲ (ကြေးမုံ ကလွဲလို့ .. အဲလေ fox news က လွဲလို့) ဒီမိုကရေစီ၊ သတင်းစာလွတ်လပ်ခွင့်၊ အမှန်တရားဘက်က လိုက်ပြီး ခေါင်းမာမာနဲ့ ခုချိန်ထိ ရပ်တည် ရေးသား ဖော်ထုတ်နေကြဆဲပါပဲ။ သူတို့ကို သမိုင်းက အဖြေပေးမယ်ဆိုတဲ့ ခိုင်မာတဲ့ သန္နိဌာန်နဲ့ ဖြစ်ပါတယ်။ 

အမေရိကန်က နိုင်ငံရေးစာအုပ်တွေကို ပြန်ကြည့်ရင် ဒေါ်နယ်ထရန့်၏ဒီမိုကရေစီသညိ် အမေရိကန်တို့၏ဒီမိုကရေစီမဟုတ်ကြောင်း စာရေးဆရာကြီးတွေ အမုန်းခံ အပြစ်တင်ခံ အပြောဆိုခံ အတွန်းအတိုက်ခံပြီး ပြောဆိုရေးသား ထုတ်ဝေနေကြဆဲ ဖြစ်ပါတယ်။ (သာဓက – မိုးမခအပတ်စဉ်အခန်းဆက်၊ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် – ဒီမိုကရေစီစန်များ ကျဆုံးခြင်း ဆောင်းပါးများကို ရှုပါ)။

ဒီမိုကရေစီဘက်တော်သားလို့ ကိုယ့်ကိုယ်ကို အထင်ရောက်နေတဲ့ သူတော်ကောင်းကြီးများခင်ဗျား … ၂၀၁၈ ဟာ လမ်းခွဲဖြစ်ပါတယ်။ အကျင့်ဆိုး လူဆိုး မူဝါဒဆိုးများကနေ လမ်းခွဲကြဖို့ပါ။ စစ်အာဏာရှင်နဲ့ အပေင်းအပါတွေနဲ့ ဘယ် နောက်တကြိမ် နောက်တခါ ဘယ်တော့မှ၊ ဘယ်အစိုးရ ဘယ်လွှတ်တော် ဘယ် စီးပွားရေး လူမှုရေး နိုင်ငံရေး အဆောက်အအုံထဲကိုမှ ခြေချခွင့်မရနိုင်အောင် လမ်းခွဲကြဖိ်ု့ပါပဲ။ ၂၀ဝ၈ အခြေခံဥပဒေကို ပြင်မယ်ဆို ပြင်ကို ပြင်လိုက်ကြဖို့ပါပဲ။ အသစ်ရေးကြမယ်ဆိုရင်လည်း ရေးလို့ ရနိုင်တုန်း အချိန်မဆွဲခဲ့ကြဖို့၊ သမိုင်းတရားခံ အဖြစ်မခံကြဖို့ပါပဲ။ 

ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်မယ် တကဲကဲဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်ကြီးများခင်ဗျာ … ၂၀၁၈ လမ်းခွဲမှာ အာဏာရှင်နဲ့ လမ်းခွဲပါ။ စစ်အုပ်စု စစ်စရိုက် စစ်အမိုက်များနဲ့ လမ်းခွဲပါ။ လက်နက်မဲ့ ပြည်သူ၊ လက်နက်မဲ့အစိုးရ လက်နက်မဲ့ လွှတ်တော်နဲ့ အတူ လက်တွဲပြီး ပင်လုံစာချုပ်ဖြစ်ဖြစ် ပုပ္ပားစာချုပ် ဆိုဆို … လှိုင်သာယာမှာပဲ ဖြစ်နေ ဖြစ်နေ ငြိမ်းချမ်းရေးကို အတူတူသွားကြဖို့ ကတိကဝတ်ပြုဖို့သာ လိုတော့တာပါ။

ဒီဆောင်းပါးကို နိဂုံးချုပ်ခါနီး ပိုမိုပြည့်စုံစေချင်လို့ ပြည်တွင်းကမိတ်ဆွေတွေကို ပေးပို့ပြီး သဘောထားလည်း တောင်းရပါသေးတယ်။ လက်တွေ့မြေပြင်ပေါ်မှာ ရုန်းကန်နေရတဲ့ စာနယ်ဇင်းသမားတွေက ကျနော်တို့အပြင်ကလူတွေထက် ပိုသိတယ် ပိုခံစားရတယ် မဟုတ်ပါလား။ မြန်မာဂျာနယ်လစ်ကွန်ယက်က ကိုမြင့်ကျော်ကတော့ အခုလို ဖြည့်စွက်ပေးပါတယ်။

“ကျနော်တို့ပြောချင်တာက လူတွေချင်း လမ်းခွဲတာမျိူး အပေါ်ယံလေး တွေးတာမျိူး မဖြစ်စေချင်ပါဘူး။ ဒီမိုကရေစီ စံနှုန်းတွေတန်ဖိုးထားသူတွေနဲ့ ဒီမိုကရေစီကို modify လုပ်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသူတွေနဲ့ လမ်းခွဲ ဆိုတာဖြစ်ပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ စည်းကမ်းရှိသော စာနယ်ဇင်းလွပ်လပ်ခွင့် ဆိုသူတွေ လမ်းခွဲ။ မူဝါဒ တွေ လမ်းခွဲတာ၊တိုင်းပြည်ရဲ့ ရေရှည်အကျိုး ဥိးစားပေးတာနဲ့ အဖွဲ့အစည်းအကျိုး ၊ လူပုဂ္ဂိုလ်အကျိုး ရေတိုအကျိုးဦးစားပေးခြင်းတို့ရဲ့ မူဝါဒ လမ်းခွဲဆိုတာကို လေးလေးနက်နက် ဆုံးဖြတ်ကြစေချင်ပါတယ်” တဲ့ …။

ဆရာဦးဝင်းတင်က ပြတ်ပြတ်သားသား ပြောပြီးပါပြီ။ ပြန်လည် ကောက်နုတ်ပြီးတော့ သည်စာကို နိဂုံးချုပ်လိုက်ပါတယ်။

“အာဏာရှင်စနစ်ရဲ့ ဖြစ်ပေါ်တိုးတက်မှုလမ်းပေါ်က လမ်းခုလတ်ကနေ လမ်းခွဲကြမှ ဖြစ်မယ်လို့ ထင်တယ်။”

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar