ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အနာ့ပဆုတ် ပြည်လုံးပုပ်တွေ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အနာ့ပဆုတ် ပြည်လုံးပုပ်တွေ
မိုးမခ ၊ နိုဝင်ဘာ ၈ ၊ ၂၀၂၅
တကယ်တော့ မအလနဲ့စစ်အုပ်စုက ပြည်သူ့ကာကွယ်ရေး ဆိုတဲ့ လုပ်ငန်းစဉ်နဲ့ အသက်ဝင်မှု အသက်ရှင်မှုက မရှိတော့ဘူး။
သူတို့ကို ဘယ်သူကမှ တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်တဲ့သူလို့ မသိမှတ်တော့ဘူး။ နိုင်ငံအတွက်တာဝန်ခံသူ အခန်းကဏ္ဍရော တာဝန်ပေးမယ့် ပြည်သူ့ရင်ထဲရော မရှိတော့တာ။ နိုင်ငံရေးတာဝန်ဆိုတာတော့ ဝေးရော။ ရပ်ကွက်ကင်းကိစ္စတောင် သူတို့ကို မပါစေချင်ဘူး။ မိုးပျံလမ်းလိုဟာမျိုးဆိုရင်တော့ သန်လက်ကိုင်အဆင့်ထားလို့ မဆလာမွှေအဆင့်တောင် မရတော့ဘူးမှတ်။ ဘိလပ်မြေခိုး သံခိုး အမြန်ကျိုးကျအောင်လုပ်မယ့် ကောင်းစားမျိုးချည်း မဟုတ်လား။
ခု သူတို့ လုပ်နေတဲ့ ရွေးကောက်ပွဲက ဘာတရားဝင်မှုမှ မရှိဘူးလေ။ လူထု ရင်ထဲကလည်း ဘာအသိအမှတ်ပြုမှုမှ မရှိဘူး။ သူတို့ကိုယ်တိုင်ကလည်း ဘယ်လောက်ကိုယ့်ကိုယ်ကိုယ်အားကိုးယုံကြည်စိတ်မဲ့လဲဆို ပွဲစီစဉ်သူ မအေးအေးဝင်းကလည်း ကိုယ့်ဆန္ဒ ကိုယ့်သဘောဟာကို မဲမထည့်ရင် ဘယ်နဲ့ ပွတ်မယ်၊ ဒီနဲ့ ပွတ်မယ်နဲ့ ပြိုင်မယ့်ကောင်တွေကလဲ ညိုစော သာကြည့်၊ တယောက်တည်းပြေးတာကို ပန်းမဝင်မှာကြောက်ပြီး သူ့ကုမ္ပဏီ၊ သူ့သားသမီးတွေ၊ သမက်တွေ၊ ချွေးမတွေရဲ့ကုမ္ပဏီက ဝန်ထမ်းတွေ အကုန်လုံးကို တကျွန်းအကျခံပြီး အဲလေ ကိုကိုးကျွန်းပို့ပြီး မဲပေးဖို့ပြောင်းရွှေ့ခိုင်းသတဲ့။ မဲသာ လာပေးစေချင်တာ ကိုယ့်မဲ လာပေးမယ့်လူကို မယုံရဲ၊ အင်း မယုံရဲဆို ဘယ်သူ့အပေါ်မှာလဲ ကောင်းခဲ့ တကွက်မှမရှိ ရက်စက်မှုသာ အပြည့်ရှိတာဆိုတော့ စပ်တပ်ရှိတဲ့အပြင် ကိုယ်ပိုင်လုံခြုံရေးတပ်ကလည်း ထပ်ဖွဲ့ ခြိမ်းခြောက်ထားပြန်သေးတာ။ တကယ့်တိရစ္ဆာန်၊ ခွေးအဆင့်တောင်မရှိတဲ့ ဖွတ်၊ ဖွတ်မှ ဖွတ်ကြား၊ အကြောင်အကြားဖွတ်။ ခွေးက သခင့်ကို ယုံရဲတယ်။ သူတို့က ခွေးအဆင့်မရောက်၊ ဖွတ်အဆင့်နဲ့လာဘ်ပိတ် စုတ်ပျောက်ကောင်တွေ။
အင်း တရုတ်အားကိုးနဲ့ စစ်ရေးမှာ ပစ်ပြေးက အနည်းအကျဉ်း လွတ်လာတာရယ်၊ မဖြစ်ညစ်ကျယ်ရွေးကောက်ပွဲလေး လုပ်နိုင်ခြေရှိလာတာရယ်ကလည်း တကယ်က လေထိုးရုပ်သက်သက်ဘဲ။ လေလျှော့လိုက်တာနဲ့ မြေပြင်မှာပြား ဖဝါးအောက်ကပ် နောက်ချီးဖတ်အဆင့်။ ပန်းပုရုပ် မဟုတ်ဘူး၊ ရွှံ့မံထားတဲ့ အရုပ်လောက်ကို မတောင့်တင်းဘူး။ လေဖြည့်ပေးထားတုန်း၊ အပ်နဲ့ မဖောက်တုန်းလေး ခဏတဖြုတ် လက်လှုပ် ခြေလှုပ် လုပ်နိုင်တာ။ လူထုထောက်ခံမှု အနှစ်အသား မရှိတော့ ကြာကြာမခံဘူးပေါ့။ စစ်တပ် ဝင်မယ့်သူ မရှိတော့ စစ်မှုထမ်းဖို့ လူပြန်ပေးဆွဲ၊ စစ်တပ် မှန်သမျှခံစစ်ပြင် ကတုတ်ကျင်းတူး၊ လေးဖက်လေးတန်မက အပေါ်ရောအောက်ရော စစ်မီးဝိုင်း တွေ့ရာသင်္ချိုင်း ချိန်မဆိုင်းဖြစ်နေသူတွေမို့ ခွေးဝဲစားပုန်းကြောင် ကျီးလန့်စာစား မသွားရဲမလာရဲ လော်အမှု အပျော်တုတွေနဲ့ အများနဲ့ကိုယ့်ကိုယ်ကိုညာ အသက်မပါတဲ့ ရှင်သန်မှုနဲ့ နေနေရတာ ကြာပလေ။ မှော်ဆရာ အသက်သွင်းထားတဲ့ ဖုတ်ကောင်တွေလို။
“တနိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ ဆွဲရပါလိမ့်မယ်။ တနိုင်ငံလုံး လျှပ်စစ်ရထားနဲ့ ပြေးပါမယ်။ မြို့ပေါ်မှာ သုံးတဲ့ကားတွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါလိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန်တခုပြီးရင် အဲဒါကို ကြေညာပါ့မယ်” လို့ စစ်အုပ်စုခေါင်းဆောင် ဆိုတဲ့ကောင်က ဖယောင်းတိုင် ထွန်းထားတဲ့အစည်းအဝေးမှာ ပေါတောသွပ်ချောင် ကြောင်တောင်ကြက်တက် ဗြဲဟက်ဟက်တွေပြောပြီး ရန်ကုန်မှာ မိုးပျံအမြန်လမ်းစီမံကိန်းကော်မတီဖွဲ့ ကြပ်ပြေးသူကြီးက သူ့ကိုယ်သူ ဒူဘိုင်းစော်ဘွားထင်နေတဲ့ ခဲလွတ်ဖွတ်။
MNDAA က ရထားတဲ့ ငြိမ်းချမ်းရေးက စိတ်မအေးစရာလို့ ပြောတယ်။ TNLA က အပစ်ရပ်လိုက်တာဟာ အနားယူဖို့ အားယူဖို့၊ တရားထူလို့ အချိန်ကိုက်ပြန်လာမယ်။
"အပစ်ရပ်ခြင်း ဆုံးဖြတ်ချက် ပြင်းထန် မြန်ဆန်လို့ ပေါက်ကွဲ ခံစားမှုတွေအတွက် နားလည်ပါတယ် ငါ့မျိုးချစ်ရဲဘော်တွေနဲ့ နွေဦးရဲဘော်တို့ရေ…။ ၁၉၉၀ ကာလ အပစ်ရပ် ကစားကြတာ မိတ်ဖက်တွေ ကိုယ့်နယ်ထဲကနေ သတ်မှတ်ရက်အတွင်း ထွက်ခဲ့ရတဲ့ ကစားကွင်းမျိုး…။ စီးပွားနွံနစ် ဆွေမျိုး အဆီရစ်တဲ့ ကာလမျိုး ဒီနေ့… ငါတို့ခေတ်မှာ မရှိတော့ဘူးလေ… လေယာဉ်ဗုံးကြဲဒါဏ် ငါတို့တွေ အတူခံနေကြရတာပဲ။ ဒရုမ်းမိုးရွာဒဏ် ငါတို့ အတူခံကြရတာပဲ။ ဘာမဆို လုပ်ရဲတယ်ဆိုသူရဲ့ ငံကျိကျိ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကို ငါတို့က ဘာအဓိပ္ပာယ် ဖွင့်စရာလိုမှာလဲ။ ဒီ… ကစားပွဲမှာ နားချိန်တန်လို့ နားတာ၊ ဖိအား များလို့ နားတာ၊ အားပြန်စုဖို့ နားတာ … စမတ်ကျတဲ့ ခေတ်ကြီးမှာ ငါတို့ တော်လှန်ကြတာ အားလုံးဟာ အမြင့်ကိုပျံတက် ငါတို့ လိုချင်တာ လက်ရခူးဆွတ်ဖို့ပဲလေ……" လို့ ဗိုလ်ချုပ်တာဘုန်းကျော်က ပြောတယ်။
ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာန ဆလိုင်း Nai John Kim ကလည်း "အချင်းချင်းကြား ပြဿနာမဖြစ်အောင်၊ နားလည်မှုမလွဲအောင်၊ ယုံကြည်မှု တည်ဆောက်ရမယ်၊ ကျနော်တို့ အနေနဲ့တော့ ချင်း အချင်းချင်းပြဿနာထက် စကမ ကိုပဲ ပိုပြီး ဦးစားပေး တိုက်ထုတ်သွားမယ်" လို့ ပြောတယ်။
"ချင်း အချင်းချင်း ပြဿနာဖြစ်လို့ ချင်းလူမျိုးတွေ သေတယ်၊ စစ်ဘေးရှောင်တယ်၊ အမျိုးမျိုး ဒုက္ခရောက်စေတယ်။ အဲဒီတော့ ချင်းပြည် ငြိမ်းချမ်းအောင်၊ လွတ်မြောက်အောင် အတူတကွကြိုးစား၊ ပူးပေါင်းဆောင်ရွက်နိုင်ရင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင် ရောက်နိုင်မှာ၊ ချင်းတွေရဲ့ ရဲစွမ်းသတ္တိက အချင်းချင်းကြားမှာ ဖော်ပြဖို့မဟုတ်ဘူး၊ ဘုံရန်သူက စကမ ပါ”
"ချင်းပြည်နဲ့ ပြင်ပနေရာများမှာလည်း ပူးပေါင်း တိုက်ယူနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ အရင်က သိမ်းပြီးသား နယ်မြေတွေ စခန်းတွေကိုလည်း လက်မလွတ်အောင် စစ်ရေးပြင်ဆင်ထားတာတွေ ရှိပါတယ်" တဲ့။
အားလုံးက ဘုံရန်သူ ခွေးရူးကို ဝိုင်းရိုက်သတ်မှ ဖြစ်မယ် ဆိုတာ သိပြီးသား။ ခွေးရူးဆိုတာ အသက်ရှင်နေသေးသ၍ လူတွေကိုဒုက္ခပေး ခွေးရူးပြန်ပိုး ဖြန့်ပေးတာပဲ ရှိတာမဟုတ်လား။ ရပ်ရွာထဲတောင် အဝင်ခံလို့မရတဲ့ ဂြိုဟ်ဆိုးသက်သက်လေ။
အဲဒီလို ရွှေဖား မဟုတ်တဲ့ အနေအထား အာဆီယံကလည်း မသာအညှီနံ သဘာမသီရန်စာထုတ်ထားတုန်း တရုတ်မှာ ကိုယ့်ဖာထီအမတ်ကြီး နယ်စားပယ်စားကြီး သီရိသုဓမ္မ ပယ်ဆောက်ချိန်တို့တစုတောင် အပါယ်ရောက်ချိန် တန်သွားတော့ မအလနဲ့ ကျားဖြန့်ဗိုလ်ချုပ်ကြီးတွေ ဖင်ကြောရှုံ့ခွက် သွေးပျက်နေသတဲ့။ ဟိုက စစ်တပ် ခွင့်ပြုချက်နဲ့လုပ်ရတာလို့ တရုတ်ဆီ အကုန်ဖွင့်ချသွားတော့ မအလနဲ့ ဗိုလ်ယုတ်ကြီးတွေလဲ ဘယ်လွတ်တော့မလဲ။ အဲဒါနဲ့ KK Parkကို ဗုံးခွဲခွဲပြပြီး လမ်းကြောင်းလွှဲဖို့ ကျန်နေရှာတာ။ စောချစ်သူကလည်း တဂူတည်းအောင်း တခေါင်းတည်းပုန်း တလုံးတည်း အတူမျို၊ အင်း ခုလို သာသနာ့ဒါယကာတွေ သေဒဏ်ပြစ်မှုနဲ့ တကမ္ဘာလုံးက တုံးထုပေးနေပြီဆိုတော့ စောချစ်သူပါ ဖင်ထဲ မျှော့ဝင် သံဘရပ်တပြင်ပြင် ဖြစ်နေရှာပြီကော။
မြောက်ပိုင်း ပယ်တွေပြီးတော့ တောင်ပိုင်းစောတွေ၊ ပြီးတော့မှ အလယ်ပိုင်း ဗိုလ်ချုပ်တွေအလှည့်၊ နွဲ့ပြရင်လဲ မသတီစရာ လူ့အဖွဲ့အစည်းရဲ့ အနာဆွေး အနာပုပ် အနာ့ပဆုတ် လှီးထုတ်ရမှာတွေ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar