မောင်လူမွှေး - တောကျောင်းဆရာအဖေရဲ့ အမွေ
မောင်လူမွှေး - တောကျောင်းဆရာအဖေရဲ့ အမွေ
မိုးမခ ၊ နိုဝင်ဘာ ၁၃ ၊ ၂၀၂၅
မနေ့က မစ်(စ)မွှေးက ဆန်တစ်တင်းနဲ့ ဆီသုံးပိသာ ဝယ်တယ်။ ဆန်တစ်တင်းက ခုနစ်သောင်း။ ဆီသုံးပိဿာက ငါးသောင်းရှစ်ထောင်။ စုစုပေါင်း တစ်သိန်းသုံးသောင်းနီးပါး ကုန်တယ်။ ပြီးခဲ့တဲ့နှစ်ကတော့ မောင်လူမွှေးတို့ ဆီဆယ်ပိဿာပုံး တစ်ပုံးကို တစ်ခါတည်း ဝယ်နိုင်ခဲ့တယ်။ ဆွေမျိုးနဲ့ တပည့်တွေကလည်း ဆီတွေပေးကြလို့ တစ်နှစ်လုံးမှာမှ ဒီတစ်ခါပဲ ဝယ်ခဲ့ရတယ်။ ဒီနှစ်မှာတော့ မောင်လူမွှေးတို့လည်း ဆီဆယ်ပိဿာ တစ်ပုံးလုံး တစ်ခါတည်း ဝယ်နိုင်တဲ့ အနေအထားမရှိသလို၊ နှမ်းသီးနှံတွေ မရကြတာကြောင့် ဆွေမျိုး၊ တပည့်တွေကလည်း မောင်လူမွှေးတို့ကို ဆီသိပ်မပေးနိုင်ကြဘူး။
မောင်လူမွှေးတို့ နှစ်ယောက် တိုင်ပင်ပြီး ချွေတာရေးလမ်းစဥ် ချမှတ်ကြရတယ်။ စစ်ရှောင်ကျောင်းတွေကို တစ်ပတ် တစ်ခါ သွားတိုင်း မနက်စာ ဆီချက်ခေါက်ဆွဲ စားတတ်တဲ့ အကျင့်ကို လျှော့ချရတယ်။ လက်ဖက်ရည်နဲ့ ဒိန်ချဥ် သောက်ချင်တတ်တဲ့ မောင်လူမွှေး ပါးစပ်ကိုလည်း ဆုံးမတားမြစ်ထားရတယ်။ ဟင်းချက်ဖို့ ဝယ်ယူရေးမှာလည်း မစ်စမွှေးက "အသား" လျှော့ဝယ်ပြီး ဆွေမျိုးတောကိုသွားကာ အသီးအရွက်ကလေးတွေ ခူးကြရတယ်။
မောင်လူမွှေး ချွေတာရေးလုပ်တော့ မောင်လူမွှေးရဲ့အဖေ ကျောင်းဆရာကို သတိရတယ်။ မောင်လူမွှေးတို့ ညီအစ်ကိုတွေက ငယ်ငယ်။ အဖေက ခု မောင်လူမွှေး နေတဲ့ ဒေသမှာပဲ တောကျောင်းဆရာပေါ့။ မောင်လူမွှေးတို့ ဆီကို တစ်ဆယ်သားချင်း၊ နှစ်ဆယ်သားချင်း ဝယ်စားခဲ့ရတယ်။ တစ်လကို နှစ်ကြိမ်လောက်သာ အသားဝယ်တတ်တဲ့ အဖေဟာ အသားဝယ်တိုင်း "ဒီထက်တော့ မချွေတာနိုင်တော့ဘူး" လို့ ပြောတတ်တယ်။ လကုန်ပြီးတဲ့အခါ " ချွေတာရအောင်ကလည်း ချွေတာဖို့ကို ပိုက်ဆံမရှိတာ" လို့ ဆိုတတ်ပြန်ပါတယ်။
အဖေက စစ်အာဏာရှင်စနစ်စစ်စစ်အောက်မှာ တောကျောင်းဆရာ ဖြစ်ခဲ့တယ်။ မောင်လူမွှေးကျတော့ စစ်အာဏာရှင်တော်လှန်ရေးဖြစ်ခါမှ တောကျောင်းဆရာဘဝကို ရွေးခဲ့တယ်။ အဖေတောကျောင်းဆရာဘဝက ချွေတာခဲ့ရသလို မောင်လူမွှေးလည်း ချွေတာရပြီဖြစ်တယ်။ ဒါပေမဲ့ အဖေ သူ့သားတွေအတွက်တော့ မချွေတာနိုင်ခဲ့သလို မောင်လူမွှေးလည်း စစ်ရှောင်ကျောင်းတွေကို သွားလာနေရတဲ့ စရိတ်ကိုတော့ မချွေတာနိုင် ဖြစ်ရတယ်။ မောင်လူမွှေး စာသင်လို့ရတဲ့ လခလေးဟာ ဆိုင်ကယ်ဓာတ်ဆီတိုင်ကီထဲကို အကုန်ဝင်ပါတယ်။
မောင်လူမွှေးကို အင်မတန် ပေးချင်၊ ကမ်းချင်တဲ့ လူတွေကတော့ စစ်ရှောင်စခန်းက လူတွေနဲ့ တောတိုက်ကလူတွေ ဖြစ်တယ်။ " ဆရာ ဆန်လိုရင် အချိန်မရွေးပြောနော်" ဆိုတဲ့ တောတိုက်မှာ လယ်လုပ်ရင်း စစ်ရှောင်နေတဲ့ပြည်သူအချို့က ပြောကြတယ်။ "ဘာအကူညီပဲလိုလို လာခဲ့စမ်းပါဆရာ" လို့ အိမ်မီးလောင်ပေမယ့် အထုပ်အထည်နဲ့ စစ်ရှောင်လာသူ တစ်ဦးကပြောတယ်။ " ဆန်တစ်နှစ်စာဆို တစ်နှစ်စာ ပို့ပေးမယ်ဗျာ" ဆိုတဲ့ လူရိုးလူမှန် မိတ်ဆွေလည်း မောင်လူမွှေးမှာရှိပါတယ်။
မောင်လူမွှေး သူတို့ဆီရောက်သွားရင် ဟိုတစ်ယောက်၊ ဒီတစ်ယောက် ရှိတာလေးတွေ ယူယူလာပြီး စုပုံချချ ကျွေးတတ်တာကိုတောင် " သင့်ရုံပဲ ကောင်းတယ်" လို့ ခပ်တည်တည် တားမြစ်လေ့ရှိတဲ့ မောင်လူမွှေးဟာ ဆေးလိပ်ထည့်ဖို့ ဝါးကျည်တောက်ကလေး၊ တောထွက် ဖန်းခါးသီးလေး၊ ရံဖန်ရံခါ သူတို့ဆီကအပြန် ညနေမိုးချုပ်အိမ်ပြန်ရောက်ရင်စားဖို့ ကြက်သားဟင်းကလေးတစ်ခွက်စာ လောက်ကလွဲရင် ယူလေ့မရှိပါ။ စစ်ရှောင်ကျောင်းက ကျောင်းသူ၊ ကျောင်းသားလေးတချို့ မုန့်ထုပ်ကလေးတွေ လာပေးတဲ့အခါဆိုရင်တော့ သူတို့ စိတ်မကောင်းဖြစ်မှာစိုးလို့ ယူရပါတယ်။
တော်တော်တန်တန် ဘာမှမယူလို့ မောင်လူမွှေး မာနကြီးသလားဆိုတော့လည်း မဟုတ်ပါ။ မောင်လူမွှေး အလုပ်ကိစ္စ၊ ကျင့်ဝတ်စည်းကမ်းပိုင်းကလွဲရင် စစ်ရှောင်ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေပဲ နေပါတယ်။ ဘယ်လောက်ခက်ခဲခက်ခဲ သူတို့ဆီကတော့ ဘာတစ်ခုမှ ပြန်မယူဘူးကွာဆိုတဲ့ စိတ်မျိုးလည်း မထားပါ။ သူတို့ဆီရောက်တုန်း ထမင်းစားချိန်တန် ဝင်စားပြီး စာသင်ရင်း၊ သင်တန်းပေးရင်း၊ ဆွေးနွေးရင်း ရေနွေကြမ်းကို ဓာတ်ဘူး သုံးဘူးလောက်ကုန်အောင် သောက်တာပါပဲ။
မောင်လူမွှေး ငယ်ငယ်က တောကျောင်းဆရာ အဖေ အကြိမ်များစွာပြောခဲ့တဲ့ စကားရှိတယ်။
"တခြားသူဆီက ကိုယ် ယူရင် ရမယ့်အခွင့်အရေးဆိုရင် ဖြစ်နိုင်သမျှ မယူရဘူး" တဲ့။ အဖေဟာ ဆွေမျိုးတွေ သူ့အလိုလို ပေးကမ်းတာသာယူခဲ့ပေမယ့် ဘာအခွင့်အရေးမှ ယူမသွားရှာတာ သေချာပါတယ်။ အဖေဟာ အားနာကြီးသလောက် သည်းခံစိတ်လည်း ကြီးသူ ဖြစ်ပါတယ်။ အနွံအတာလည်း ခံနိုင်သူ ဖြစ်တယ်။ မိဘကို တစ်သက်နှင့်တစ်ကိုယ် ခွန်းတုံ့ပြန်ပြောဆိုတာမျိုး တစ်ခုမှမလုပ်ခဲ့သူလို့ ဆွေမျိုးတွေကြားမှာ မှတ်ချက်ချခံရတယ်။
မောင်လူမွှေးကတော့ အဖေ့လောက် သည်းခံစိတ်မကြီးသလို အနွံအတာလည်း အဖေ့လို မခံနိုင်သေးတာ သတိထားမိတယ်။ မောင်လူမွှေးထက် အသက်ကြီးကြတဲ့ အဖေ့တပည့်တွေက ဆရာ့သားလည်း ဆရာ့လိုပဲ စာသင်တာရော၊ စေတနာရောကောင်းတယ်လို့ ပြောကြတော့ ဂုဏ်ယူရပါတယ်။ သည်းခံမှု၊ အနွံတာခံမှုတွေမှာ အဖေ့ကို မမီသေးပေမယ့် တောကျောင်းဆရာ ဖြစ်နေတဲ့ မောင်လူမွှေးဟာ သွားလေသူ တောကျောင်းဆရာအဖေရဲ့ အမွေဖြစ်တဲ့ "အခွင့်အရေးမယူရေး" တရားကိုတော့ ကျင့်နေပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar