DKBA ခေါင်းဆောင် ၄ ဦးကို အမေရိကန်ပိတ်ဆို့ မှု ကြေညာ
မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၁၂ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၅
DKBA ခေါင်းဆောင် ၄ ဦးကို အမေရိကန် ပိတ်ဆို့ မှု ကြေညာ
ထိုင်း-မြန်မာ နယ်စပ်က အွန်လိုင်းငွေလိမ်လည်ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ ခု လပိုင်းတွေမှာ တခုပြီးတခု ပေါ်ထွက်လာနေသလို ပတ်သက်ဆက်နွှယ်နေတဲ့ နိုင်ငံအစိုးရတွေ၊ လက်နက်ကိုင်အဖွဲ့တွေကလည်း တုံ့ပြန်လုပ်ဆောင်မှုတွေ လုပ်လာကြတာ တွေ့မြင်နေရပါတယ်။ ခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတရပ်ကတော့ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် DKBA လက်နက်ကိုင် အဖွဲ့က ခေါင်းဆောင် ၄ ဦးနဲ့ ထိုင်းနိုင်ငံသားတဦးတို့ကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့မှု အမိန့်ချမှတ်လိုက်တဲ့ သတင်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ BGF ခေါင်းဆောင်အချို့ကိုလည်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အကာအကွယ်ပေး ကူညီမှုတွေအတွက် ပိတ်ဆို့မှုချမှတ်ခဲ့ဖူးပြီး အခုတကြိမ်မှာတော့ DKBA လက်နက်ကိုင် အဖွဲ့ရဲ့ အဓိက ခေါင်းဆောင်တွေကို ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။ DKBA ခေါင်းဆောင်တွေ ဖြစ်တဲ့ စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင် နဲ့ စိုင်းလှကျော်တို့ ၄ ဦးကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့မှု ချမှတ်ခဲ့ပြီး DKBA အဖွဲ့နဲ့ ဆက်စပ်ပြီး လုပ်ဆောင်တဲ့ ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီ ၂ ခုနဲ့ ထိုင်းနိုင်ငံသားတဦးကိုလည်း တတွဲတည်း ပိတ်ဆို့ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့မှုက DKBA ခေါင်းဆောင်တွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိမယ့် သဘောတော့ လောလောဆယ်မှာ မမြင်တွေ့ရပါဘူး။ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံ အနေနဲ့ DKBA အပေါ် ဘယ်လို ဖိအားပေးမှုတွေ လုပ်ဆောင်လာနိုင်သလဲ ဆိုတဲ့အချက်ကသာ ထည့်သွင်းစဥ်းစားရမယ့် အချက်တချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နယ်နိမိတ်ထဲမှာ အခြေစိုက်နေကြတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ၄င်းတို့ကို လက်နက်နဲ့ အကာအကွယ်ပေးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အချို့တို့ကို ဖိအားပေးပြီး ဒီရာဇဝတ်မှုလုပ်ငန်းတွေ ရပ်ဆိုင်း ချုပ်ငြိမ်းသွားဖို့ အဓိက နစ်နာတဲ့ နိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ ၄င်းတို့ရဲ့ နိုင်ငံသားတွေ ဖြားယောင်းခေါ်ဆောင်ခံရပြီး နှိပ်စက်ကာ စေခိုင်းခံနေကြရတဲ့ ဒေသတွင်းနိုင်ငံတွေ နဲ့ ကမ္ဘာ့အခြားဒေသက နိုင်ငံတွေ က လိုလားနေကြတာ ဖြစ်ပါတယ်။
သို့ပေမယ့် ဒေါ်လာဘီလျံချီတဲ့ ပမာဏရှိတဲ့ လိမ်လည်ရာက ရတဲ့ငွေကြေးတွေ အကျိုးအမြတ်တွေက ငွေလိမ်ဂိုဏ်းခေါင်းဆောင်တွေ၊ ဒီလုပ်ငန်းကို အကာအကွယ်ပေးတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ တရားမဝင်တဲ့ လုပ်ငန်း၊ ရာဇဝတ်မှုလုပ်ငန်းတွေကို မသိကျိုးကျင်ပြုပေးကြရတဲ့ သက်ဆိုင်ရာနိုင်ငံက တရားဥပဒေစိုးမိုးရေးနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ခံစားကြရတာ ဖြစ်လို့ ဒီလုပ်ငန်း တနည်းနည်းနဲ့ ဆက်လက်ရှင်သန်ဖို့ နည်းလမ်းရှာ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ ဖိအားကို လျော့ကျအောင် အချို့သော လုပ်ငန်းတွေကို အဖမ်းအဆီးပြတာမျိုး၊ ငွေလိမ်ဂိုဏ်း ခေါင်းဆောင်သူတွေကို ကြိုတင်သတင်းပေးပြီး နေရာရွှေ့ပြောင်းစေတာမျိုး၊ နောက်ဆုံးအနေအထားမှာ နေရာတချို့ကို ဖျက်ဆီးဖို့ ခွင့်ပြုရတာမျိုးတွေ နဲ့ အတူ ငွေလိမ်ဂိုဏ်းတွေမှာ ခေတ်သစ်ကျေးကျွန်တွေသဖွယ် ခိုင်းစေခံနေရသူတွေကို လွှတ်ပေးပြီး သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းပေးတာမျိုးတွေ လုပ်လာကြတာ တွေ့ရပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ မှာ ရှမ်းမြောက်ဒေသက ငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းဖို့ ဖိအားပေးခံခဲ့ရပြီးနောက် ရှမ်းမြောက်ဒေသရဲ့ ငွေလိမ်ဂိုဏ်းတွေလည်း မြေလှန်ခံရတဲ့ သဖွယ်ဖြစ်ခဲ့ပြီး ရှမ်းမြောက်ဒေသမှာ စစ်ပွဲတွေ ၁ နှစ် ဝန်းကျင်နီးပါး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့တဲ့နောက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ အဓိက စုဝေးရာက ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ်ဖြစ်လာခဲ့တာပါ။
၂၀၂၅ နှစ်စမှာ တရုတ်နိုင်ငံက လူသိများတဲ့ သရုပ်ဆောင်တဦး မြဝတီမြို့နယ်ထဲက ငွေလိမ်ဂိုဏ်းတခုဆီ ဖျားယောင်းခေါ်ဆောင်ခံရတဲ့ ကိစ္စက တရုတ်နိုင်ငံရဲ့ ဖိအားကို မြင့်တက်စေခဲ့ပြီး ထိုင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ လုပ်ဆောင်လာတာပါ။ ထိုင်းနိုင်ငံဘက်အနေနဲ့ ဒီရာဇဝတ်မှု လုပ်ငန်းတွေ နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက လက်နက်ကိုင် အဖွဲ့တွေလောက် အဓိကကျတဲ့ အခန်းကဏ္ဍမှာ မပါဝင်ပေမယ့် နောက်ခံ အဆောက်အဦ၊ ဆက်သွယ်ရေး၊ လျှပ်စစ်၊ ငွေလိမ်လည်လုပ်ငန်းရဲ့ ငွေကြေးခဝါချမှု လမ်းကြောင်းတွေမှာ လာဘ်စားပြီး လုပ်ငန်းချောမွေ့အောင် လုပ်ဆောင်ပေးနေကြတဲ့ ရဲ နဲ့ ဌာနဆိုင်ရာ ဝန်ထမ်း၊ နိုင်ငံရေးသမားအချို့ပါ ပါဝင်ပတ်သက်နေကြတာ လည်း ဖြစ်ပါတယ်။
အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ အခြေစိုက်နိုင်တာ ရှင်သန်နိုင်တာ လိုအပ်တဲ့ ဝန်ထမ်းတွေ၊ ဖျားယောင်းသွေးဆောင်ခံရပြီး ရောက်လာမယ့် နိုင်ငံခြားသားတွေ ဝင် ထွက်နိုင်တဲ့ အနေအထား ဆက်သွယ်ရေး ဘဏ် ငွေကြေးစနစ် လက်လှမ်းမီနိုင်မှု စတဲ့ အခြေအနေတွေက မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်က အခင်းအကျင်းနဲ့ ကိုက်ညီနေတာလည်း ဖြစ်ပါတယ်။ ဒီလက်နက်ကိုင် တပ်ဖွဲ့တွေဟာ ယခင်ဆယ်စုနှစ်တွေတုန်းကတော့ မူးယစ်ဆေးပြား သယ်ဆောင်တာ၊ ရောင်းဝယ်တာတွေ၊ ကားမှောင်ခို စတဲ့ လုပ်ငန်းတွေနဲ့ ရှင်သန်ခဲ့ကြပေမယ့် လွန်ခဲ့တဲ့ ၇ နှစ်၊ ၈ နှစ်ဝန်းကျင်မှာ ကာစီနိုလုပ်ငန်း နဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဘက်ကို ပြောင်းလဲခဲ့ကြတာ ဖြစ်ပါတယ်။
ဆယ်စုနှစ်များစွာ ကြာမြင့်လာတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အတွင်း စစ်တပ်အနေနဲ့ ဆန့်ကျင်ဘက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အင်အားချိန်ခွင်လျှာညှိဖို့ အတွက် DKBA တို့လို ခွဲထွက်လက်နက်ကိုင် အဖွဲ့တွေကို လုပ်ချင်တာ လုပ်ခွင့်ပေးပြီး စည်းရုံးထားခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေက KNU ကနေ စတင်ခွဲထွက်လာတဲ့ DKBA အဖွဲ့ဟာ နာမည်ပြောင်း၊ အဖွဲ့ငယ်တွေ ထပ်မံခွဲထွက်၊ ပြန်လည်ပေါင်းကြနဲ့ ဆယ်စုနှစ် နှစ်ခုကျော် ကာလအတွင်း အပြောင်းအလဲ များစွာနဲ့ မျက်စေ့လည်စရာ အနေအထားမျိုး ဖြစ်ပါတယ်။ DKBA ခွဲထွက်အဖွဲ့တွေ အနက် အင်အားအကြီးဆုံး ဖြစ်လာတဲ့ အဖွဲ့တဖွဲ့က စောချစ်သူ ဦးဆောင်တဲ့ အဖွဲ့ဖြစ်ပြီး အခြားအဖွဲ့တွေထက် လူအင်အား လက်နက်အင်အားသာလွန်ပြီး မြန်မာစစ်တပ်ရဲ့ အမိန့်ပေးမှုအောက်က နယ်ခြားစောင့်တပ်ဖွဲ့ BGF အဖြစ်နဲ့ ဆယ်စုနှစ် တခုကျော်ကြာ ရပ်တည်ခဲ့ပြီးမှ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၄ မှာ ကရင်အမျိုးသားတပ်မတော် အမည်ပြောင်းလဲခဲ့ပြန်ပါတယ်။
DKBA အဖွဲ့အနေနဲ့ အာဏသိမ်းစစ်တပ်ကို အတိအလင်း အာခံနိုင်တဲ့ အင်အား အနေအထားမျိုး မရှိပါဘူး၊ အခုလို နိုင်ငံတကာ အစိုးရတွေက ပိတ်ဆို့မှုတွေနဲ့ ဖိအားပေးလာတာကြောင့် ယိမ်းချင်းယိမ်းရင် အာဏာသိမ်းစစ်တပ်ဘက်နဲ့ ဆက်ဆံရေး မပျက်အောင် ထိန်းပြီး အာဏာသိမ်းစစ်တပ်အနေနဲ့ အကူအညီလိုအပ်တဲ့ အခြေအနေမျိုးမှာ အသုံးချခံရဖို့ အခြေအနေမျိုးဘက်ကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar