လေးလေး - ဓာတ်ပုံထဲက လူကြီး
လေးလေး - ဓာတ်ပုံထဲက လူကြီး
မိုးမခ ၊ နိုဝင်ဘာ ၅ ၊ ၂၀၂၅
လူထုဦးလှဟာ ၁၉၅၃ ခုနှစ်က ရန်ကုန်၊ မင်းမနိုင်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအကြောင်း လူထုသတင်းစာထဲ ဖော်ပြလို့ဆိုပြီး ဖဆပလ ခေတ်က ထောင်ကျခဲ့တယ်။ ၃ နှစ်နဲ့ ၃ လကျော်ကြာထောင်ကျပြီး သူ ရန်ကုန်ထောင်ထဲဝင်တော့ အငယ်ဆုံးသား ခင်မောင်ညိုက တနှစ်ကျော်ကျော်ပဲရှိသေးတယ်။ နှစ်နှစ် မပြည့်သေးဘူး။ ဦးလှတို့ ထောင်ကျတုန်းက ထောင်ထဲမှာ ဘောလုံးကန်လို့ရသေးတယ်။ ဂေါက်ရိုက်လို့ ရသေးတယ်။
စာလည်း ရေးလို့ရသေးတယ်။ ဦးလှရဲ့ တိုင်းရင်းသားပုံပြင်တချို့ဟာ သူ ထောင်ကျနေတုန်း ထောင်ထဲမှာ အကျဉ်းသားချင်း မေးပြီး ရေးခဲ့တာတွေ ပါတယ်။ တခါ ဦးလှက ထောင်ထဲကနေ ဇနီးဖြစ်သူ ဒေါ်အမာနဲ့ သားသမီးတို့ဆီ စာမှန်မှန်ရေးပို့ခဲ့တယ်။ အဲဒီစာတွေထဲ ကိုယ်ရေးကိုယ်တာတွေ ပါသလို ထောင်တွင်းအတွေ့အကြုံတွေလည်း ပါတယ်။ နောက်တော့ ဒီစာတွေကို စုစည်းပြီး စာတအုပ်ထွက်ခဲ့တယ်။
ဦးလှရဲ့ ထောင်ထဲက ပေးပို့တဲ့ စာတွေထဲမှာ သားသမီးတွေဆီရေးတဲ့စာတွေ ပါဝင်ပြီး သူ ထောင်ကျတော့ တနှစ်သာသာ သားဆီ တကူးတက ရည်ရွယ်ပြီး ရေးထားတဲ့ စာတစောင်လည်း ပါတယ်။ အဲဒီစာထဲမှာ ဦးလှက သူ့ စိုးရိမ်ချက်တခု ထည့်ရေးထားတယ်။ သူ့မိတ်ဆွေတယောက်ဟာ သံအမတ်တာဝန်နဲ့ နိုင်ငံတခုဆီ ၃ နှစ်ကြာ သွားတာဝန်ယူတော့ ကျန်ခဲ့တဲ့ ဇနီးသည်မှာ ကိုယ်ဝန်နဲ့။သူ နိုင်ငံရပ်ခြားက ပြန်လာတော့ သူ သွားတုန်းက ဗိုက်ထဲရှိသေးတဲ့ ကလေးက စကားပြောတတ်နေပြီ။
ကလေးက သူ့အဘွားကို အမေ၊ အမေကို အန်တီလို့ ခေါ်ပါသတဲ့။ သူ့အဖေ ပြန်လာပြီး သိပ်မကြာဘူး၊ ကလေးက သူ့အဘွာကို မေးတယ်။
“အမေ အဲဒီ အသားဖြူဖြူနဲ့ လူကြီးက အန်တီ့နား ဘာလို့ အရမ်းကပ်နေတာလဲ”တဲ့။ အဖေကို မမှတ်မိတော့တဲ့ ကလေးဖြစ်အင်။ ဦးလှက အဲဒီလိုမျိုး ဖြစ်မှာစိုးတယ်၊ ဒါပေမယ့် သားအမေကတော့ အဖေ့ ဓာတ်ပုံပြပြီး အဖေလို့ ပြောထားမှာပါလို့လည်း စာထဲ ထည့်ရေးထားတယ်။ ခင်မောင်ညို ငယ်ငယ်က အသားညိုပြီး ရုပ်တည်ကြီးနဲ့ နေတတ်လို့ ဦးလှက သူ့သားသမီးအကြီးတွေကို ခင်မောင်ညို့ကို ဟာသတွေ ပြောပေးဖို့ ထည့်ရေးဖူးတယ်။
ဒီလိုနဲ့ ရန်ကုန်ထောင်မှာ ၃ နှစ်ကျော်ကြာ ထောင်ကျပြီး ဦးလှ ပြန်လွတ်လာတော့ အငယ်ဆုံးသား ခင်မောင်ညို တောင် ငါးနှစ်လောက်ရှိပြီ။ ခင်မောင်ညို ငယ်ငယ်က သား ကြီးလာရင် ဘာလုပ်မလဲလို့ လူကြီးတွေက မေးရင် “ဗေဒင်ဆရာ လုပ်မယ်၊ လမ်းပြပုလိပ်လုပ်မယ်”လို့ ဘယ်အချိန်မေးမေး ဖြေတတ်ပါသတဲ့။ ဒေါ်အမာက ကလေး ၅ ယောက်နဲ့ သတင်းစာအလုပ်ကို တယောက်တည်း ကျုံးလုပ်နေရတော့ တခါတလေ ဗေဒင်ဆရာတွေက ယတြာတွေ ဘာတွေ လုပ်ပေးကြတယ်။
ဟိတ်ဟန်ကလည်း ကောင်း၊ အပြောအဟောကလည်း ကောင်းတဲ့ ဗေဒင်ဆရာတွေ ကြည့်ပြီး ဗေဒင်ဆရာ ဖြစ်ချင်တယ်ပြော၊ သူ့အစ်ကို၊ အစ်မတွေကို ကျောင်းကားနဲ့ ကျောင်းလိုက်ပို့ရင် သူပါ လိုက်သွားပြီး လမ်းမှာ လမ်းပြတဲ့ ပလိပ်တွေက ယူနီဖောင်းအကျအနဝတ်ပြီး လမ်းပြတာ တွေ့ရ၊လမ်းပေါ်သွားနေတဲ့ ကားတွေဆိုတာ သူ သွားဆိုမှ သွားရတာလည်း သဘောကျပြီး သူ့မေးရင် ကြီးလာရင် ဗေဒင်ဆရာ လုပ်မယ်။ လမ်းပြပုလိပ် လုပ်မယ်ချည်း ဖြေတာ။
ဦးလှက ထောင်ကလွတ်ပြီး အိမ်ပြန်ရောက်ရောက်ချင်း သားငယ်ကို ကောက်ချီလိုက်တယ်။ ဘေးက မိသားစုတွေ ဝန်းရံလို့ပေါ့။ ဒီမှာတင် ဦးလှ ထောင်ထဲရှိတုန်း သားငယ် ခင်မောင်ညိုကို ထိန်းတဲ့ အန်တီစိန်က “ဘိုညို.. လူကလေး ဒါ ဘယ်သူတုံး” လို့ မေးတော့ မဖြေဘူး၊ အဖေကို စိုက်ပဲကြည့်နေတယ်။ ဒါနဲ့ အန်တီစိန်က “ဒါ လူကလေး အဖေလေ”လို့ စိတ်ထဲ မရိုးမရွဖြစ်ပြီး ဝင်ဖြေပေးလိုက်တယ်။ ဒီတော့မှ ခင်မောင်ညိုက စကားတခွန်း ပြောတယ်။
“ဓာတ်ပုံထဲက လူကြီးနဲ့ တူလိုက်တာ”
သူ့ကို ထိန်းတဲ့ အန်တီစိန်က နံရံမှာချိတ်ထားတဲ့ ဦးလှ ဓာတ်ပုံပြပြပြီး ဒါ သားအဖေလို့ ခဏခဏ ပြောပြထားဖူး၊ သင်ထားဖူးတယ်လေ။ ဦးလှမှာ မျက်ရည်တွေလည်လို့….။
စာကိုး- ဇနီးနှင့် သားသမီးများသို့ ထောင်တွင်းမှ ပေးစာများ (လူထုဦးလှ)
- လွမ်းဆွတ်သတိရစိတ်နဲ့ရေးတဲ့စာ (ညီပုလေး)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar