မိုးကုတ်မြို့ကနေ ခုလ ၂၀ ရက်နေ့မှာ ဆုတ်ခွာမယ့် TNLA နဲ့ မိုးကုတ်မြို့ အခြေအနေ
TNLA နဲ့ အာဏာသိမ်း စစ်တပ် ကိုယ်စားလှယ်အဖွဲ့တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်နေ့ ၂ ရက်တာ ဆွေးနွေးမှုရဲ့ ရလဒ်ဖြစ်တဲ့ အပစ်ရပ်ဖို့၊ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ရပ်ပေးပြီး TNLA က ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကနေ ဆုတ်ခွာပေးဖို့ သဘောတူညီချက်အရ မိုးကုတ်မြို့ကနေ လာမယ့် ၂၀ ရက်နေ့မှာ ဆုတ်ခွာမယ် ဆိုတဲ့ သတင်းတွေပေါ်ထွက်လာခဲ့ပါတယ်။
TNLAက ပြန်လည်ဆုတ်ခွာပေးမယ် ဆိုတဲ့ မြို့ ၂မြို့အနက် မိုးမိတ်မြို့ ထက် မိုးကုတ်မြို့ကို ပိုမိုအာရုံစိုက်ပြောဆိုနေကြတာလည်း တွေ့ရပါတယ်။ မိုးမိတ်မြို့က ရှမ်းပြည်နယ်ထဲ ပါဝင်နေပြီး မိုးကုတ်မြို့ကတော့ မန္တလေးတိုင်းထဲ ပါဝင်နေတာ ဖြစ်ပါတယ်။ ရေမြေအနေအထားအရ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ နယ်မြေဒေသတွေ ဖြစ်ပြီး မိုးမိတ်မြို့မှာ ရှမ်းလူမျိုးနဲ့ ပလောင်လူမျိုးတွေ အများစု နေထိုင်ကြပြီး မိုးကုတ်မြို့ကတော့ ရှမ်း၊ ဗမာ၊ လီဆူ၊ ပလောင်၊ ဂေါ်ရခါး စတဲ့ လူမျိုးတွေနေထိုင်ကြတဲ့ မြို့ဖြစ်ပါတယ်။ မိုးကုတ်က ပတ္တမြားထွက်ရှိတဲ့ မြို့ဖြစ်တာကြောင့် သမိုင်းတလျှောက် အခြားဒေသက လာရောက် အခြေချနေထိုင်သူတွေ ပိုမိုများပြားတဲ့ သဘာဝလည်း ရှိပါတယ်။
လွတ်လပ်ရေးရပြီးကာလနောက်ပိုင်း တိုင်းဒေသနဲ့ ပြည်နယ်တွေ ပြောင်းလဲ သတ်မှတ်ကြရာမှာ ရှမ်းမြောက်နဲ့ ထိစပ်နေတဲ့ မိုးကုတ်မြို့ကို မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းထဲ ထည့်သွင်းထားခဲ့တဲ့ အဖြစ်ကလည်း သယံဇာတ ထွက်ရှိတဲ့ ဒေသကို ပြည်နယ်တွေရဲ့ နယ်နိမိတ်ကနေ ဖဲ့ယူပြီး မန္တလေးတိုင်းထဲ တမင်တကာထည့်သွင်းထားတာလို့ ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှာ မိုးကုတ်မြို့ကို TNLA လက်နက်ကိုင် တပ်ဖွဲ့က သိမ်းယူခဲ့ပြီး မြို့ခံတွေက တက်ကြွစွာ ကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းတွေလည်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ကျောက်မျက် သယံဇာတထွက်ရှိတဲ့ မြို့၊ တောင်တွေဝိုင်းပတ်ထားပြီး မြို့အလယ်မှာ ရေကန်နဲ့ ရှုခင်းလှပတဲ့မြို့ ကျောက်မျက်တူးဖေါ်တဲ့ လုပ်ငန်းရှိတာကြောင့် ပတ်ဝန်းကျင် ဒေသတွေထက် စီးပွားရေး အခွင့်အလမ်း ကောင်းတဲ့မြို့ အဖြစ်နဲ့ မိုးကုတ်မြို့ကို သိရှိထားကြပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ အမည်အောက်မှာ စစ်အာဏာရှင်စနစ်နဲ့ ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ကာလတွေမှာတောင် ဈေးကွက်စီးပွားရေးစနစ် မကျင့်သုံးခဲ့သည့်တိုင် မြို့ခံလူထုအနေနဲ့ တပိုင်တနိုင် ကျောက်မျက်တူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ဝင်ငွေကောင်းတဲ့ မြို့တမြို့ဖြစ်ခဲ့တာပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ ရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အပြင် အသစ်သော လက်နက်ကိုင် တပ်ဖွဲ့တွေပေါ်ထွက်လာတဲ့အခါမှာလည်း မိုးကုတ်မြို့ကနေ ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ PDF တပ်ဖွဲ့တွေလည်း ပေါ်ထွက်လာခဲ့ပြီး TNLA တပ်ဖွဲ့နဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
၁ နှစ်ဝန်းကျင်ကြာမြင့်တဲ့ TNLA အုပ်ချုပ်မှုကာလအတွင်းမှာတော့ ပတ္တမြားတူးဖေါ်ခွင့် ခွင့်ပြုမှုတွေနဲ့ ပတ်သက်လို့ မြို့ခံတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိခဲ့တဲ့ အဖြစ်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ ခေတ်အဆက်ဆက် တူးဖေါ်ခြင်း မပြုခဲ့တဲ့ ဂေါက်ကွင်းလို နေရာမျိုးတွေမှာ TNLA အမိန့်နဲ့ ကျောက်မျက်တူးဖေါ်ခဲ့တဲ့ ဖြစ်ရပ်တွေက မကြာသေးတဲ့ လအနည်းငယ်အကြာတုန်းက သတင်းတွေမှာ ဖေါ်ပြရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ နောက်အကြောင်းအရာ တခုကတော့ လူမျိုးစုအလိုက် TNLA စစ်သားစုဆောင်းရာမှာ ဂေါ်ရခါးလူမျိုးနွယ်တွေကို အဓမ္မစစ်သားစုဆောင်း ခဲ့တဲ့ အဖြစ်တွေကလည်း ယခုနှစ်ထဲ ဖြစ်ပွားခဲ့တဲ့ ဝေဖန်ပြောဆိုစရာ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။
TNLA တပ်ဖွဲ့အနေနဲ့လည်း ၄င်းတို့ တိုက်ခိုက်သိမ်းယူထားတဲ့ မိုးကုတ်၊ မိုးမိတ်တို့လိုမြို့တွေကို ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ကာလ၊ စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲ ရှိနိုင်ချေ၊ စစ်ပူကာလ အရေးပေါ် အခြေအနေမှာ လိုအပ်တဲ့ ငွေကြေးနဲ့ လူအင်အားကို ရတဲ့နည်း ဖြစ်တဲ့နည်းနဲ့ စုဆောင်းရမယ့် သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။
တဖက်မှာလည်း ဒေသခံတွေအနေနဲ့ ရေရှည်သက်ရောက်နိုင်တဲ့ ဆိုးကျိုး၊ တော်လှန်ရေးတပ်၊ ပြည်သူလူထု ထောက်ခံအားပေးတဲ့တပ် လူထုရဲ့ လိုလားချက်ကို ဆန့်ကျင်လုပ်ဆောင်ခြင်း မပြုကြတဲ့ လက်နက်ကိုင် အဖွဲ့တွေရယ်လို့ မျှော်လင့်မှတ်ယူထားကြတာကြောင့် အထက်က အဖြစ်အပျက်တွေက စိတ်အားလျော့စရာ အဖြစ်တွေ လို့ဆိုရင်မှားမယ် မထင်ပါဘူး။
ခုအခါမှာတော့ TNLA အနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ ထောက်ပံ့ရေး၊ ဒေသခံတွေရဲ့ မလုံခြုံမှုတွေ စတဲ့အကြောင်းကြောင်းကို ထည့်သွင်းစဥ်းစားပြီး မြို့၂ မြို့က ဆုတ်ခွာပေးဖို့ သဘောတူခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်လိုပုံစံနဲ့ ဆုတ်ခွာမလဲ ပြန်လည်နေရာယူမယ့် အာဏာသိမ်းစစ်တပ် လက်ထဲ လွှဲပေးရမယ့် သဘောလား သို့မဟုတ် ၄င်းတို့ ဆုတ်ခွာသွားပြီးနောက် မိုးကုတ်ဗျူဟာလို NUG အစိုးရလက်အောက်က တပ်တွေ နေရာယူတာက ၄င်းတို့ စီမံအမိန့်ပေးနိုင်တဲ့ ကိစ္စမဟုတ်ကြောင်း ပြောဆို သဘောတူထားသလားဆိုတာ သဲသဲကွဲကွဲ မသိရှိကြရသေးပါဘူး။
MNDAA ကိုးကန့်လက်နက်ကိုင် အဖွဲ့နဲ့ စစ်တပ်တို့ လားရှိုးမြို့က ဆုတ်ခွာပြီး ပြန်လည်လွှဲပေးတဲ့ဖြစ်ရပ်မှာတော့ ကိုးကန့်တပ်ဖွဲ့က စစ်တပ်အနေနဲ့ မြို့ထဲဝင်လာနိုင်တဲ့အထိ လုံခြုံရေးယူပေးပြီး လွှဲပေးခဲ့တဲ့ သာဓက ရှိခဲ့သလို အဲဒီ သဘောတူညီမှုမှာတော့ ဇန်နဝါရီလကနေ ဧပြီလ အထိ ၃ လကျော် အချိန်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလအတွင်း လားရှိုးမြို့ ပြန်လည်လွှဲပေးမယ့် ဆိုတဲ့ သတင်းက ကောလဟလသဘောမျိုးသာ ပေါ်ထွက်ခဲ့ပြီး နီးကပ်လာချိန်မှသာ အတည်ပြုနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
အခု မိုးမိတ်နဲ့ မိုးကုတ်ကို ဆုတ်ခွာပေးမယ့် သဘောတူညီမှုက အချိန်များများစားစား ပေးမထားတဲ့ သဘောလည်း ဖြစ်ပါတယ်။ သီတင်း ၃ ပတ်နဲ့ ၄ ပတ်အတွင်း မိုးကုတ်မြို့က TNLA တပ်၊ အုပ်ချုပ်ရေး ထွက်ခွာရမယ့် သဘောလည်း ဖြစ်ပါတယ်။
မြို့ခံတွေအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ TNLA သိမ်းယူမှုကို ကြိုဆိုခဲ့ကြသလို ဒီစစ်ရေး အနေအထားက မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ မပြောင်းလဲဘူးလို့ ယူဆခဲ့ကြတာလည်း ဖြစ်ပါတယ်။ TNLA အုပ်ချုပ်မှုအောက် လွတ်မြောက်နယ်မြေ သဖွယ် လွတ်လွတ်လပ်လပ် ပြောဆိုနေထိုင်ခဲ့ကြပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှုနဲ့ စိုးရိမ်ထိတ်လန့်စွာ နေထိုင်ရတဲ့ အနေအထားမျိုးက မျှော်လင့်မထားတဲ့ ရလဒ်တွေ ဖြစ်ပါတယ်။
TNLA အနေနဲ့ ရေရှည် ထိန်းချုပ်ထားနိုင်ခြင်း မရှိတဲ့အဖြစ်က မျှော်လင့်ချက်တွေကို ပျက်စီးစေသလို တပြန်တလှန် မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပြီး လူ့အသက်တွေ ထိခိုက်သေဆုံးကြမယ့် အရေးနဲ့ နေအိမ် ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးကြမယ့် အရေးကို တွေးပြီး စိုးရိမ်နေကြရတဲ့ အနေအထား ဖြစ်ပါတယ်။ မိုးကုတ်နဲ့ သိပ်မဝေးတဲ့ မြောက်ဘက် တရုတ်နိုင်ငံ နယ်စပ်နဲ့နီးတဲ့ ဗန်းမော်မြို့ သိမ်းတိုက်ပွဲလို အဖြစ်အပျက်မျိုးကလည်း အဆိုးဆုံးသာဓက တခုသဖွယ် မြင်တွေ့ကြားသိနေကြရတာ ဖြစ်ပါတယ်။
မြို့ကို ခုခံကာကွယ်မယ်လို့ ဆိုထားတဲ့ မိုးကုတ်ဗျူဟာနဲ့ MDY-PDF တို့အနေနဲ့ ဒေသတွင်းက တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ၊ တဦးချင်း ပါဝင်လိုသူတွေကို ဖိတ်ခေါ်တဲ့ ကြေညာချက်တွေလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ မြို့ခံတွေကိုလည်း စစ်ရှောင်ကြဖို့ နှိုးဆော်ထားတာ တွေ့ရပြီး မြို့ခံတွေအနေနဲ့ ခုလို ပိတ်ဆို့တားဆီးမှု များပြားတဲ့ကာလ၊ အစစအရာရာ ကုန်ကျစရိတ် မြင့်တက်နေတဲ့ ကာလမှာ စစ်ဘေးတိမ်းရှောင်ဖို့ လူတဦးကို ငွေကြေး ၅ သိန်းကနေ ၆ သိန်းဝန်းကျင် ကားခအဖြစ်ကုန်ကျခံကြရမယ့် အရေးနဲ့ ချန်ရစ်ခဲ့တဲ့ နေအိမ် ပိုင်ဆိုင်မှုတွေ ဆုံးရှုံးမယ့် အရေးတွေလည်း စိုးရိမ်ပူပန်နေကြရတဲ့ အနေအထားမှာ ရောက်ရှိနေကြတာပါ။
လာမယ့် နိုဝင်ဘာ ၂၀ ရက်နောက်ပိုင်း မိုးကုတ်မြို့ အနေအထားဘယ်လို ဖြစ်လာမလဲဆိုတာတော့ လာမယ့် သီတင်းပတ် ၁ ပတ် ၂ ပတ်အတွင်း အသေးစိတ် ပုံပေါ်လာမယ့် သဘောလို့ ဆိုနိုင်ပါလိမ့်မယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar