ခန့်ဝါငြိမ်း - ကျားဖြန့် ကြောင်ဖြန့်
ခန့်ဝါငြိမ်း - ကျားဖြန့် ကြောင်ဖြန့်
မိုးမခ ၊ နိုဝင်ဘာ ၂၃ ၊ ၂၀၂၅
ကျွန်စနစ် စလုပ်တာလည်း
အင်္ဂလိပ်တွေပဲ
ကျွန်စနစ် တိုက်ဖျက်ရေး စလုပ်တာလည်း
အင်္ဂလိပ်တွေပဲ။
ကျားဖြန့်စလုပ်တာလည်း
တရုတ်တွေပဲ
ကျားဖြန့်နှိမ်နင်းရေးစလုပ်တာလည်း
တရုတ်တွေပဲ။
ငယ်ငယ်တုန်းကလည်း
တရုတ်သေနတ်တွေနဲ့
စစ်တိုက်တမ်း ကစားကြတယ်
ကြီးလာတော့လည်း
တရုတ်သေနတ်တွေနဲ့
စစ်တိုက်တမ်း ကစားကြတယ်။
တစ်ဘက်ကလည်း
အချင်းချင်းကျ သတ်ရဲဖြတ်ရဲ
ဂက်စ်ပိုက်လိုင်းပွန်းမှာကျ သေအောင်ကြောက်
တစ်ဘက်ကလည်း
တော်လှန်သွေးတွေ ရဲရဲနီ
ဂက်စ်ပိုက်လိုင်းနား ရောက်ရင်
သွေးရောင်က ပန်းရောင်ဖြစ်သွားပြီ။
ပျော်ချင်လို့
Happy water သောက်မိပါတယ်
ဘယ်သူနဲ့ ရမှန်းမသိတဲ့ ကိုယ်ဝန်ရယ်
ဘယ်သူ့ဆီက ကူးမှန်းမသိတဲ့
အေအိုင်ဒီအက်စ်ရောဂါရယ်
အဆစ်ရလိုက်တယ်
ဒီနိုင်ငံမှာ
ပျော်ရွှင်မှုကလည်း
ငြိမ်းချမ်းရေးလို
တရုတ်ထုတ်ကုန်ပစ္စည်းတမျိုးပဲလား
ကြာကြာမခံလို့။ ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar