မောင်ဘဦး - အခါခပ်သိမ်း...ကင်းလွတ်ငြိမ်းသည်ဖြစ်၍
မောင်ဘဦး - အခါခပ်သိမ်း...ကင်းလွတ်ငြိမ်းသည်ဖြစ်၍
မိုးမခ ၊ နိုဝင်ဘာ ၂၃ ၊ ၂၀၂၅
(၁)
အမေ့ရင်ခွင်ထက်မှအစ...၊ အမေ့လက်ကိုဆွဲ လမ်းလျှောက်ပြေးလွှား၊ ဆော့ကစားတတ်သည့် အရွယ်...၊ အဲသည်က နောက်... လှချင်ပချင်၊ မြင်မြင်သမျှ စိတ် ကစားရချိန် အလယ်...၊ အထိုင်အထ ကိုင်စရာရှိသည့်နေရာကို အရင်ကြည့်ရှုပြီးမှ ထိုင်ရ ထရသော...၊ သွားတွေတို၊ ပါးတွေတွန့်၊ ခါးတွေ ကုန်းလို့ မြေနမ်းလုသည့် ယခုချိန် အဆုံး...၊ လုံးလုံး ကျက်မှတ်စရာမလိုအောင် အာဂုံဆောင်အလွတ်ရ နားရည်ဝနေသည့် 'ဩကာသ'ကို၊ နှစ်ပရိစ္ဆေဒကြာကြာ ဆောင့်ကြောင့်ထိုင်ကာ ကုန်းအော်၍ ဆုတောင်းခဲ့လေသမျှ... တချက်လေးကမှ မပြည့်စုံကြရသေး... ။
(၂)
ပြေးရပြန်ပြီ...။
သည်တခါ အရင်တွေကလို- "...ဒိုင်းဒိုင်းဒိုင်း ဒက်ဒက်ဒက်..."- အမ်အေ-သရီး,ဖိုး၊ ဂျီ-သရီး၊ ဖိုး တို့လို အရှည်သံတွေ သာမက၊ "ဝုန်း... ၊ အုန်း...ဝုန်းဟုန်းဟုန်း..."- ဟူသော ဟောင်ဝစ်ဇာကြီးနဲ့ လှမ်းထု၊ ရမ်းထုတဲ့ လက်နက်ကြီးသံ ရော...၊ အပေါ်က - "ဝီဝီဝီ ဒီဒီဒီ...၊ အုန်း..."ခနဲ၊ ဂျိုင်ရိုကော်ပတာ ဝဲပြီး ပစ်ကြဲလိုက်သည့် အသံပါ၊ ဆက်တိုက်ဆိုသလို ကြားလိုက်ရသည်။ နဂိုကတည်းက လေးချင်ချင် နား ၂ ဖက်မှာ လေတွေ ထွက်ကာ ပူထူ၍ ထုံတုံကြီး အူပြီးကျန်ရစ်လေတော့၏။
(၃)
ဟိုးယခင်ကတော့ ဿင်းတို့အခေါ်...၊ "တာဝန်လွယ်ကာ စစ်ကြောင်းထွက်,အမှူတော်ထမ်း၊ ခက်ခက်ခဲခဲ ပင်ပင်ပမ်းပမ်း၊ ဟိုး ရှေ့တန်းက အပြန်...။ အနားယူ,အပမ်းဖြေ အားပြန်၍မွေးရာ၊ တပ်ရင်း၊ တပ်မ၊ တပ်မဟာ၊ ဋ္ဌာနချုပ် စခန်း...၊ ဟိုးနောက်တန်း"...တဲ့။
အဆိုပါ လှမ်းထု၊ ရမ်းထုနေကြရသော တပ်ရင်း၊ တပ်မ ဌာနချုပ်တို့သည်ကား ယခုအခါမှာတော့...၊
'× ကိုယ်တို့စစ်မြေစခန်းမှာ ×
× အတူလာ၍ ချမ်း(ဟမ်းဟမ်း)လှည့်ပါ × 'ဆိုသည့် "ရှေ့တန်းစခန်း" ဖြစ်၍ နေချေပြီ...။
ရှေ့တန်း...၊ နောက်တန်း...။
စစ်လခ -စစ်ရိက္ခာ -စစ်ခွဲတမ်း -စစ်မှူထမ်းသက်တမ်း၊ ဘယ်ပုံဘယ်နည်း ခွဲခြမ်း၍ ဘယ်ပုံဘယ်နည်း ပေးကြကမ်းကြ ချီးမြှင့်ကြ၊ ဘယ်၍ဘယ်မျှ ရကြလေမည် မသိ။
အကယ်၍များ 'နမခ' - 'နောက်တန်း'က - "...ဒို့လည်းဘဲ ကာရန်မတော် ရှော့ဒုံးအဆော်ခံထိ၊ စစ်၏ရှေ့တန်းနဲ့ မထူးပါဘူး၊ စစ်၏အခွင့်အလမ်းများ ခံစားထိုက်ပါ၏...၊" ဆိုလာဘိခဲ့သော်...။
"ဒို့ကမှ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ ရှေ့တန်း...၊ တောအထပ်ထပ်ကျော် တောင်အထပ်ထပ်ပေါ် ခြင်းကြားကို နဖူးနဲ့ ကလော်ကာ တာဝန်ထမ်းခဲ့...။"
"ဘာခြင်းကြားမှ မပါ။ ကေတီဗွီ၊ ဘီယာ၊ ကာရာအိုကေ၊ ရသ၊ ဖဿ အမြည်းတွေနဲ့ မင်းတို့နောက်တန်းက ခံစားခွင့်တွေထက်တော့ ပိုပိုသာသာဖြစ်မှ ကျေနပ်နိုင်မယ်ကွ...။"
ဘယ်ဘက်က 'အသာ အစီး' ရကြလေမည် မသိ...။ မောင်ဘဦး သိချင်စမ်းပါဘိတော့...။ သေချာပေါက် သိသည်ကတော့ဖြင့်...၊ ဝန်ထမ်းဘဝ...၊ နိုင်ငံရပ်ခြားသွား - နိုင်ငံရပ်ခြားစရိတ်ရ။ အဝတ်အစားဖိုးက ပါလိုက်သေး။ ပြည်တွင်းသွား - ပြည်တွင်း ခရီးစရိတ် (တီအေ) ရ...။ အစည်းအဝေးသွား - စည်းဝေးစရိတ်...။ သင်တန်းသွား - သင်တန်းစရိတ်...။ တယ်ပြီးနိပ်ဟ...။
စခ၊ ရခ၊ ပခ၊ ပစတွေမှာက 'ရှေ့တန်း - နောက်တန်း'...။ ဘယ်လိုစည်းကမ်းနဲ့များ ပိုင်းခြားဝေခြမ်းကြမှာပါလိမ့်...။"
"ရှေ့တန်းမှာ အဖမ်းခံရ (ဝါ) ရှေ့တန်းမှာ အလောင်းမပြနိုင်လို့ကတော့၊ "...သွားဟ! ဂျာရေးကား...သားနဲ့ မယား...! ဒါ နောက်လူသစ်အတွက် "စစ်တန်လျား"...။ အင်း...၊ ရူပကာယလေးများ ကျန်သေးရင်တော့ "မဲလေး ဖောက်" ချီးမြှောက်ရမှာပေါ့...။ အဲ...။ ရေးဗိုလ်ကြီးနဲ့ မငြိမစွန်း၊ မထင်းခဲ့ရင် ပေါ့လေ...။"
ထားပါလေ၊ ထားပါတော့...။
(၄)
ဝမ်ပေါင်ကိစ္စကြောင့် မုံရွာအိုးရှင်းဆိပ်၏ အနောက်ဘက်ကမ်း ဆားလင်းကြီးတွင် ပြေးနေရသော ဆရာကြီး...။ မြေး မြစ်တွေက ဟိုမှာစိတ်မချ၍ သွားခေါ်ကာမှ သည်ရောက်တော့ ထပ်မံပြေးရသူ... ။ ရောက်တာမှ ဥပုသ်တစ်ပတ် မပြည့်တတ်သေး၊ ဗုံးသံ အုန်းသံ ဂျိုင်ရိုကော်ပတာသံတွေကြား ထပ်မံပြေးရပြန်ပြီ။
"...အမြောက်သံ × စိန်သံ(အန်းဟန်ဟန်) ×
ဗုံးသံတွေကြား(အားဟာ) ×
သက်စွန့်ဆံဖျား...၊" ဆိုသလို၊ ပြည်သူတွေဆီ ဦးတည်ချိန်ရွယ် ပစ်ခတ်နေသော လက်နက်ကြီးကျည်ဆန်တွေအကြား သက်စွန့်ဆံဖျား ပြေးရပြန်လေပြီ။
'သက်စွန့်ဆံဖျား'ဆိုတာ ဟုတ်သည်။ စစ်ခွေးတို့၏ ဂျိုင်ရိုကော်ပတာ အောက်ကနေ၍ သက်စွန့်ဆံဖျား ပြေးခဲ့ရပါ၏။ 'ပြည်သူတွေဆီ ဦးတည်ချိန်ရွယ် ပစ်ခတ်နေသော' ဆိုသည်ကို လွန်တာပေါ့ ဆိုချင်သူများ...။ ကြောက်လန့်တကြား ပြေးလွှားနေကြသော ပြည်သူများအပေါ် ဂျိုင်ရိုကော်ပတာပေါ်မှ လက်နက်ကြီးနှင့် မပစ်မီ ဓာတ်ပုံရိုက်ယူကာ အောင်ပွဲခံနေကြသော စစ်ခွေးတို့၏ လိုင်းပေါ်ပလူပျံနေသည့်ပုံများကား ရင်နာဖွယ်အတိ ။
'ဖိုးကံကောင်းတို့ သွားလေရာ လနကြီးမိုး လိုက်လို့ရွာ' စာချိုးကိုပင် ပြောင်းရမလိုလို...။ လက်နက်ကြီးပစ်ကူ ၁၀-လုံးလောက် ရှိမည်ထင်၏၊ ရမ်းပစ်သည်။ ဂျိုင်ရိုကော်ပတာ ၂စင်းဖြင့်လည်း အပေါ်စီးကြည့်ပြီး သေချာချိန်ပစ်သည်၊ ကြဲသည်။ တကယ်တမ်း လနကြီးရန် ဗုံးဒဏ် ကာကွယ်နိုင်သည်က ဗုံးခိုကျင်းဖြစ်ပါငြား၊ နယ်စပ်ဒေသမှာလို လေယာဉ်သံ ကြားလျှင်ပင် ဗုံးခိုကျင်းထဲ ဆင်းပြေးရမှန်း အညာမှာက တယ်မသိကြသေး။ တလုံး နှစ်လုံး အုံးသံကြားပြီးမှသာ ကျင်းထဲဝင်ကြသည်။ ဒါတောင် ကျသံကွဲသံဝေးသေးလျှင် မဝင်ချင် မဆင်းချင်ကြ။ ပစ်သံကြီးက ကျယ်ပေငြား၊ ကျသံကွဲသံ ဝေးနေသေးလို့ကတော့ဖြင့် ဆိုင်ကယ်လေး စီး၊ လ္ဘက်ရည်လေး သောက်၊ သတင်းပလင်းလေး လှမ်းထောက်ကြရင်း သာသာယာယာ...။ အညာဒေသ...၊ စခတွေ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလျှင်တော့ ပြေးကြသည်။
(၅)
"...အေးဆေးတယ်ဘုရား။ ဒါပေမဲ့ ခုတလော ရွာထဲမှာ လနကိုင် မျက်နှာစိမ်းတွေ များများလာတယ်ဘုရား။ ရွာပလဖ ပြောတာကတော့ မိုင်းပွိုင့်တွေ ဆင်ထားတာလည်း များသတဲ့။ ခေါ်လာခဲ့တော့မယ် ဘုရား...။"
"...ဟလို၊ ခုတော့ အေးဆေးပါတယ်၊ ဒါပေမဲ့ ဟိုကောင်တွေအပြန် သေချာပေါက် ပွဲကမယ်ဆိုလို့၊ အခု (...)ရွာတောင် ရောက်နေပြီ...။"
"...ရွာပလဖက အရှောင်ခိုင်းလို့ အခု ပြေးနေရတယ်၊ နောက်မှ ထပ်ဆက်လိုက်မယ်...။"
ဒါက ပွဲမစ,ခင် တရက်နှစ်ရက်သုံးရက်အလို၊ ငါးရက်တစ်ပတ်အလိုက ဖုန်းတွေ...။ လွန်ခဲ့သည့် ၂-နှစ်က သတိပေးသည့်အနေ၊ "ဗူး တစ်ရာ ပိတ်နိုင်ပါသော်ငြား" (မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၃ (https://ift.tt/SnkOrzP) ကိုပင် သတိရမိလေသေးတော့ ...။
ပွဲကသည့်နေ့၊ ဖုန်း၊ အင်တာနက်သတင်းတွေက ရှိသေးသည်။ 'ဖုန်း၊ အင်တာနက် ဆက်သွယ်ရေးအဝဝ၊ တော်လှန်ရေးဘက်ကလူတွေ ပိုင်သည်' လို့များ မှတ်ထင်နေကြရော့လေသလား... ။ အညာပြည်သူများ သတိထားစရာ။
ဒီတခါ အညာကို ခွေးစစ်ကြောင်းထိုးပုံက သာလွန်အင်အား ၂၀၀ ဖြင့် ရွာထဲသို့ ပစ်ခတ်ဝင်၊ မီးတင်၍ ရှို့ လုံးဝနေဖို့ မကောင်းသောကြောင့် ပြေးကြခြင်း ဖြစ်ပါ၏။ ကတ်သီးကတ်သတ် ပေကပ်နေသူများပင် မနေနိုင်တော့။ ပြေးကြရသည်။ မီးရှို့ရင်းက ရွာထဲမှ စားလို့ရတာအကုန်ယူ၊ လိုချင်တာဟူသမျှ အကုန်သယ်။ သယ်ကြ ယူကြ စားကြ သောက်ကြ မူးကြ ရူးကြ ညအိပ်ကြလေ၏။
လုံခြုံစိတ်ချရသောနေရာ မရောက်မချင်း ကြောက်အားလန့်အား ပြေးကြလွှားကြ။ စိတ်မောလူမော။ ပြေးရင်းလွှားရင်း ဆက်သွယ်ရေး ရပါက...၊ မိမိ၏ တည်နေရာကို သတင်းပို့ကြလေ၏။ ဆွေမျိုးဉာတကာ စိတ်မပူအောင်ပါ့ လေ...။ တခါတရံ လက်နက်ကြီးမှာ 'ဘယ်ရွာ၏ အလယ်တည့်တည့်'၊ 'ဘယ်ရွာ၏အရှေ့မြောက်ဘက် ယာဘယ်နှကွက်အကွာက ဘယ်သူ့အခင်းထဲသို့ ကျရောက်ပေါက်ကွဲကြောင်း'၊ တည်နေရာ အတိအကျ၊ ချိန်ကိုက်၍ပင် သတင်းပေးကြလေ၏။ တရွာနှင့်တရွာရှိ ဆွေမျိုးဉာတကာများသာမက၊ တမြို့နှင့် တမြို၊ ပြည်တွင်းပြည်ပ မိတ်ဆွေသင်္ဂဟများဆီအထိ သတင်းအတိအကျ ပို့လိုက်ကြလေ၏။ တချို့ လိုင်းပေါ်သို့ပင် တင်လိုက်ကြလေ၏။
"...နင် အခု ဘယ်မှာလဲ...။ ငါတော့ အစက (...)ထဲမှာ၊ ပထမလက်နက်ကြီးတလုံး ကျပြီး ပီဒက်တွေရောက်လာကြလို့၊ အခု တခြားနေရာ ထပ်ပြောင်းရတယ်...။"
တခါတရံ ဖြစ်ပွားရာ နေရာနှင့် နီးသောသူထက်၊ ပြည်ပရောက် အိန္ဒြိယ-အိုက်ဇောပြည်နယ် နေသူတို့က ရွာသတင်းများကို ဦးဦးဖျားဖျား ကြားသိကြသည်လည်း ရှိပါ၏။ တခါက ရွာဗုံးခိုကျင်းထဲ ပုန်းနေရာ၊ ၂ ရက်ကြာသည်အထိ ဘာသတင်းမှ မရ။ အဘယ် ပ ၃-လုံးကိုမှ စုံစမ်းမေးမြန်း၍ မရ။ နောက်ဆုံး အိန္ဒြိယအိုက်ဇောကို လှမ်းမေးတော့မှ ယမန်နေ့ ည ၁ ချက်လောက်ကပင် စခများ ရွာထဲမှ ပြန်ထွက်သွားကြောင်း သိရှိရသဖြင့် ထိုအခါကျမှ ဗုံးခိုကျင်းထဲက ထွက်လာခဲ့ရဖူး၏။
(၆)
တချို့တို့မှာမူ သတင်းတော့ မပို့။ ပြေးရင်းလွှားရင်းက အတန်ငယ် လုံခြုံသည်ဟု ထင်ရသောနေရာအရောက်၊ သူ့အမြင် ကိုယ့်အမြင် အမြင်ချင်းဖလှယ်ကြ၊ ငြင်းကြခုံကြ၊ 'ကောချ'ကြ (အညာအသုံးအနှုန်း - စကားပြောကြ)၊ လေသေနတ်နှင့် စစ်တိုက်ကြလေသတည်း။
"...ဆရာကြီးက လက်နက်ကြီးကို မိုးခေါ်သလိုများ ခေါ်လာလေသလား ဗျာ...။"
"...ဆရာကြီး မြစ်အနောက်ဘက် ပြေးနေတုန်းမယ်၊ ကျုပ်တိုဆီလည်း လက်နက်ကြီးနဲ့ အကြောင်းမရှိ ရမ်းထုလို့ ၄-၅-ယောက်လောက် သေရှာကြသေး သဗျာ...။ နောက်နေ့၊ လက်နက်ကြီးကျတဲ့နေရာနဲ့ ပေလမ်းနဲ့ ပေကြိုးတွေနဲ့ လာတိုင်းသွားကြသဗျ...။"
"...ဟုတ်တယ်နော်...။ ပကဖထဲ လိုက်လိုက် မလိုက်လိုက်...၊ လနကရမ်းထုလို့ ထိသွားတော့လည်း... ။ ပကဖထဲ မလိုက်စေချင်လည်း စစ်မှုထမ်းပေါ်တာက ဆွဲကိုဆွဲဦးမှာ။ ဟို၊ ကိုယ့်သားသမီးက ပကဖထဲ အရမ်းလိုက်ချင်နေတာကို ဖျက်ကြတဲ့ ဘိုးဘွားမိဘတွေ သိဖို့ကောင်းတယ်...။"
"...စကားမစပ် ကျုပ်တို့ မြစ်အနောက်ဘက်ကမ်းကတော့ဗျာ...၊ 'နားနဲ့ဆတ်ဆတ်'က ၉-ချက်...၊ ခေတ်သစ်သတင်း တက်လာလို့ ကြည့်လိုက်တော့ အလုံး-၃၀ တဲ့...။ ကျုပ် စက္ခု နဲ့ သောတ အာရုံခံအင်္ဂါတွေလည်း 'ချဉ်'ကုန်ပြီ ထင်ပါရဲ့ဗျာ (ဖောက်ပြန်ကုန်ပြီ ထင်ပါရဲ့)။ တော်ပါသေးဗျာ၊ နောက်မှသိရတာက ပစ်ဖို့ရာ ဆင်နေတုန်း စစ်ကြောင်းလာလို့ ထားပြီးထွက်ပြေးခဲ့ရတဲ့၊ ခွေးတွေ သိမ်းသွားတဲ့ ရော့ကတ်က ၁၅ လုံး တဲ့ဗျ...။ ဒီလိုဆိုတော့၊ ငါ့စက္ခုတွေ သောတတွေ ကောင်းသေးသားပဲ...၊ တော်တော်သေးရဲ့ဟဲ့လို့ အောက်မေ့မိရသပေါ့ ဗျာ...။"
"...စစ်ခွေးတွေပြန်ပြီ ဆိုပြီး ရွာပြန်သွားလို့ အသတ်ခံရတဲ့ (...) တို့ကို သတိရသဗျာ။ ခမျာ အဲသည်တုန်းက ကျုပ်နဲ့ နောက်ဆုံး စကားပြောသွားရှာတာ...။ 'ခွေးတွေ ပြန်တာ သေချာဦးတောင်မှ မိုင်းထောင်တာတို့ ဘာတို့ ဖြစ်တတ်လို့ မနက်ဖြန်လောက်မှ ပြန်ဖို့' ပြောတော့ သူတို့က ပြန်ပြောတယ်ဗျ...။"
"...အရင်တခေါက်က ရွာထဲကို စစ်ကြောင်းမဝင်ဘူး...။ ရွာ့ပြင်ကနေပဲ ဖြတ်သွားတာ...။ ဒါပေမဲ့ သူ့အိမ်က ဆိုလာပြားအကြီး ၂ ချပ်ရော ဘက်ထရီတွေ ကြိုးဆွဲမီးစက်အပြင်၊ သူ့သမီးဈေးဆိုင်က သိန်း ၃၀ ကျော် ပါသွားလို့၊ 'တောကြောင်သူခိုးတွေရန်က ရှိသေးတယ်၊ ကျုပ်တို့ ပြန်လိုက်ဦးမယ်ဗျာ' ပြောပြီး ပြန်ချသွားတာ။ ဟိုလည်းရောက်ရော ခွေးတွေက အယောင်ပြ-ပြန်တယ် လုပ်တာနဲ့ တိုးတော့ အသတ်ခံလိုက်ရရှာတာပေါ့ဗျာ...။"
"...စစ်ကြောင်းတခု ဝင်လိုက်တာနဲ့ စစ်ခွေးတွေ ဝင်တဲ့ရွာရော၊ မဝင်တဲ့ ရွာရော ပစ္စည်းပစ္စယတွေ ပျောက်ကြရှကြတယ်ဗျ...။"
"... စစ်ခွေးဝင်တဲ့ရွာကတော့ သေချာပေါက်ပေါ့...၊ ရွှေ၊ ငွေ၊ ဆိုင်ကယ်,ကား၊ ဆက်တီခုံတွေကအစ ဘာမှမချန်ဘူးဗျို့...၊ အကုန် ကားနဲ့ တင်၊ မ,သွားကြတော့တာဘဲ...။"
"...ဒီ ပီဒက်ကလေးတွေနှယ် တော်...၊ မထိခလုတ်ထိခလုတ် လုပ်လုပ်သွား...။ ပြီးတော့ ထွက်ပြေးကြ...။ ခံရတော့ ကျုပ်တို့ ...။"
"...ဟုတ်ပါ့တော် ...။ ဒဗရင်း(ဒီပဲရင်း)လို ဘ,တပြန် ကျားတပြန် သူချကိုယ်ချ အပြတ်ချလို့ ခံရတယ်ဆိုတာမျိုးဆို ခံရပလေ့စေ၊ တန်သေးတယ် ...။"
"ဟာ...၊ ဒါတော့ ခင်ဗျားတို့ မှားတယ်ဗျ။ နေဦး နေဦး...။ ဒီစကားတွေဟာ စစ်ခွေးဘောမတွေဆီက မြစ်ဖျားခံလာတဲ့ စကားတွေပါဗျ ။ ပြီးတော့ စကစနဲ့ပေါင်း၊ အလုပ်တွေလုပ်ပြီး ကြီးပွားနေကြ၊ သာယာနေကြတဲ့ဆီက လာတဲ့ စကားတွေပါဗျာ...၊ သွားမယုံလိုက်ကြပါနဲ့...။"
"...ညည်းတို့နှယ်...။ ဟိုကောင် ဇော်မဲလုံး မိုးလုံးပြည့်လိမ်တာတို့ စစ်ဘောမတသိုက် ဖာစကားပြောတာတိုကို ယုံသလို ဖြစ်နေပြီ...။ ဟိုကောင်က ပဒပ်တွေရှိလို့ ပစ်တာဆိုပြီး လိမ်တာ။ တကယ့်တမ်းက အကြောက်တရား ရိုက်သွင်းတာကြီး ဟ...။"
"သီတင်းကျွတ်လပြည့်ည မုံရွာ-ကန်သာယာ ဖွင့်ပွဲရယ်၊ ကျောက္ကာလမ်း မီးထွန်းပွဲရယ်၊ ကကြ ခုန်ကြ ပျော်ပါးကြတဲ့ တညတည်း တချိန်တည်းမယ်၊ မုံရွာ ချောင်းဦးနယ်စပ် ဘုံတိုရွာ သီတင်းကျွတ်မီးထွန်းပွဲကို ဘာတိုက်ပွဲမှမရှိဘဲ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ကလေးတွေ သေကြရတာကိုရော...၊ ညည်းတို့ ဘယ်လိုပြောမလဲ...။ မထိခလုတ် လုပ်ပြီး ထွက်ပြေးသွားကြလို့ မဟုတ်ဘူးနော် ၊ သူတို့ဘာသာ အခြောက်တိုက် ဗုံးဝင်ကြဲတာ..။ ပြီးတော့ အောင်ပွဲခံကြတဲ့ပုံတွေ လိုင်းပေါ်တက်လာသေး...။"
"...တပြည်လုံးမှာ ဒါမျိုးဖြစ်စဥ်တွေ အများကြီးပဲ။ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ လူနေအိမ်တွေ၊ ဘာတိုက်ပွဲမှ မဖြစ်ဘဲ အခြောက်တိုက် ဗုံးကြဲသွားတာ...။"
"ဒီမယ်...။ ကျုပ်တိုရွာ မီးရှို့သွားလို့ ကျုပ်အိမ် ပါသွားတုန်းကလည်း ဘာအကြောင်းမှ မရှိဘူးဗျ။ အဲသည်တုန်းက ကျုပ်တို့ဆီ ဘာပီဒက်မှ မရှိသေးပါဘူးဗျာ...။ အဲသည်ကနောက်မှ မခံရပ်နိုင်လွန်းလို့ ထဖွဲ့ကြတာ...။ စခ၊ စရ၊ ပခတွေ မူးကြောင်ရူးကြောင်နဲ့ သက်သက်မဲ့ သေနတ်တွေ ပစ်ဖောက်ဝင်လာပြီး ကျုပ်တို့ ထွက်ပြေးကြတော့ သင်းတို့ ထင်သလိုယူ သင်းတို့ ကြိုက်သလို လုပ်သွားကြတာပါ...။"
"ဟုတ်တယ်ဗျ...။ အဲသည်တုန်းက အိမ်နား ဆိတ်ခြံက ဆိတ် ၂ ကောင် ယူသတ်၊ မူရူးပြီး ချက်ပြုတ်စားသွားကြတာ...။ သင်းတို့ ပြန်ထွက်သွားလို့ ရွာထဲ ပြန်လာတော့ ဖျက်ထားတဲ့ အရိုးတွေရယ် ကလီစာတချို့ရယ် ဒီတိုင်းပစ်ထားတာ အပုပ်နံ့တောင် ထွက်နေပြီ...။ ရွာလယ် ကွန်ကရစ်လမ်းမပေါ်မယ်ဗျာ...၊ ချေးတွေ သေးတွေ သေးပေါက်ပြီးထည့်ထားတဲ့ ရေသန့်ဘူးတွေ၊ မှောက်လဲပြီး ဖိတ်ကျနေတဲ့ ဆီပုံး ဆီပုလင်းတွေ။ ကျည်ထောတိုင်း ကြောက်အားလန့်အား ခြောက်လှန့်ပြီး ပစ်ထားတဲ့ ကျည်ခွံတွေ၊ အိမ်တွေထဲက စားပွဲတန်းလျားတွေ၊ စောင်တွေ၊ လမ်းလယ်ကောင်မယ် ဒီအတိုင်း ပစ်ထားခဲ့တာ...။ 'ပွစိနောင် တက်'လို့(ရှူပ်ပွ လို့) ဗျ...။ မိုင်းတောင် ထောင်ထားခဲ့သေး ဗျား...။ အဲဒါ ဘာတိုက်ပွဲမှ မရှိခဲ့ပါဘူးဗျာ။ စစ်ခွေးတွေ စရိုက်ကိုက ဒီအတိုင်း...။ ပြည်သူကို အကြောက်တရား ရိုက်သွင်းတာ...။ တချို့ရွာတွေဆိုရင် စကစတွေဟာ မသတ်ခင် မုဒိန်းကျင့်၊ မျက်စိတွေထုတ်၊ လက်ခြေတွေ ဖြတ်၊ လိင်အင်္ဂါတွေ ဖြတ်၊ မျိုးစုံနှိပ်စက်ပြီးမှ သတ်ထာ...။"
"အင်း...။ တခါတလေ သတင်းတွေက ဇော်မဲလုံး တို့ရဲ့ စကစလို အလိမ်အညာ မဟုတ်ဘဲ အမှန်တွေပေသိ၊ လိုင်းပေါ်တက်လာတာတွေဟာ တကယ့်လက်တွေ့ မြေပြင်ဒေတာရဲ့ တဝက်တောင်မှ မရှိဘူးဗျနော...။"
"ဟုတ်သယ်ဗျ...။ ရွှေဘို၊ ဝက်လက်၊ အရာတော် ဘက်မယ် တကယ်တမ်း မြေပြင်ဒေတာတွေရဲ့ ဖြစ်စဉ်တဝက်တောင် လိုင်းပေါ်တက်မလာဘူး ဗျ...။ လိုင်းတွေ အဖြတ်ခံထားရတာလည်း ပါလိမ့်မယ်။ ရသာကြီး(ရွာသာကြီး)က ကျုပ်အမျိုးတွေ ပြောပြလို့ သိရတာ... ။"
"ကျုပ်ကိုယ်တိုင် မနှစ်က နေအိမ် မီးရှို့ ခံထားရတာ။ ဘာမှ မရလိုက်ဘူး... ။ ကျုပ်တို့ အဘိုးကြီး အဘွားကြီး၊ လင်ကိုယ်၊ မယားကိုယ်...။ တကယ့်တကယ် ဖြစ်လာရင် အချင်းချင်း ဝိုင်းကြဝန်းကြစောင့်ရှောက်ကြတာ မရှိလှပါဘူးဗျာ။ ကိုယ်ဖြစ် ကိုယ်ခံကြီးပါ...။ ကိုယ့်လူမျိုးကိုက အလှူအတန်းလုပ်တာတောင် 'မြစ်ထဲ မိုးရွာ'...၊ အဆောက်အဦတွေ ပြည့်ညပ်နေတဲ့ ဘုန်းကြီးကျောင်းလိုမျိုးသာ အဆောက်အဦတွေ ထပ်ထပ်ဆောက်ချင်ကြတာကလား..."
"...အဲသည်တုန်းကများ ကျုပ်တို့ အအိုလင်မယားမယ်ဗျာ... မိုးတွေထဲ နေစရာလေးရဖို့ မီးလောင်ပြင် ရှင်းလင်းပြီး တဲလေးဆောက်တာတောင် ရှင်းပေးမယ့်သူတွေက ကြက်သွန်စိုက်တွေ အကုန်သိမ်းကုန်ကြတော့မှပဲ ငှားလို့ရတော့တာ။ (https://ift.tt/lv0RT5z ဖြစ်ပျက်အမှန်)။ လက်သမားရောပဲ။ ဒါ...၊ နေ့တွက် တသောင်း၊ တသောင်းခွဲ, နှစ်သောင်း နော်...။ တချို့တွေများ ကျိတ်ခံစားကြရရှာတယ်...။ ဒါ... မီးဘေးလေး ရှိပါသေးတယ်...။"
"...တချို့မိသားစုတွေရင်ထဲ လောင်နေကြရရှာတာက ကျုပ်တို့ မီးထဲ ပါသွားတာထက် မကပါဘူးလေ။ တချို့ဆို မိသားစုလိုက်...ပျက်စီးရှာကြတယ်...။ တချို့ မိသားစု ၄-၅-၆ ယောက်ရှိတဲ့အထဲမယ် လူမမည် တယောက်ပဲ ကျန်တော့တာ...။ တချို့ မိန်းမတွေဆို တိတ်တိတ်လေး ခိုးငိုကြရ... ။ အင်း...။ ပြောရတာ ရင်နာလွန်းလှ...။"
"...လိုရင်းချုပ်ကြရင် စစ်အာဏာရှင်နဲ့ စစ်အာဏာရှင်ကို ပံ့ပိုးနေကြတဲ့သူတွေ ဒေါက်တိုင်တွေ မျိုးသုဉ်းတော့မှပဲ ဒီလိုကိစ္စတွေက အဆုံးသတ်ကြရမှာ...။"
"စစ်အာဏာရှင် မျိုးသုဥ်း ချုပ်ငြိမ်းဖို့ ဆိုတာက လက်နက်နဲ့ တော်လှန်တိုက်ခိုက်နိုင်မှ ရမှာ မှန်ပေမယ့်...၊ သူတို့လေးတွေ တော်လှန်တိုက်ခိုက်နေကြတုန်း၊ ခင်ဗျားတို့ ကျုပ်တို့ဘက်ကလည်း၊ အိမ်နီးနားချင်း အချင်းချင်း၊ ဆယ်အိမ်စု အချင်းချင်း၊ ရာအိမ်စု အချင်းချင်း၊ တရွာတည်းနေ တရေတည်းသောက် အချင်းချင်း၊ အုပ်စုဝင် ကျေးရွာ အချင်းချင်း၊ ရွာနီးချုပ်စပ် အချင်းချင်း၊ တနယ်တည်းသားချင်း၊ တမြို့နယ်ထဲသားချင်း၊ တိုင်းတခုတည်းချင်း၊ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တိုင်း၊ ပြည်နယ် အချင်းချင်း၊ စသည်စသည်...၊ အချင်းချင်း ကူညီရိုင်းပင်းကြမှ...။ အချင်းချင်း တယောက်ကို တယောက် စာနာထောက်ထားကြမှ...။ ဒုက္ခရောက် အားငယ်နေသူတွေကို အားပေးကူညီ ဖေးမကြမှ...။ တော်လှန်ရေးကြီးဟာ သည့်ထက်သည် ပိုပြီး မြန်မြန်ဆန်ဆန် ပြီးစီးအောင်မြင်မှာပေါ့ဗျာ...။"
"...သည်လိုမှမဟုတ်ဘဲ သူခိုးက ထမင်းပေါင်းအိုး ဝင်ခိုးလို့ အော်ပြီးလိုက်တာတောင် ဘေးအိမ်တွေက တုတ်တုတ်မှ မလှုပ်ကြရင်ဖြင့်၊ သူခိုးက လူပြန်ဟစ်, 'မိုက်တဲ့ကောင် ထွက်ခဲ့' စိန်ခေါ်တာကို ခံကြရမှာပါပဲ...။ (သူခိုး https://ift.tt/lELr0qy ဖြစ်ပျက်အမှန်)။ 'ကိုယ့် မထိသေးသ၍ ကိုယ်နဲ့ မဆိုင်'၊ 'ကိုယ့် မထိသေးသ၍ သာသာယာယာ နေလိုက်မယ်'၊ ဆိုတဲ့ အမြင်တွေ၊ စိတ်ဓာတ်တွေ ရှိနေကြသေးသ၍၊ တော်လှန်ရေးကြီးက ကြာနေဦးမှာပဲ...။"
"...ကိုယ့်အိမ်နီးနားချင်းမယ် သူခိုးဝင်ကပ်လို့ 'ကယ်ကြပါဦး' အော်နေတာကို၊ ...ငါနဲ့မဆိုင်, ...အနေသာကြီး, ...ထ,ပြီးတော့တောင် မကြည့်နိုင်ကြဘဲနဲ့ ၊
- "ဟို ပြည်နယ်က... အရေးထဲ အပစ်အခတ် ရပ်လိုက်သေးသကွာ..."၊ တို့၊
- "ဟိုအဖွဲ့ကွာ စကစ နဲ့ လက်မှတ်ထိုးရသတဲ့လား..." တို့၊ ဆိုတာတွေဟာ ရယ်စရာ ကောင်းမနေဘူးလား ဗျာ...။"
(၇)
အာဂုံအလွတ်ရ နားရည်ဝနေသည့် 'ဩကာသ'ကို၊ နှစ်ပရိစ္ဆေဒ အတော်ကြာ ဆောင့်ကြောင့်ထိုင် ကုန်းအော်ကာ ဆုတောင်းခဲ့လေသမျှ၊ တချက်လေးကမှ မပြည့်စုံကြရသေး... ။
- အပါယ် ၄-ပါး၊
- ကပ် ၃-ပါး၊
- ရပ်ပြစ် ၈-ပါး၊
- ရေ၊ မီး၊ မင်းဆိုး၊ သူခိုး ဓားပြ၊ သားဆိုး သမီးဆိုး... ဟူသည့် ရန်သူမျိုး ၅-ပါး၊
- ဖောက်ပြန်ချွတ်ယွင်း ပျက်စီးခြင်း... ဝိပ္ပတိ တရား ၄-ပါး၊
- ဆုံးရှုံးပျက်စီးရခြင်း... ဗျသနတရား ၅-ပါး၊ တို့မှ...၊ အခါခပ်သိမ်း၊ ကင်းလွတ်ငြိမ်းသည်ဖြစ်၍...။
အခါခပ်သိမ်း၊ ကင်းလွတ်ငြိမ်းရသည်ဖြစ်၍...။
သုခိတာ ဟောထ၊
- နွေဦးတော်လှန်ရေးသူရဲကောင်းအပေါင်း၊ ကျမ္မာ ချမ်းသာကြပါစေ။
- တော်လှန်ပြည်သူအပေါင်း၊ ကျမ္မာ ချမ်းသာကြပါစေ၊
မောင်ဘဦး
၈၇၊ မုန်းဆုတ် ၁၂)
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar