ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကျားဖြန့်ငနံတွေအတွက် သားဂန့်မခံ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကျားဖြန့်ငနံတွေအတွက် သားဂန့်မခံ
မိုးမခ ၊ နိုဝင်ဘာ ၂၄ ၊ ၂၀၂၅
သေးပေါက်ပွဲလေး နီးလာတော့ ကိုကိုကြီးကလည်း ဗိုလ်ချုပ် ပြိုင်ခဲ့ဖူးတဲ့မြို့မှာ ဗိုလ်ချုပ်လေသံနဲ့ မဲစည်းရုံး၊ ခင်ရီကလည်း ကျောခင်းပေးမယ်ချည်းပဲပြော၊ သူ့လူတွေက ဖျင်ချချင်ကြတာ၊ အဲဒါ သိလို့ ကျောခင်းပေးမယ်ချည်း ဖင်ကလေး လက်ပိတ်ပြောနေရ၊ လစ်ရင် ချမယ့်ကောင်တွေချည်း။
ကြံ့တွေအဖို့ကလည်း သေးပေါက်ပွဲကာလတခုပဲ မြိုးမြိုးမြက်မြက် စားရတာလေ။ ဒီသူခိုးကြီးတွေဆီက သူဝှက်လုလို့ရတာ ဒီတချိန်ပဲ ရှိတာကိုး။ ပြည်သူကိုလည်း ဘာနဲ့ ထိုးချင်မှန်းသိရက်နဲ့ သူ့ကတိမတည်ရင် လက်သီးနဲ့ထိုးပါချည်း ပြောတယ်။ သက်သက်ခံ ဆို သက်သက်ကို ခံလိုက်ရတော့ လမ်းဆုံလမ်းမ လာပြီး ထစ်ငေါ့ထစ်ငေါ့နဲ့ အစ်အော့လုပ်ချင်တာ မလုပ်ရတော့။ သူ့ခမျာ ကြွေးပဲဆက်ဆပ်ရမလား၊ ခွေးပဲ ဖက်ရပ်ရမလားနဲ့ မိုးလင်းမိုးချုပ် ခေါသနီမလင်ကို ကလော်တုတ်နေသတဲ့။ အင်းလေ တုတ်လည်း တုတ်စရာ၊ လူတကာ တံတွေးခွက်ထဲ ပက်လက်စိမ်ပြီး ဘောမပေးနေပါရက်ကယ်နဲ့ ကျောချသွားတာကိုး။ ချစရာ ရှားလို့။ သူ့ပါတီက ဟာတွေကလဲ သူ့လို တူးသောင်ဇင်နှစ်ဆဲ့ငါး ဆိုတဲ့ ဂယောင်ဂယင် တကဲ့ငစားတွေ။ တိုင်းပြည် မသာမပေါ်အောင် ဘယာကြော် ကျွေးတာတဲ့၊ အဲလို အရေးပါကြတာ။
အင်း မအလလည်း ကျားဖြန့်အမှု လည်ရစ်နေလို့ သူ့သေးပေါက်ပွဲကို မကြွယ်ဖြစ်တာတောင် ကြာပေါ့။ အမေရိကန်က ကြိမ်တံပြာ ဝင့်ပြလိုက်တော့ ပြာပြာ ပြာပြာနဲ့ နွားကလေး အမော့သင်သလို ဖင်လေးလှုပ်လှုပ်ပြီး သုတ်သုတ်သုတ်သုတ်နဲ့ ဘားအံ ပြေးတာ။ အဲဒီ ဘားအံ သွားတာကိုက မှားတာလေ။ သူ့ဗေဒင်ဆရာ ဓာတ်ဆရာတွေကလည်း မပြောဘူးလား မသိ။ စားတဲ့ဖား အန်ရတဲ့နေရာကို သွားမှတော့ စားထားတာတွေ အန်ရတော့မှာပေါ့။ ဒီလိုပါဘဲ၊ ပျက်ချိန်တန်လာရင် အသေးအမွှားကစ လွဲတာ။ သူ ပြေးလာကထဲက သူ တရားခံမှန်းသိတော့တာပေါ့။ အဖမ်းဇာတ်လမ်းတုတွေမှာ သူ ဒါရိုက်တာမှန်း သိသွားကြပြီပေါ့။ BGF နိုင်မောင်ဇော်ကလဲ ငပါး၊ ယာယီသမတက ခိုင်းတဲ့အတိုင်း လုပ်တယ်တို့၊ စိုးဝင်းက သက်သေ အကုန်ဖျောက်ခိုင်းတယ်တို့ ကျားကို ထပ်ဖြန့်ကြတယ်လေ။
မအလကသာ နေပူတော်ကနေ ပြာယာခပ်နေတာ၊ ရွှေကုက္ကို စောချစ်သူကဖြင့် ထွက်တောင်မလာဘူး။ မသိရင် ကျားဖြန့်ပြဿနာက နေပူတော်မှာ ဖြစ်နေသယောင်ယောင်၊ လကမ္ဘာပေါ်မှာ ဖြစ်နေသလိုလို၊ အမှန်က သူ့ဝင်းထဲတင် ဖြစ်နေတာ၊ အေးဆေးဘဲနော်။ နိုင်မောင်ဇော် လောက်နဲ့ တောက်ချထားတာ။ နိုင်မောင်ဇော်ကလည်း အားကိုးလောက်တယ်။ ဇော်မဲလုံးထက် အပုံကြီးသာတယ်။ သူတို့အကြီးအကဲ စောချစ်သူဟာ အေးအေးလူလူ ဒေသဖွံ့ဖြိုးရေးတွေ အအိပ်အစားမပျက် လုပ်နေပါတယ်လို့ ကြွယ်ပေးလိုက်သေးတာ။ ဟိုကောင် မအလ ဝဲကျတဲ့ခွေးလို ပြေးမလိုထိုင်မလို လုပ်နေတာကြည့်ပြီး ခွိနေလောက်တယ်။ စောကြီးက ငါ့ထက်ပူရတဲ့ကောင်လုပ်လိမ့်မယ် ဆိုတဲ့ အထာ။ ဒီကောင့် ငါ့အပါ မခံနိုင်ဘူးပေါ့လေ။ ငါ ပါရင် သူ နာမယ်ဆိုတဲ့ ကီး။
ကျားဖြန့် အလုပ်သမားတယောက်ဟာ BGF ကို တလ ဘတ်နှစ်ထောင် ဆက်ကြေးပေးရတယ်ဆိုတော့ ကျားဖြန့် တသိန်းရှိရင် တလ ဘတ်သိန်းနှစ်ထောင်၊ နှစ်သိန်း ရှိရင် သိန်းလေးထောင် ရနေတဲ့ဘဲကို ဆွဲစိချင်ပေမယ့် လက်သည်းဝှက်ထားရတဲ့ ဘဝကို မအလကြီး စိတ်နာနေပတဲ့။ အဲ ငစောချစ်လင်မယားက သိန်းလေးထောင်တန် နာရီပတ်ပြီး တဟီးဟီး လုပ်နေတာကို မနာလိုပေမယ့် ပြုံးပြနေရတဲ့ ဘဝရဲ့ ခါးချက်တွေနဲ့ တရက် တရက် သွက်သွက်ခါနေသတဲ့။ စောကြီး သားသမီးတွေဆို ကိုးကန့်က ပယ် လျှို မြီအိမ်ရှေ့စံတွေထက် မလျော့နိုင်ဘူးလေ။ တနေ့တော့ သူတို့ကိုလည်း ကိုးကန့်ကြံ့တွေလမ်း မြန်းခိုင်းရမယ်ဆိုပြီး ကြိမ်းကြိမ်းနေသတဲ့။ ဒါက အောက်ခြေအလုပ်သမားဆီက ရတာလောက်နော်။ ခေါင်းပိုင်းတွေဆီကဆို ရာခိုင်နှုန်း ဘယ်လောက်ရမလဲ၊ ရှယ်ယာက ဘယ်လောက် ဒလဟောဝင်နေမလဲ စဉ်းစားကြည့်တော့။ စောကြီးက ဒူဘိုင်းစော်ဘွားတွေထက်များ သာနေမလားဆိုပြီး ပါးချည်းချချင်နေတယ် ဆိုကိုး။
ခုတော့ စောကြီးပါး ခါးခါးလူးပေးနေရတုန်း။ လူးပေးနေရဆို တဖက်မှာ စစ်ရေးမသာ ပစ်ပြေးမညှာလေ။ သူ့ကို မညှာမတာ ပစ်ပစ်ပြီး သေနတ်ပါ မမ ပြေးကြတာ။ အဲတော့ စစ်ရေးက မသာတွေချည်း။ အကုန် စစ်မတိုက်စစ်မဆိုင် ပြေးနိုင်သမျှဝေးဝေး ပြေးကြတော့တာ။ ဟို ထိုင်းပြေးတဲ့ကောင်တွေကတော့ ပြန်ရောက်လာပြီ၊ ပြန်တိုက်ခိုင်းလဲ ပြန်ပြေးကြမယ့်ကောင်တွေ။ တခါပြေးဘူး ခွေးကြောင်း နားလည်ဖြစ်နေကြ။ အေးလေ ဘယ်သူက အလကားအသေခံမလဲ။ ဘာတဲ့ ဆောင်ပုဒ်တောင် ရှိနေပတဲ့။ တကမ္ဘာလုံးက ရွံရှာ အော့နှလုံးနာနေတဲ့ ကျားဖြန့်ငနံတွေအတွက် သားဂန့်မခံပါတဲ့။ အင်း စစ်ရေးမသာလို့ ဘာအရေးသာလဲ မေး ဘာအရေးမှမသာ ကိုယ့်ဘုရားပေါ်ကိုယ်သွားတာတောင် ဆဲခံရတဲ့အဖြစ် အခန့်မသင့်ရင် မိုးကြိုးပစ် ချီးကားတိုက်သေအုံးမှာ။ အရေးထဲ ရွှေမန်း ဆိုတဲ့တကောင် ဝါးလုံးခေါင်းတွေထဲ လသာလိုက်တာ၊ သူ့သမီး တခုလပ်မ တိုက်ခန်း မီးလင်းတဲ့ ဇာတ်ရှုပ်တွေတောင် ကြွထလာသေး။
အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေကို ကျားဖြန့်အလုပ်ထဲ မောင်းသွင်းတယ်။ စစ်မှုထမ်းဥပဒေဟာ စစ်သားလုပ်သားလည်း ရသလို ကျားဖြန့်လုပ်သားလည်း ရစေတယ်။ လူငယ်တွေမှာ ဒါကလွဲ လုပ်စရာအလုပ်မရှိအောင် သေချာလုပ်ထားတာတွေ အလကားအဖြစ်မခံနိုင်လို့ ကျားဖြန့် ရွှေ့ပြောင်းနေရာချရေး မအလကိုယ်တိုင် ဦးဆောင်လုပ်နေရပါတယ်ဆို ဟော အမေရိကန်က တဆင့်တက်လာပြီ။ အာဆီယံလမ်းစဉ်ကို ဇမ်းမတင်နဲ့၊ ကိုယ့်နည်းလမ်းနဲ့ကို စစ်အုပ်စုကို ကြိတ်ဖို့ ထရမ့်ကို ဆော်ဩလာကြပြီ။ အမေရိကန်ငွေတွေ ထိုင်ခိုးနေတဲ့ ခွေးသူခိုးကို ဝိုင်းရိုးဖို့တိုက်တွန်းနေကြတာလေ။
အမေရိကန်အောက်လွှတ်တော်မှာ ကျားဖြန့်ဟာ မြန်မာစစ်တပ်အတွက် သိပ်အထောက်အကူဖြစ်နေတယ်၊ ကမ္ဘာ့ဒုစရိုက်ဌာနချုပ် ဖြစ်နေတယ်၊ တိုက်ဖျက်ရမယ်လို့ ပြောသွားတယ်။ အဲဒါကြောင့် အာ့ကျကျက နက်မဲအာဂျင်ဒါ ဘာညာပြောတာ။ အင်း ဒီတခါတော့ ပါပါပေါက်ဖော်ကလည်း ကယ်ပေးနိုင်ပါဦးမလား။ ပေပေကြီးကို ချစ်တယ် သီချင်း ဆက်ဆိုရုံမှတပါး အခြားမရှိတော့။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar