တော်လှန်ရေးအင်အားစုတွေရဲ့ မဟာဗျူဟာနဲ့ စစ်တပ်ရဲ့ မဟာဗျူဟာ
မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၄ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၅
တော်လှန်ရေးအင်အားစုတွေရဲ့ မဟာဗျူဟာနဲ့ စစ်တပ်ရဲ့ မဟာဗျူဟာ
တော်လှန်ရေး အင်အားစုတွေလို့ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ၊ ဗမာလူမျိုး အများစုနေတဲ့ ဒေသတွေမှာ ဖွဲ့စည်းလှုပ်ရှားနေကြတဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင် လျှက်ရှိကြတဲ့ လက်နက်ကိုင် အင်အားစုတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်နက်ကိုင်အဖွဲ့ မဟုတ်တဲ့ တက်ကြွလှုပ်ရှားသူ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ နိုင်ငံရေးသမားတွေ ကိုဆိုလိုတာ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစု ဆိုတဲ့ အခေါ်အဝေါ်က သတင်းမီဒီယာတွေ မှာ သုံးနှုန်းလေ့ရှိတဲ့ အသုံးအနှုန်း၊ ယေဘုယျဆန်တဲ့ အသုံးအနှုန်းလို့ ဆိုနိုင်ပါတယ်။ ဘယ်အဖွဲ့အစည်းကမှ ဒီစကားလုံးကို တိတိကျကျ အဓိပ္ပါယ် သတ်မှတ်ဖွင့်ဆိုထားတာ မရှိပဲ သတင်းမီဒီယာတွေ၊ နိုင်ငံရေး သုံးသပ်သူတွေက ယေဘုယျဆန်ဆန် အားလုံး သိမ်းကျုံးခေါ်ဆိုတာလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ဒီစကားလုံးနဲ့ ဘယ်အဖွဲ့အစည်းက အကျုံးဝင်ပြီး ဘယ်အဖွဲ့အစည်းက အကျုံးမဝင်ဘူးဆိုတာမျိုး သတ်မှတ်ထားတာ မရှိပါဘူး။
အကြမ်းဖျင်းအားဖြင့် ဆိုရရင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ကာလတွေမှာ စစ်ကောင်စီတပ်နဲ့ အပစ်ရပ် သဘောတူညီမှု ယူမထားတဲ့ အဖွဲ့၊ ယခင်က ရှိခဲ့ရင်တောင် လက်ရှိမှာ လိုက်နာကျင့်သုံးခြင်း မရှိတော့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၊ ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ်ပြောင်းလဲခဲ့ပြီး အခုထက်ထိတိုင်လည်း နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ဆက်လက်ရပ်တည်နေခြင်း မရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ နဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ခုခံတော်လှန်ကြဖို့ ဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အကျုံးဝင်တယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ အထက်က ရည်ညွှန်းတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအပြင် စစ်အာဏာရှင် စနစ်ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူနဲ့ နိုင်ငံရေးသမားတွေလည်း ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။
တော်လှန်ရေး အင်အားစုတွေမှာ မဟာဗျူဟာချမှတ်ထားတာ ရှိကြလားဆိုတဲ့ မေးခွန်း မေးကြည့်ရင် တဖွဲ့ချင်း တစုချင်း အနေနဲ့ မဟာဗျူဟာ ရှိတဲ့အဖွဲ့တွေ ရှိနိုင်ပါတယ်။ အချို့အဖွဲ့အစည်းတွေမှာတော့ မဟာဗျူဟာ ချမှတ်နိုင်တဲ့ အင်အား သိမြင်ကျွမ်းကျင်မှု မရှိကြတာလည်း ရှိနိုင်ပါတယ်။ သေချာတာက တော်လှန်ရေးအင်အားစုတွေ အားလုံး စုစည်းဆွေးနွေးပြီး ချမှတ်ထားတဲ့ မဟာဗျူဟာလိုမျိုးတော့ ရှိမနေတာ သေချာပါတယ်။
တော်လှန်ရေးအင်အားစုတွေ အနေနဲ့ တစုတစည်းတည်း အင်အားစုတခုဖြစ်ဖို့အတွက် တပ်ပေါင်းစုလို့ ဆိုတဲ့ စစ်ရေးလှုပ်ရှားမှုမှာ အမိန့်တခုထည်းအောက်က လှုပ်ရှားမယ့် အင်အားစု အနေအထားမျိုး ရှိသင့်တယ်၊ ရှိမှဖြစ်မယ်၊ မရှိရင် စစ်အာဏာရှင်ကို ဖြုတ်ချမယ့် လက်နက်ကိုင် တော်လှန်ရေး အောင်မြင်ဖို့ မလွယ်ကူဘူးလို့ ပြောဆိုကြပေမယ့် စစ်အာဏာသိမ်းပြီး ၅ နှစ်နီးပါး ရောက်လာချိန်အထိ တပ်ပေါင်းစု ဖွဲ့စည်းနိုင်မယ့် လက္ခဏာ မမြင်တွေ့ရသေးဘူးလို့ ဆိုနိုင်ပါတယ်။
တပ်ပေါင်းစု မဖွဲ့နိုင်ရင် တော်လှန်ရေး အင်အားစုတွေ အနေနဲ့ တခုထည်းသော မဟာဗျူဟာချမှတ် လှုပ်ရှားနိုင်ကြပါ့မလား၊ လှုပ်ရှားနိုင်ရဲ့လား ဆိုတဲ့ နောက်ထပ် မေးခွန်းတခု ပေါ်လာပါတယ်။ ခုလက်ရှိချိန်ထိတော့ တခုထည်းသော မဟာဗျူဟာ ချမှတ်ထားတာမျိုး၊ လိုက်နာဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ဆိုရမှာဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနက် ဒေသအလိုက် သော်လည်းကောင်း နီးစပ်မှုအရသော်လည်းကောင်း ၂ ဖွဲ့ ၃ ဖွဲ့ထပ်မံစုဖွဲ့ပြီး စစ်ရေးမဟာဗျူဟာ ချမှတ်တာ ဖေါ်ဆောင်တာတွေရှိခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးဟာ မြောက်ပိုင်း ညီနောင်မဟာမိတ် အဖွဲ့လို့ ခေါ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ ပူးပေါင်းဖေါ်ဆောင်တဲ့ စစ်ရေး မဟာဗျူဟာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေ စစ်ရေးအရ ပူးပေါင်းလှုပ်ရှားကြတဲ့ သာဓကတွေ အများအပြားရှိပါတယ်။ သို့ပေမယ့် အချို့သော ပူးပေါင်းဆောင်ရွက်မှုတွေက တန်းတူ ရည်တူပူးပေါင်းလုပ်ဆောင်တာမျိုး မဟုတ်တဲ့ ရေတို ပူးပေါင်းမှုတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဆန့်ကျင်ဘက် အာဏာသိမ်းစစ်တပ်ဘက်မှာတော့ စစ်တပ်နဲ့ ၄င်းတို့ရဲ့ အုပ်ချုပ်ရေး၊ ထောက်လှမ်းရေး၊ ရဲ စတဲ့ လုံခြုံရေးယန္တရားတွေက အမိန့်တခုထည်းအောက်မှာ ရှိနေသလို တော်လှန်ရေးအင်အားစုတွေကို ရင်ဆိုင်ရာမှာ မဟာဗျူဟာ ချမှတ်ပြီး လုပ်ဆောင်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ သူတို့က မဟာဗျူဟာကျကျ ဆိုရာမှာ တပ်မတော်အမိန့်အတိုင်း ဆောင်ရွက်ခြင်း၊ မိမိတို့ကိုယ်ကျိုးစီးပွားအတွက် စစ်တပ်၏ အကာအကွယ်ကို အပြည့်အ၀ရယူခြင်း၊ အဲသည် စစ်တပ်အကျိုးစီးပွားနဲ့ မိမိတကိုယ်ကောင်း အကျိုးစီးပွားကို တလိုင်းတည်းဖြစ်အောင် ထားရှိခြင်းဖြစ်ပါတယ်။ စစ်တပ်ကိုလည်း မထိခိုက်၊ မိမိကိုလည်း မထိခိုက်ဖို့ အကျိုးစီးပွားချင်း ကျောချင်းကပ်ထားကြတာမို့ အတွင်းပဋိပက္ခ နည်းအောင် ထိန်းသိမ်းနိုင်တယ်လို့ ကောက်ချက်ဆွဲရမှာ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုများ၏ အဖွဲ့အစည်းအလိုက် အကျိုးစီးပွားတွေ ရည်မှန်းချက်တွေက အခြားအဖွဲ့အစည်းများနဲ့ အလိုက်သင့်မရှိတာတွေ အငြင်းပွားကြတာတွေ ရှိကြသလို မိမိခြေကုပ်ယူရာ ဒေသခံတွေနဲ့လည်း အကျိုးစီးပွား ရည်မှန်းချက်တွေနဲ့ တထပ်တည်း မဖြစ်တာတွေကြောင့် တော်လှန်ရေး ကြာရှည်လာတာနဲ့အမျှ အတွင်းပဋိပက္ခတွေ အငြင်းပွားမှုတွေ ဖြစ်ကြ၊ ပေါ်ပေါက်လာကြတာကို သတိပြုမိကြတာ ဖြစ်ပါတယ်။ အဆိုပါ အတိုက်အခံအဖွဲ့အစည်းတွေက စစ်တပ်နဲ့ စစ်အုပ်စုနဲ့ အချိန်မရွေး တလိုင်းတည်း ဖြစ်အောင်လုပ်ဖို့ကလည်း သမိုင်းအစဉ်အလာအရ လုပ်ရိုးလုပ်စဉ် အတွေ့အကြုံတွေ ရှိခဲ့ကြပြီး ဖြစ်တာမို့ စစ်အုပ်စုနဲ့ align လုပ်ချင်ရင် တဖက်တည်းသွားနေချင်ရင် ငါ့ကို မတိုက်နဲ့ မင်းကို မတိုက်ဘူး ဆိုတဲ့ အကျိုးစီးပွားချင်း သဘောတူညီချက်မျိူး ရယူထိန်းသိမ်းပေးတာ ဖြစ်ပါတယ်။ အဲသည်မှာ ပြည်သူလူထု ဆိုတဲ့ ဒေသခံတွေ၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးဖို့ စောင့်ရှောက်ပေးဖို့ကို ကျောခိုင်းလိုက်ကြခြင်း ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ၏ အဓိကအောင်မြင်ရေး မဟာဗျုဟာဆိုသည်မှာ အဖွဲ့အစည်းအားလုံး၏ဘုံရည်မှန်းချက် အကျိုးစီးပွားဆိုတာသည် ဒေသခံနဲ့ ပတ်ဝန်းကျင်ရှိ ပြည်သူလူထု၏ အကျိုးစီးပွားနဲ့ ထပ်တူဖြစ်ဖို့ ပြည်သူကို မျက်နှာမူထားဖို့ကိုသာ ဦးတည်ရေးလို့သာ ဆိုရမှာ ဖြစ်ပါတယ်။ အဲသည်လို မျက်နှာမမူနိုင်ရင်တော့ စစ်အုပ်စု၏ ရပ်တည်ချက်လို မိမိတကိုယ်တည်းကောင်းစားရေးနဲ့ အာဏာရှင် လက်နက်ရှိသူအချင်းချင်း ညီညွတ်ရေး အကျိုးစီးပွားကျောချင်းကပ် ရှင်သန်ရေးသာ ဖြစ်ကျန်ရစ်ပါလိမ့်မယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar