Breaking News

ကိုသန်းလွင် - ရေကန်တို့၏နယ်

ကိုသန်းလွင် - ရေကန်တို့၏နယ်

(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၅

(၁)
စနေနေ့တိုင်း အိပ်ယာအနိုးမှာ ကျွန်တော်တို့လမ်းလျှောက်ထွက်လေ့ရှိပါသည်။ တစ်ခုသောစနေနေ့မှာ လမ်းလျှောက်နေစဉ် သားထံမှ ဖုန်းရသည်။ ‘ အဖေတို့ ဗီဇာမကုန်သေးခင် သားဆီကို လာခဲ့ကြပါလား ‘ ဟုသား ကဖိတ်ခေါ်သည်။ သားဆီကိုသွားဖို့ ဆိုင်ကို ပိတ်ရမည်။ ဝင်ငွေတွေ လျော့ကျမည်။ ဒါတွေကိုမစဉ်းစားနိုင်၊ လာ ခဲ့ပါမည် “ ဟု ပြောလိုက်သည်။ “ သား လေယာဉ်လက်မှတ် ဝယ်လိုက်တော့မယ်နော် “ ဟုပြောသည်။ သည်လို နှင့် အင်္ဂလန်သို့ ဒုတိယအကြိမ် ကျွန်တော်တို့ ရောက်ခဲ့ရခြင်းဖြစ်ပါသည်။
ပထမအကြိမ်ရောက်ရခြင်းမှာ သူ MBA (Master of Business Admininstration) ဘွဲ့ယူတုံးက ဖြစ်ပါ သည်။ ထိုပွဲကိုတက်ဖို့ ဗီဇာလျှောက်တော့ အင်္ဂလန်သံရုံးက ဗီဇာ ၆ လ ပေးလိုက်ပါသည်။ မေလက ပြန်လာကြရာ ဗီဇာက အောက်တိုဘာ ၁၃ ရက်တွင်မှ ကုန်မည်ဖြစ်ပါသည်။

(၂)
အရင်တခေါက်ကသားဘွဲ့ယူဖို့သွားရခြင်းတုံးက သားကလာခေါ်သဖြင့် သူနှင့်အတူ အင်္ဂလန်ကို လန်ဒန် (Heathrow) လေဆိပ်မှာဝင်ကြပါသည်။ အခက်အခဲ မရှိလိုက်။ အခုအခါ အဖိုးကြီး အဖွားကြီးနှစ်ယောက်ထဲ ဖြစ်သဖြင့် အခက်အခဲရှိမည်လားဟုပူမိသေးသည်။ ကျွန်တော်တို့အဖို့ကလည်း အင်္ဂလန်သို့သွားချင်သည့် စိတ် ကရှိသည်။ ဟိုတုန်းကလို အပိုအလုပ်တွေ မလုပ်နိုင်တော့။ မင်းအမေက စကော့တလန်ကိုသွားလည်ချင်တယ်ဟု ပြောလိုက်သည်။ အဖေကပြောပြီးသည်နှင့် သားက စီစဉ်စရာရှိတာတွေကို စီစဉ်ထားမှာသေချာပါသည်။ 
အင်္ဂလန် ရောက်မှသိရ သည်မှာ ‘ Lake District ‘ ကိုသွားဖို့စီစဉ်ထားသည်ဟုဆိုသည်။ Lake Drstrict ဆိုသည်မှာ အင်္ဂလန် အနောက်မြောက်ပိုင်းမှာရှိပြီး ရေကန်တွေရှိသောနယ်ဟုသာ အကြမ်းနားလည်မိသည်။ သားကသွားမည် ဆိုသောကြောင့် မြေပုံမှာ ရှာကြည့်ရသည်။
ရေကန်တွေပေါသောနေရာသို့လန်ဒန်မှ ၇ နာရီကျော်ကြာကြာ ကားမောင်းရပါသည်။ ကိန်းဘရစ်ကဆို လျင် ၅ နာရီကြာသည်။ ရေကန်တွေ ရေပြင်တွေကတော့ အလွန်ပေါပါသည်။ Lake Drstrict ဟု အမည်ပေးထားသော်လည်း ရေကန်က တစ်ကန်တည်းသာရှိသည်။ ကျန်တာတွေက ကျယ်ပြန့်သော ရေပြင်ကျယ်များသာဖြစ် သည်။ Bassenthwaite lake ဆိုသောရေကန်တစ်ကန်ထဲသာ ရှိသည်။ ထိုမှတဆင့်ရေပြင်ကျယ် ၁၀ ခုရှိသည်။ တောင်ကြားတွေမှာ ရေစုနေခြင်းဖြစ်ပါသည်။ ရေတွေကတခြားနေရာသို့မသွားနိုင်။ ရေစီးဆင်း၍ မရတော့သော ကြောင့် စုနေခြင်း ဖြစ်ပါသည်။ ထိုနေရာကို Tarn ဟုခေါ်ပါသည်။ သူတို့ဆီမှာ ရေများသောနေရာများကို မီးယာ၊ ဝါးတား စသည်ဖြင့်ခေါ်သည်။ ဝင်ဒါမီယာ၊ အူဝါးတား၊ ဒါဝန့်ဝါးတား စသည်ဖြင့် ရေပြင်ကျယ်များဖြစ်သည်။

ဗမာပြည်ကို အင်္ဂလိပ်သိမ်းပြီးအရာရှိကြီးများနေထိုင်ရာအရပ်ကို ဝင်ဒါမီယာဟုခေါ်သည်။ ထိုအရပ်သည် ရန်ကုန်မြို့မှာ အထင်အရှားရှိပါ၏။ သူ့ပြည်ကိုလွမ်းသော အင်္ဂလိပ်တွေက နာမည်ပေးထားရာ သူတို့ဆီကရေကန် နာမည်တွေဖြစ်နေသည်။ ဤနယ်တဝိုက်တွင်အမြင့်ဆုံးနေရာမှာ Scafell Pike ဟုခေါ်ပြီး ၉၇၈ မီတာဖြင့်အမြင့် ဆုံးဖြစ်သည်။ အိန္ဒိယပြည် က ရာဇဂြိုလ်မြို့တော်ကို တောင်ကြီးငါးလုံးက ဝိုင်းပတ်နေသည် ဆိုထားရာ သည်မှာတော့ နယ်တစ်နယ်လုံး တောင်တွေပြည့်နေလေသည်။ ထိုကဲ့သို့သော တောင်များကို Fell ဟုခေါ်သည်။ ထို တောင်တွေမှာမဆုံးနိုင်၊ မကုန်နိုင်။ တောင်တွေမဆုံးနိုင်သလိုတောင်ကြားနေရာတွေမှာ တောင်ထိပ်ဆီမှရေတွေ စီးကျနေသဖြင့် ရေတံခွန်ပေါင်းများစွာ ဖြစ်နေပြီးအောက်ခြေတွင်ရေစုကာ ရေကန်တွေဖြစ်နေလေသည်။

ထိုဒေသတစ်ခုလုံးကို UNESCO က ထိန်းသိမ်းခံနယ်မြေအဖြစ် ၂၀၁၇ ခုနှစ်က သတ်မှတ်ခဲ့သည်။ နယ် ကို ယူနက်စကိုအထိမ်းသိမ်းခံဖြစ်သွားသော်လည်း ထိုဒေသမှ လယ်မြေများ၊ မြက်ခင်းပြင်များကို မပိုင်ပါ။ ကိုယ်ပိုင် သိုးတွေကို နေရာအနှံ့ အစာစားဖို့ လှန် ထားကြရာ ကြည့်လိုက်လျင် မြေပြင်မှာလင်ပန်းလို စိမ်းစိုနေသော လယ်မြေကွက်တွေမှာ သိုးတွေကို တွေ့ရသည်။ ထိုအရပ်သို့ သဘာဝကြီးကို ရင်းနှီးလိုသူတွေ၊ ရှုမျှော်ခင်းကို ကြည့်လိုသူတွေလာကြသည်။ ရှေး စတိုးရစ် (Stoics) များက သဘာဝကြီးနှင့် မဆန့်ကျင်အောင် နေရမည်။ သဘာဝကြီးနှင့်ထပ်တူနေနိုင်မှ ပျော်စရာကောင်းသော ဘဝကိုရမည်ဟု ဆိုခဲ့ကြသည်။
ဤဒေသ ကမ်ဘီရာနယ်၊ ကော့မောက်မြို့တွင် ကဗျာဆရာ ဝပ်ဒ်ဝါသ် (Wordsworth) ကို မွေးဖွားခဲ့ပါ သည်။ ၁၇၇၀ ခုနှစ်တွင်မွေးဖွား၍ ၁၈၅၀ ခုနှစ်တွင်ကွယ်လွန်ခဲ့သည်။ သူ့ကဗျာထဲတွင် ကျွန်တော့်ခေါင်းထဲတွင် စွဲသွားစေသောကဗျာမှာ “I wandered lonely as a cloud” ဆိုသော ကဗျာဖြစ်ပါသည်။ သူ့ညီမဖြစ်သူ ဒေါ်ရိုသီ နှင့် လမ်းလျောက်ထွက်ကြသည်။ ကောင်းကင်ကိုကြည့်တော့ တိမ်ကလေးတွေကို တစစီတွေ့ရလေသည်။ ထို တိမ်ကလေးတွေနေရာမှကြည့်သော် အောက်တွင် တောင်ထိပ် တောင်ကြားများကိုတွေ့သည်။ ထိုနေရာတွေမှာ ပန်းတွေပွင့်နေလေသည်။ ထိုပန်းဝါဝါ ကလေးများကို တွေ့သောအခါ လောကကြီးကို မေ့မျောသွားသည်ဟုဆို သည်။
ကျွန်တော်သည် ထို ဒေသမှာ မွေးဖွားကြီးပြင်းလာသော ကဗျာဆရာကြီးကို သတိရမိသည်။ သူသည် ထိပ်တန်းကဗျာဆရာကြီးဖြစ်သည်၊ အင်္ဂလိပ်စာပေကို တမျိုးတမည် ဖြစ်အောင်ပြောင်းလဲနိ်ုင်ခဲ့သူဖြစ်သည်၊ လူ တို့ကို သဘာဝကြီးကို ကြည့်တတ်အောင်၊ သဘာဝကြီးကိုချစ်မြတ်နိုးတတ်အောင်သင်ကြားပြသသူဖြစ်သည်။ သူနှင် သူ့ညီမဒေါ်ရိုသီ တို့သည် လမ်းလျှောက်ထွက်ကြသည်။ ပြန်လာသောအခါ ဒေါ်ရိုသီ က မီးဖိုချောင်တွင် အလုပ်များနေချိန်မှာ ဆရာကြီးက ကဗျာတွေကိုထိုင်ခါရေးသည်။

ဝပ်ဝါသ်မှာကဗျာဆိုသည်မှာနှလုံးသားမှလာသည်။ သဘာဝကြီးကိုအသိမှတ်ပြုရမည်။ ရိုးရှင်းသောဘဝ ကို လှပသောစကားလုံးများဖြင့် ဖေါ်ပြရမည်။ ထိုအခြေခံသဘာတရားများသည်နောက်လာမည့်ကဗျာဆရာအား လုံးအပေါ်၌လွှမ်းမိုးခဲ့ပါသည်။ 
သူကနိုဘယ်ဆုတွေထက် အနှစ် ၅၀ စောသည်။ သူကွယ်လွန်ပြီး အနှစ် ၅၀ကြာ မှ နိုဘယ်ဆုဟူ၍ပေါ်ပေါက်ခဲ့သည်။ ၁၈၄၃ ခုနှစ်တွင် ကဗျာဆရာထိပ်ခေါင် (Poet Laurate) အဖြစ်ဗြိတိန်နိုင်ငံ က သူ့ကို ဂုဏ်ပြုခဲ့သည်။ သူ့အရှိန်အယူအဆ၊ လွှမ်းမိုးမှုအောက်မှရာဘင်ဒြာနတ်တဂိုး၊ ရိဒ၊ အီလီယော့၊ ဟီနေ (Seamus Heaney) တို့ နိုဘယ်ဆုအသီးသီးရရှိခဲ့ကြသည်။
ဝပ်ဝါသ် ကို သဘာဝကို ဖေါ်နိုင်သူအဖြစ် သိရသော်လည်း ChatGPT ကို မေးသောအခါတွင်မှ သူ့ပုံ သဏ္ဍန်မှာထင်ရှားလာပါသည်။ သူနှင့်ခေတ်ပြိုင်ကျော်ကြားသူများမှာကိုးလ်ရစ်ချ (Samuel Taylor Coleridge) ဖြစ်ပြီး သူနှင့် နှိုင်းယှဉ်၍ ပြောပြပုံကို သတိရမိသည်။ ကိုးလ်ရစ်ချ်က စိတ်ကူးယဉ်ဆန်သည်။ သူ့စိတ်ကူးကို အသုံးချ၍ ဖွဲ့ဆိုသည်။ သူ့အတွေးမှာ သဘာဝလွန် ဖြစ်ရပ်တွေပါသည်။ ဖီလိုဆိုဖီတွေပါသည်။ ဘိုင်ယွန် (Lord Byon) မှာ စွန့်စားမှုကိုကြိုက်သူ၊ တော်လှန်သူခံစားမှု အစရှိသည်တို့ကို အခြေခံသည်။ ရှယ်လီ (Shelly) မှာ အတွေးအခေါ်အသစ်ဖြင့် နိုင်ငံရေးကို ရှုမြင်သူ၊ အလှအပ စိတ်ကူးယဉ်ဆန်သူ၊ အတွေးအခေါ်ကို မြတ်နိုးသူ အဖြစ် တွေ့ရသည်။ ထိုအထဲမှာ ဝပ်ဒ်ဝါသ် က သဘာဝကြီးကို မြတ်နိုးသူအဖြစ် ထူးခြားသည်။ ဖီလိုဆိုဖါ ဂျွန်စတူးဝပ် မေးလ် မှာ စိတ်ကျရောဂါဖြစ်နေချိန်တွင် သူ့စာများနှင့် ကုစားရသည်ဟုဆိုသည်။

(၃)
ကျွန်တော်တို့စီးသောကားမှာ သား၏ကားဖြစ်သည်။ ကားကို ဆားဗစ်လုပ်ရန်၊ အမိုးပြင်ရန် ဝပ်ရှော့မှာ အပ်ထားရသည်။ ကားဝပ်ရှော့က သူ့ကို ကားအစားပေးထားသည်။ တစ်ရက်ကြိုတင်အပ်ထားသော်လည်းအချိန် မမှီတော့။ ကားအမိုးကို နောက်မှသာပြင်ရန် ဆုံးဖြတ်ရတော့သည်။ ညနေပိုင်း အချိန်က နဲနေပြီ။ ကားကိုငါး နာရီကြာမောင်းရမှာဆိုတော့ ကဗျာကရာ ကားလဲကာသွားဖို့သာစီစဉ်ရတော့သည်။ ပစ္စည်းတွေက အဖေနှင့် အမေ ကတစ်ထုပ်၊ သားကတစ်ထုပ်တင်ကာ ကားကိုမောင်းထွက်လာကြသည်။ ညနေ ၄ နာရီလောက်ရှိပါပြီ။ ငါးနာရီလောက်မောင်းရမှာဆိုတော့အနဲဆုံးည ၉ နာရီထိုးမှတည်းခိုရာအိမ်ကိုရောက်မည်။
ကိန်းဘရစ်မှ ကျွန်တော်တို့ကားထွက်လာတော့ ကားထဲမှာအေးနေပြီး ကြည့်လေရာရာမှာ မြူတွေနှင့် မှုံမှိုုင်းနေလေသည်။ ပါတ်ဝန်းကျင်ကိုမကြည့်အား။ အထပ်ထပ်ဝတ်ထားသောအင်္ကျီတွေအောက်မှာအေးနေလေ သည်။ ကားကို အမြန်မောင်းနေသည်။ ဤရာသီကို အင်္ဂလန်က ဆောင်းဟုပင်မခေါ်သေး။ သို့တိုင်အေးလှပြီ။
ကျွန်တော်တို့သည် ကားကိုမောင်းလာရင်း ပတ်ဝန်းကျင်ကမှောင်လာသည်။ ကျွန်တော့်အတွက်မူ ဘယ် ရောက်နေသည်မသိ။ ဘယ်ကို သွားရမှန်းမသိ။ လမ်းမှာပြေပြစ်လှသည်။ ကားတွေက လမ်းတွေများသည့်တိုင် ကားတွေအပြည့်တွေ့ရသည်။ တူရူအရပ်မှလာသောကား၊ ကျော်တက်ရသောကားမှာများပြားလှချေသည်။
ဘေးပါတ်ဝန်းကျင်မှာ မှောင်မဲနေတော့ ကားထဲမှာလည်း ငိုက်မြည်းလာသည်။ ထိုအချိန်မှာ ‘ ဟေးစီးရီး လေးဖြူ မြန်မာ’ ဟုကွန်ပျူတာကိုအော်၍အမိန့်ပေးသံ ကြားလိုက်ရသည်။ ကားထဲက Spotity ဆော့ဝဲယား ကို ညွှန်ကြားနေခြင်းဖြစ်ပါသည်။ တစ်ကမ္ဘာလုံးက တေးဂီတတွေကို စုစည်းပြီးပရိတ်သတ်နားထောင်ရအောင် စီစဉ် ထားခြင်းဖြစ်ပါသည်။ မြန်မာသီချင်းများကို ရှာဖွေ၍ ဆိုနိုင်ခြင်းမှာ အံ့သြစရာကောင်းသည်။ သားက လေးဖြူဟု ဆိုသော်လည်း ကွန်ပျူတာက ကြားမိကြားရာ သီချင်းကို ဖွင့်ပေးသည်။ 
ရင်ဂို၏ “တောင်ပံပါရင်မင်းဆီကို” ဆို သော တေးသွားကို ကြားလိုက်မိသည်။ ပင်လယ်ပြင်ကို ဖြတ်ကျော်ရင်း မင်းဆီကို လာချင်ပါသည်၊ ကရုဏာ တ ရားတွေ တိုးပွားနေပြီဟုဆိုသည်။ မှောင်ကြီးမဲမဲ ဘာမှမမြင်ရသော အင်္ဂလန်က ကားလမ်းမ တောတောင် တွေ ကြားမှာ ရင်ဂိုအသံကို ကြားရသည်မှာ မြန်မာပြည်ကို လွမ်းစရာကြီးဖြစ်နေသည်။ နောက်ပိုင်း အေးအေးဆေးဆေး ဖြစ်မှ သိလာရသည်မှာ မာမာအေး၊ ကိုသန်းလှိုင်၊ ခင်ညွန့်ရီ၊ ကိုတင်လှိုင်၊ သန်းဖေလေး စသည်ဖြင့် သူတို့ ဆိုခဲ့သောတေးသီချင်းတွေကိုနားထောင်နိုင်သည်။ စီစဉ်သူကိုကျေးဇူးတင်မိသည်။ တစ်ကမ္ဘာလုံးကသီချင်းတွေ ဆိုတော့ ယဉ်ကျေးမှုပေါင်းစုံကသီချင်းတွေကိုစီစဉ်ရခြင်းသည်။ ဘာသာရပ်တစ်ခု၊ လူမျိုးတစ်မျိုး၏ ရာဇဝင်တွင် သမိုင်းစဉ်နှင့် သီချင်းတွေတသီကြီး ရှိနိုင်လေရာ Spotify ၏ ဒေတာများမှာ ဘယ် လောက်ကြီးမည်ဆိုသည်ကို အလွယ်တကူ ခန့်မှန်းနိုင်ပါသည်။
တည်းခိုမည့်အိမ်ကိုရောက်ခါနီးတော့ ဟိုက်ဝေးမှထွက်ကာ ၄ မိနစ်ခန့် မောင်းရသည်။ ၁၁ နာရီထိုးပါပြီ။ ညမို့ အေးစက်နေသည့် ပါတ်ဝန်းကျင်မှာ လူသွားလူလာမရှိ၊ တိတ်ဆိတ်သော ပါတ်ဝန်းကျင်ပင်ဖြစ်သည်။ Air B&B (Air Bed and Breakfast) စနစ်ဖြင့် ငှားရသော အင်္ဂလန်တောထဲက အိမ်မှာ ပစ္စည်းတွေကစုံလှသည်။ အင်္ဂလန်ပြည်မှာ ဤမျှ ခေတ်မှီပစ္စည်း အပြည့်အစုံတွေ့ရတော့အံ့သြမိသည်။ အင်တာနက်လိုင်းမှာ Speed က ၂၂၀ MBPS ရှိသည်။ TV တွေကဧည့်ခန်းမှာကော အိပ်ခန်းတွေမှာပါဆင်ထားသည်။ ရေပူ၊ ရေအေး အပြည့်အစုံ ရှိသည်။ အိမ်သာတွေကလည်းသန့်ရှင်းလှသည်။ သည်အရပ်မှာ ဘာလိုသနည်း။ ပတ်ဝန်းကျင် အိမ်နီးချင်းများမှ လွဲ၍ အကုန်ပြည့်စုံသည်။ အိမ်ဝန်းပြင်ပမှာ လယ်ကွင်းတွေဖြစ်သည်။ သူတို့ဘာတွေစိုက်သည်ကို မသိမရှိနိုင်၊ သို့သော် စိမ်းစိုသောမြက်တွေက နေရာတိုင်းမှာ တောထအောင် ပေါက်နေကြသည်။
Barn ဟုခေါ်သော ထိုအိမ်ကြီးမှာကျွန်တော်တို့လို ပြင်ပ တရပ်တကြေးမှလာမည့် ဧည့်သည်များအတွက် တည်ဆောက်ထားခြင်းဖြစ်ပါလိမ့်မည်။ ကိုယ့်အသုံးအဆောင် လက်ကိုင်အိတ်ကိုဆွဲ၍ ဝင်လိုက်ရုံသာ၊ မီးဖိုမှာ လည်း ဆီ၊ ဆား၊ ပန်းကန်ခွက်ယောက်အပြည့်အစုံရှိသည်။ ဖတ်စရာ၊ အပမ်းပြေစရာ စာအုပ်တွေလည်းရှိသည်။ ကျွန်တော်သည် ထိုအိမ်ကလေးကို မြင်မြင်ချင်း နှစ်သက်သွားမိပါသည်။
ထူးခြားချက်မှာ ထိုအိမ်၌ ၄ ညမျှ အိပ်ပြီးသည့်တိုင် ပတ်ဝန်းကျင်မှာ လူသူမတွေ့ရခြင်းပင်ဖြစ်သည်။ အေးချမ်းငြိမ်သက်ခြင်းမှာ အတုမရှိပြီ။ လယ်တောအလယ်မှာကောက်ရိုးပုံမြက်တွေ၊ သိုးတွေကို လှန်ထားသဖြင့် တစ်ကောင်ချင်း တစ်နေရာစီမှာ အစာစားနေပုံတွေကိုသာ တွေ့ခဲ့ရသည်။ အိမ်သည် အေးချမ်းငြိမ်သက်လွန်း သောကြောင့် တရားဘာဝနာပွားများရန်သာ ကောင်းတော့သည်။ ဤနည်းဖြင့်မဟုတ်ဘဲ ရေရှည်နေနိုင်လိမ့်မည် မထင်၊ တရားနှင့်မွေ့လျော်လျင်ကား မျှော်တွေး၍မရနိုင်သောကြည်နူးမှုကိုရနိုင်သည်။ တချိန်ထဲမှာပင် ညီအစ်ကို မောင်နှမတွေမရှိကြတော့သည့် မိမိ၏ ပတ်ဝန်းကျင်မှအနိစ္စတရားကိုခံစားမိသောအခါဤသဘာဝ ငြိမ်သက်ခြင်း သည် တရားရှာဖွေရန်သာ ဖြစ်သင့်သည်ဟု သဘောပေါက်မိသည်။
ယခုအချိန်မှာ သားသည်သူ့ဘဝ၊ သူ့မိသားစု၊ သူ့ပတ်ဝန်းကျင်နှင့်ပျော်နေပြီး ကျွန်တော်ငယ်စဉ်ကဘဝ ကျွန်တော့်မိဘများ၏ ပတ်ဝန်းကျင်၊ သူ့အဖေကြီး အမေကြီးတွေ၏ အကြောင်းကို စကားစပ်၍ပင် မပြောမိကြ တော့ချေ။ ဘဝသည် ပြောင်းလဲသွားခဲ့ပေပြီ။ ထို့ကြောင့် ဝပ်ဒဝါသ် က သူ့ငယ်ဘဝ ပါတ်ဝန်းကျင်အကြောင်း သတိတရ ကဗျာရွတ်ဆို၍ ပြောနိုင်ခဲ့သည်ကို ပြန်ပြောင်းဖတ်ရသောအခါ အားကျမိရသည်။ ကျွန်တော့်မှာရှိ သည့်ချို့ယွင်းချက်ကိုမြင်လာသည်။ ရှိပါစေတော့ ဟုသာ မှတ်ချက်ချရပါသည်။
ဤအိမ်မှာနေသည့်အတွင်း သားက ကားနှင့် အနီးနားဝန်းကျင်ခေါ်၍ ပြပါသည်။ သဘာဝတောတောင် စိမ့်စမ်း၊ ရေကန်၊ ချောင်းမြောင်း သဘာဝတွေကို မမြင်ချင်အဆုံး တွေ့နေရသည်။ တောင်ထိပ်မှ ရေတံခွန်တွေ စီးလာနေသော မြင်ကွင်းတွေကို မိုးရေရွှဲရွှဲမှာ လေတွေတဟူးဟူးတိုက်နေသည့်ကြားက မြင်နေရသည်။ ပတ်ဝန်း ကျင်ကို မျှော်ကြည့်ရင်း ကျောက်ဆောင်၊ အချွန်အတက်တွေနှင့် မိုးကောင်းကင်ကို အထင်းသား ဖေါက်ထွင်းနေ သော တောင်စောင်းများ၊ ပြေပြေလေး လျှောဆင်းရမည့်အဆင်းနှင့် မြက်ခင်းပြင်ကြီးများ၊ သဘာဝကိုကြည့်ရ တာ ကြာတော့ လူက မောပမ်းလာသည်။ သားပြသည့်ဘေးပတ်ဝန်းကျင်ကိုပစ်ပြီး အိမ်ကိုသာ ပြန်၍ နားလိုက် ချင်သည်။

(၄)
ကျွန်တော်သည် အေးချမ်းမှုနှင့် ငြိမ်သက်မှုကို တွေ့ခဲ့ပြီ။ သို့သော်ဤသည်မှာ ကိုယ်တွင်းမှငြိမ်းချမ်းမှု၊ အေးချမ်းမှုကားမဟုတ်သေး။ သို့တိုင် အေးချမ်းသောပတ်ဝန်းကျင်ကို တွေ့ကြုံရသည်မှာကျေနပ်အားရဘွယ် ကောင်းသည်။ ထိုမှတဆင့်တက်၍ ရင်တွင်းအေးချမ်းမှုကိုရှာဖွေကြရမည်သာ။ ထိုရည်မှန်းချက်သည်သာ ကျွန်တော်တို့ အတွက် အကောင်းဆုံးရည်မှန်းချက်ဖြစ်ရပေမည်။
ကိုသန်းလွင်




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar