Breaking News

အခွန်အကောက် အလွဲသုံးစားမှု၊ တပ်ဖွဲ့ဝင်တချို့ ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ နွေဦးတော်လှန်ရေး

မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၅ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၂၅


အခွန်အကောက် အလွဲသုံးစားမှု၊ တပ်ဖွဲ့ဝင်တချို့ ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ နွေဦးတော်လှန်ရေး 

လွတ်မြောက်နယ်မြေလို့ ခေါ်ဆိုကြတဲ့ စစ်တပ် ထိန်းချုပ်၊ အုပ်ချုပ်ခဲ့တဲ့ နယ်မြေတွေ၊ မြို့တွေကို တိုက်ယူအောင်မြင်ပြီး လက်နက်ကိုင်တပ်နဲ့ ထိန်းချုပ်ထားကာ အုပ်ချုပ်ရေး ဖြစ်တဲ့ အခွန်အကောက်၊ တရားစီရင်ရေး တာဝန်တွေကို ဆောင်ရွက်ကြရာမှာ ငွေကြေး အလွဲသုံးစားလုပ်တဲ့ သတင်းတွေ၊ အာဏာအလွဲသုံးပြီး အဓမ္မပြုကျင့်မှု၊ သေးငယ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကနေ အဆိုးဆုံးအခြေအနေဖြစ်တဲ့ တရားမဲ့ စီရင်သတ်ဖြတ်မှုတွေ ခပ်စိပ်စိပ် ပေါ်ထွက်လာနေတာ တွေ့ရပါတယ်။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်နယ်မြေ မဟုတ်တဲ့ ဒေသတွေ ဖြစ်တဲ့ အညာဒေသလို၊ ယော၊ ဆော၊ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီဒေသတို့လို နေရာဒေသတွေက သတင်းတွေ ဖြစ်ပါတယ်။ 

ခုရက်ပိုင်း သတင်းတွေမှာ ကန့်ဘလူမြို့နယ်ထဲက အခွန်အရာရှိနဲ့ ရုံးအဖွဲ့ဝင်တွေကို အခွန်ငွေ ကျပ်သိန်းထောင်ချီ အလွဲသုံးစားလုပ်မှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ် ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။ ပြေစာ အတုတွေ၊ စည်းတံဆိပ် အတုတွေ လုပ်ပြီး အခွန်ကောက်ခံရရှိတဲ့ငွေကို အလွဲသုံးစားလုပ်တဲ့ သဘောလို့ ယူဆရပါတယ်။ ကန့်ဘလူမြို့နယ်က စစ်ကိုင်းတိုင်းထဲ ရှိပြီး မန္တလေးမြစ်ကြီးနားကားလမ်းပေါ်မှာ ရှိပြီး စစ်ကိုင်းတိုင်းထဲက အခြားသော ဒေသတွေလိုပဲ သစ်၊ ရွှေ စတဲ့ သယံဇာတတွေ ထွက်ရှိတဲ့ ဒေသလည်း ဖြစ်တာကြောင့် အခွန်အကောက် ကောက်ခံရရှိတာကနေ မနည်းလှတဲ့ ဝင်ငွေရှိတဲ့ ဒေသတခုဖြစ်ပါတယ်။ 

မကြာသေးတဲ့ လအနည်းငယ်အတွင်းကလည်း စစ်ကိုင်းတိုင်းထဲက ကနီမြို့နယ်မှာလည်း ပသုံးလုံးလို့ ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး အဖွဲ့ ဝင်တွေရဲ့ ငွေကြေးအလွဲသုံးစားလုပ်မှုတွေ ပေါ်ပေါက်လာပြီး ပ သုံးလုံး အဖွဲ့ဝင် ၁၃ ဦးကို ဖမ်းဆီး စစ်ဆေးနေတဲ့ သတင်း ထွက်ပေါ်လာခဲ့ပါသေးတယ်။ အဆိုပါ ကနီမြို့နယ်က ငွေကြေး အလွဲသုံးစားပမာဏကလည်း ကျပ်ငွေ သိန်း သောင်းဂဏန်းအထိ ရှိနိုင်တယ်လို့ သတင်းဖော်ပြချက်တွေ အရသိရှိရပါတယ်။ 

ရေကြောင်းသယ်ဆောင်မှုတွေကို ကောက်ခံတဲ့အခွန်၊ ကနီမြို့နယ်ထဲမှာ တစိတ်တပိုင်း ပါဝင်နေတဲ့ အလောင်းတော်ကဿပ ဘေးမဲ့ ကြိုးဝိုင်း သစ်တောက သစ်ထုတ်ယူမှုတွေမှာ အခွန်အကောက် သို့မဟုတ် လာဘ်ငွေရယူပြီး ခွင့်ပြုတဲ့ ကိစ္စတွေ ပါဝင်တာ ဖြစ်ပါတယ်။ ကနီမြို့နယ်က ငွေကြေးအလွဲသုံးစားမှု လာဘ်ယူမှုတွေဟာ လတ်တလော ကာလကျမှ ဖြစ်ပွားလာတဲ့သဘော မဟုတ်ဘဲ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ဝန်းကျင်ကတည်းက ဖြစ်ပွားနေခဲ့တာဖြစ်ပြီး မကောင်းသတင်း ပေါ်ထွက်ကာ တိုင်ကြားမှုတွေ ရှိပေမယ့် အရေးယူတဲ့ အနေအထားထိ မရောက်လာခဲ့ဘူးလို့လည်း ဆိုကြပါတယ်။ နောက်ဆုံး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတဲ့ အခြေအနေမှာ လက်နက်ကိုင် တပ်ရင်းတချို့က ငွေကြေးအလွဲသုံးစားလုပ်တဲ့ အထောက်အထားတွေ စုဆောင်းပြီး NUG အစိုးရ အထက်ကို တိုက်ရိုက်တိုင်ကြားတော့မှ အခုလို အရေးယူမှုတွေ ဖြစ်ပေါ်လာတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

အထက်က လူသိရှင်ကြား ဖြစ်ရပ် ၂ ခုက ငွေကြေး အလွဲသုံးစားလုပ်တဲ့ အဖြစ်အပျက်ဖြစ်ပြီး ဖြစ်ရပ် ၂ ခုလုံးဟာ စစ်ကိုင်းတိုင်းထဲက ဖြစ်ပါတယ်။ မကွေးတိုင်း မြိုင်၊ ရေစကြို တို့လိုမြို့နယ်တွေမှာလည်း လက်ဖြစ်ရေနံတွင်းတွေ အများအပြား ရှိတဲ့ဒေသတွေမှာလည်း ရေနံမှော်က ကောက်ခံရရှိတဲ့ အခွန်ငွေတွေ စီမံသုံးစွဲတာနဲ့ ပတ်သက်တာ၊ အဂတိလိုက်စားမှု၊ တရားမဝင် လောင်းကစားနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ ကျယ်ပြန့်စွာ လုပ်ကိုင်နေကြတဲ့ အဖြစ်အပျက်တွေ နဲ့ ပတ်သက်လို့ အညာဒူဘိုင်း ဆိုတဲ့ သတင်းဆောင်းပါး တပုဒ်ဖော်ပြခဲ့တာ ရှိပါတယ်။  အဆိုပါ ဆောင်းပါးနဲ့ ပတ်သက်ပြီး ဖော်ပြသင့်တယ်၊ မဖော်ပြသင့်ဘူးဆိုတဲ့ ဆန့်ကျင်ဘက်အမြင် အမျိုးမျိုးလည်း ပေါ်ထွက်ခဲ့ပြီး ဆောင်းပါး ဖော်ပြမှုကြောင့် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုရှိလာတယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိခဲ့တာပါ။ တဖက်အမြင်ကတော့ NUG အစိုးရလက်အောက်က အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေးနဲ့ တရားစီရင်ရေး စတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ တာဝန်ခံမှု ရှိဖို့ အရေးကြီးပြီး နွေဦးတော်လှန်ရေးဟာ ငွေကြေး ခြစားမှု၊ အာဏာအလွဲသုံးမှု နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မလိုလားလို့ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးဖြစ်ပြီး ဒီလို ကိစ္စရပ်တွေနဲ့ ပတ်သက်ရင် အနည်းအကျဥ်းဆိုရင်တောင်မှ သည်းညည်းခံ၊ ခွင့်ပြုလို့မဖြစ်ဘူး၊ တာဝန်ခံမှု၊ တာဝန်ယူမှုအတွက် ဖေါ်ထုတ်ပြောဆိုရမယ် ဆိုတဲ့ အမြင်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

ဒီလို ငွေကြေးအလွဲသုံးမှုတွေ လာဘ်စားမှုတွေ အပြင် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရာဇဝတ်မှုတွေကို လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ကျူးလွန်တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စတင်ခါစကာလကတည်းက ယင်းမာပင်မြို့နယ်မှာ ဗိုလ်သံမဏိလို့ နောက်ပိုင်း အမည်ပေးခေါ်ဆိုတဲ့ ယခင် သပြေအေး ဆရာတော် ဦးသောပါကနဲ့ အဖွဲ့က အဆိုပါ ဒေသက ဒေသခံ PDF တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား ၂၀ ဝန်းကျင်ကို သတ်ဖြတ်ခဲ့တဲ့ ဖေါ်ထုတ်တိုင်ကြားခဲ့တဲ့ အဖြစ်အပျက်က အစောဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု တခုဖြစ်ပါတယ်။ အဲဒီနောက်မှာ ချောင်းဦးမြို့နယ်ထဲက ကျေးရွာတရွာမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးနဲ့ ယောက်ကျားလေး ၆ ဦး ၇ ဦးကို ဒေသကာကွယ်ရေး လက်နက်ကိုင် တပ်ဖွဲ့ဝင်တချို့က ဖမ်းဆီး၊ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်၊ ဆောမြို့နယ် PDF တပ်ဖွဲ့တဖွဲ့က မိသားစုတစုနဲ့ ဧည့်သည်အပါအဝင် ၇ ဦးခန့်ကို သတ်ဖြတ်ပြီး ပိုင်ဆိုင်မှုတွေ ယူဆောင်သွားတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ယမန်နှစ်ကလည်း ကန့်ဘလူမြို့နယ်မှာ ပလဖ မြို့နယ်တာဝန်ခံနဲ့ အခြားသူတွေက အချုပ်ခံနေရတဲ့ အမျိုးသမီးတွေအပေါ်  လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ဖြစ်ပွားခဲ့တာလည်း ရှိပါတယ်။ 

မကြာသေးခင်ကလည်း ဆောမြို့နယ်ထဲက ကျေးရွာတရွာမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်ကို PDF  တပ်ဖွဲ့ဝင်တဦးက အဓမ္မပြုကျင့်သတ်ဖြတ်ပြီး အလောင်းကို ဆေးရုံးဟောင်းထဲ ဖျောက်ဖျက်ထားခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပွားပြီး ဒေသခံတွေက ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဆန္ဒပြတဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ ကျူးလွန်သူကို ဖမ်းဆီးထားပြီ ဖြစ်ပေမယ့် အမှန်တကယ် ထိရောက်စွာ အရေးယူပါ့မလားဆိုတဲ့ သံသယ ဖြစ်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

အထက်ကလို တရားဥပဒေမဲ့ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု စတဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ခြင်း မရှိတာတွေ့ရပါတယ်။ တော်လှန်ရေးကာလ ဖြစ်လို့၊ တော်လှန်ရေးကာလပြီးနောက် အပြစ်ပေးတာ ခံယူပါ့မယ် ဆိုတဲ့ ပြောဆိုမှုနဲ့ လူထုကို နှစ်သိမ့်ပြောဆိုကြတာမျိုး ရှိနေပြီး ဒီလို ကျူးလွန်မှုတွေအတွက် အပြစ်ဒဏ်ခံရခြင်းက ကင်းလွတ်နေတာတွေက အလားတူ ပြစ်မှုတွေ ထပ်မံ ပေါ်ပေါက်လာဖို့ လမ်းဖွင့်ပေးသလို ရှိနေတာပါ။ 

ဒီသတင်းတွေကို လေ့လာသုံးသပ်ကြည့်တဲ့အခါ ဗမာလူမျိုးအများစု နေထိုင်တဲ့ အညာဒေသနဲ့ PDF ထိန်းချုပ်ဒေသတွေက သတင်းတွေပဲ ပေါ်ထွက်လေ့ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်ဒေသတွေမှာရော အလားတူ အဖြစ်အပျက်တွေ မရှိဘူးလားလို့ မေးစရာ ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်ဒေသတွေမှာလည်း အလားတူ ဖြစ်ရပ်တွေ လုံးဝမရှိ မဖြစ်တာမျိုးတော့ ဟုတ်မယ် မထင်ပါဘူး။ ဖြစ်ပွားမှုတွေ ရှိနေမှာ သံသယဖြစ်စရာ မရှိပါဘူး။ သို့ပေမဲ့ ဖြစ်ပွားမှု အရေအတွက် ကိန်းဂဏန်းတွေက ဗမာလူမျိုးတွေ အများစုနေထိုင်တဲ့ ဒေသတွေလောက် မများပြားတာ ဖြစ်နိုင်ပါတယ်။ 

ပထမတချက်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ ထိန်းချုပ်နယ်မြေတွေ ခု နွေဦးတော်လှန်ရေးကာလမှာမှ ရှိလာတာမျိုး မဟုတ်ဘဲ အခုလို မကျယ်ပြန့်သည့်တိုင်အောင် ယခင်ကာလတွေ ကတည်းက ထိန်းချုပ်နယ်မြေရှိနှင့်ပြီးဖြစ်လို့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နဲ့ အခွန်အကောက်ကိစ္စတွေ စီမံခန့်ခွဲမှု စနစ်တခု ရှိပြီးသား ဖြစ်တဲ့အချက်၊ အမျိုးသားရေးနဲ့ ထိန်းသိမ်းဆောင်ရွက်ကြတဲ့ အချက်တွေက ဗမာလူမျိုးအများစုနေထိုင်တဲ့ ဒေသတွေနဲ့ မတူညီတဲ့ အကြောင်းရင်း ဖြစ်ပါလိမ့်မယ်။ 

ဒီဒေသတွေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ စီမံခန့်ခွဲမှုအောက် မှာ ရှိတဲ့ နယ်မြေတွေမှာ အခုထက်ပိုပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ကောက်ခံရရှိတဲ့ အခွန်အကောက်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ အလွဲသုံးစားမှု မပေါ်ပေါက်ရေးနဲ့ လူထုအပေါ် ဝန်ထုပ်ဝန်ပိုး တတ်နိုင်သမျှ နည်းပါးစေဖို့ ပိုပြီး အားစိုက်ကြပ်မတ် လုပ်ဆောင်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

လက်နက်ကိုင် တော်လှန်ရေး ၅ နှစ်နီးပါး ရောက်လာချိန်မှာ အချို့သော အရာတွေက ခိုင်မာတဲ့ စနစ် စည်းကမ်းတွေ ရှိနေဖို့ လက်တွေ့ကျင့်သုံးနိုင်ဖို့ နဲ့ တာဝန်ခံမှု ရှိဖို့ လိုအပ်လာနေတာကို ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေက ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar