ဆယ်ပေါင်တူ - ‘ရူးဂေါက်ပွဲ’ကို ဒုန်းစိုင်းကြသူများ
ဆယ်ပေါင်တူ - ‘ရူးဂေါက်ပွဲ’ကို ဒုန်းစိုင်းကြသူများ
မိုးမခ ၊ နိုဝင်ဘာ ၁၃ ၊ ၂၀၂၅
နေရာရူးများ၊ ဂေါက်ကြောင်များအတွက်ကတော့ သူတို့ဝင်ပြိုင်လိုသည့် ရွေးကောက် ပွဲကို ယခုလို ‘ရူးဂေါက်ပွဲ’ဟု ခေါ်ဆိုသည်အား မကျေမနပ် ဖြစ်ကုန်ကြမှာ သေချာသည်။ ‘တူချင်သည်က ဗိုလ်ချုပ်၊ တူသွားသည်က လမ်းမတော်ဖိုးတုတ်’ဟု ပြောရတော့မည့် လမ်းမတော် အမတ်ရူး ‘လမ်းမတော်ဂိုဂိုဂျီး’ ဆိုလျှင်တော့ ‘ခင်ဗျားတို့ ဘာဖြစ်ချင်တာလဲ’ဟု လူမိုက်လေသံဖြင့် ပြန်၍ပင် မေးလာနိုင်ပေသေးသည်။
‘ရူးဂေါက်ပွဲကို မဲပေးဖြစ်အောင်ပေးပါ’ဟု ပြည်သူကို ဂျင်းထည့်ဖို့ ကြိုးစားခဲ့ပြီးသည့်နောက် သူ့ကို ‘လမ်းမတော်ဂိုဂိုဂျင်း’ဟုလည်း ခေါ်ဝေါ်ကြကုန်သည်။ ပါတီလက်ကမ်းစာစောင်တွေ လိုက်ဝေနေစဉ်၊ အနီးအနားရှိ စကားဝိုင်းဖွဲ့ ပြောနေကြသူများက သူတို့ဘာသာ ‘ဝါဝါမြင်တိုင်း ရွှေမထင်နဲ့ ‘ဟု ပြောကြသည်တွင် အဝါရောင် အင်္ကျီဝတ်ဆင်ထားသော သူက ‘ခင်ဗျားတို့ ဘာဖြစ်ချင်ကြတာလဲ’ဟု ဝင်ပြောတော့သည်။ သူတို့ကို ပြောသည် မဟုတ်မှန်း သိရှိသွားလေမှ စပ်ဖြီးဖြီးလုပ်ကာ လှည့်ထွက်သွားကြသည်။ မျက်စိထဲအမှိုက်ဝင်၍ မျက်ရည်ကျတာလား ဘာလားမသိရလည်း ဒါအကွက်ပဲဟု ဆိုကာ၊ သူတို့ပါတီကို မဲပေးခွင့်ရတော့မည်ဖြစ်သောကြောင့် မျက်ရည် ကျလေသယောင် အင်တာဗျူးဖြေဆိုပြီး ဂျင်းထည့်ပြန်လေသည်။
ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံတို့ထံမှ ‘ဤရွေးကောက်ပွဲ အတုအယောင်ကို ဘယ်လိုမှ ယုံကြည်လက်ခံလို့မရ’ဆိုသည့် စကားသံမျိုး ကြားလိုက်ရသည့်အခါ၊ စစ်ရာဇဝတ်ကောင်များ ကျင်းပပေးသည့် ရွေးကောက်ပွဲအတုကို ဝင်ဖို့ ပြင်နေကြသူတသိုက် အငိုက်မိသွားလေတော့သည်။ သူတို့၏နှုတ်ကသာ ဖွင့်မပြောကြရင်နေမည်၊ အနိမ့်ဆုံးအနေနှင့် အာဆီယံတို့ ယူအဲန် တို့က စောင့်ကြည့်လေ့လာရေး ကိုယ်စားလှယ်တွေလာကြလိမ့်မည်၊ ထိုသို့ပြုမူခြင်းသည် တနည်းအားဖြင့် သူတို့နန့်နန့်တက် ဝင်ပြိုင်ချင်နေသည့် ‘ရူးဂေါက်ပွဲ’ ဆိုတာကြီးကို အသိအမှတ်ပြုရာရောက်မည်ဟု ကျိတထင်ထားခဲ့ကြဖူးသည်။ ယခုမူကား ခဲလေသမျှ သဲရေကျခဲ့ရလေပြီ
ကျားမြီးဆွဲခဲ့ပြီးသည့်နောက်မှတော့ မထူးဟု ပြောရအောင်ကလည်း ဆွဲမိသည့်အမြီးက ဖွတ်ကျားကောင်၏အမြီး။ အဲဒီဖွတ်ကျားကောင်ကိုမှ မျက်မွေးထော် မော် လို့မှ မကြည့်ဝံ့ကြလေတော့ ဤရွေးကောက်ပွဲအတုကို ရွံရှာလှ၍ ရသည့်နည်းဖြင့် ဆန့်ကျင်ဖို့ ကြိုးစားနေကြသော ပြည်သူဘက်ကိုသာ လှမ်းမာန်ဖီဝံ့လေတော့သည်။ ဤသို့ဖြင့် ‘ခင်ဗျားတို့ ဘာဖြစ်ချင်တာလဲ? ဆိုသည့်စကား ‘လမ်းမတော်ဂိုဂိုဂျင်း’ဆီမှ ထပ်ခါထပ်ခါ ကြားလာရသည်။
ဖွတ်ကျားဘက် မျက်စောင်းလှည့် မထိုးဝံ့တာကိုလည်း အပြစ်မဆိုသာ။ ရှေ့တွင်လည်း ကန်ထုတ်ခံရသည့် နမူနာများရှိသည်။ ‘လသာ’ကနေ ‘ဓူဝံကြယ် အမှတ်တံ ဆိပ်နှင့် တသီးပုဂ္ဂလ ဝင်ပြိုင်မည့်သူ၊ အတိုကောက်ခေါ်ရလျှင် ‘လဓူ’မ ခမျာလည်း ပါတီဖျက်ခံလိုက်ရတော့မှ သူ့ဘဝသူ သဘောပေါက် သွားခဲ့သည်။(လဒူ ဟု ရေးမှမှန်သည် ဆိုပြီး သတ်ပုံ လာပြင်ပေးပြန်ရင်လည်း တဒုက္ခ)
‘လဓူ’ဆိုသည်က အနှီစဏ္ဍာလ ယောက်တည်းကို ဆိုလိုခြင်းမဟုတ်။ ‘ရူးဂေါက်ပွဲ’ကို အသံကြားရုံဖြင့်ပင် နန့်နန့်တက်နေကြသူ တအုပ်လုံး အကျုံးဝင်သည်။ ကြွေးထူ၍ ကန်ထုတ်ခံရသူ အပြာမယ်သွက်သွက်ခါသည်လည်း ‘လဓူ’၊ အဝါရောင် ‘လမ်းမတော် ဂိုဂိုဂျီး’လည်း ‘လဓူ’ပင်။ကြင်စိုးလို စစ်ရာဇဝတ်ကောင် ဇာတ်ကွက်ဆင်ထားသည့် ဇာတ်ညွှန်းထဲ ဖြတ်လျှောက်အဆင့် နေရာလေးရရှိဖို့အတွက်၊ ပြည်သူကို ဆန့်ကျင်ပြီး ကျားကုတ်ကျားခဲ ကြိုးပမ်းနေသူ မှန်သမျှသည် ပွဲဖြစ်နေသော စကားကဲ့သို့ ‘ဦးနှောက်ကို ကြေးအိုးဆိုင်မှာ သွားရှာဝယ်ဖို့’ လိုအပ်သည့် ‘လဓူ’သက်သက်များသာဖြစ်တော့သည်။
ပြေးပေါက်ပိတ်နေသော ကြင်စိုးက ရွေးကောက်ပွဲအတုလုပ်ပြီး ထွက်ပေါက်ရှာကြည့်ဖို့ နည်းလမ်းသာ သူ့အတွက်ကျန်သည်ဟု တွက်သည်။ သူကြိုးစင်မတက်ရလေအောင် ဥာဏ်နီဥာဏ်နက်ထုတ် ရလေသမျှ နည်းလမ်းတွေ အသုံးချမည်သာ။သူဖြစ်စေချင်သည်မှာ သူကြိုက်သလို ချယ်လှယ်၍ရမည့် ရွေးကောက်ပွဲ ရလဒ် ရရှိဖို့ပင်။ ‘မလုပ်ရဲတာ ဘာမှမရှိ’ဟု ပြောထားပြီး အပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲပစ်ခတ် သတ်ဖြတ်နေသူပီပီ မဲခိုးမဲလိမ်ဖို့၊ ပြိုင်ဘက်တွေကို ရှင်းထုတ်ဖို့က သူ့အတွက်တော့ ငှက်ပျောသီး အခွံခွါရတာလောက်တောင် မခက်ခဲ။
ဒင်းကို ယုံရနိုးနိုး ထင်ခဲ့ကြသူ လဓူတသိုက်သာ အခုတော့ လှလှနှင့်ဒုက္ခ တွေ့ကိန်း ဆိုက်နေတော့သည်။ လွှတ်တော်တက်ဖို့ ခေါင်းပေါင်း ဟိုအရောင် ကောင်းနိုးနိုး၊ ပဝါ ဟိုအဆင် လှနိုးနိုးတွေးခဲ့ကြသမျှ အခုတော့ အလဟဿပင်။ ကြင်စိုး တဖြဲနှစ်ဖြဲ စားပြီးလေမှ၊ အရိုးအရင်း အကြွင်းအကျန်တို့ကို ပစ်ပေးသလောက် ကိုက်ရတော့မည့်ပုံ။ ကြံ့ဖွံ့ရာနှုန်းပြည့်နီးပါး အမတ်နေရာတွေ ရပြီးကာမှသာ မကောင်းတတ်၍ အိမ်ဖြည့်နေရာလေးတွေ ပေးစားမည်က မြင်သာနေပြီဖြစ်သည်။
ပြည်သူကမယုံသလို ၊ နိုင်ငံတကာကလည်း ယုံကြည်မှု မရှိသော ရွေးကောက်ပွဲအတုကို ဝင်ပြိုင်ခြင်းက ပြိုင်သူများအတွက် နိုင်ငံရေးသိက္ခာ တပြားသားမျှ မကျန်စေတော့။ မဖြစ်ဖြစ်အောင် လုပ်မှာဖြစ်သည့်အတွက်၊ ဝင်မပြိုင်ရဘူးဆိုလျှင် ဘာနည်းလမ်း ရှိသလဲဟု မေးသူများကို ပြန်ဖြေလိုသည်။ ဝင်မပြိုင်ခြင်း သည်ကပင် နိုင်ငံ့အတွက်၊ နိုင်ငံအရေးအတွက် လုပ်ဆောင်ပေးခြင်းပင်။ ဒီမိုကရေစီဘက်တော်သားများ အလျဉ်းမပါဝင်သော ရွေးကောက်ပွဲအတုအဖြစ် နိုင်ငံတကာက ပိုမိုထင်ရှားစွာ သိမြင်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေး၍ ရပါသည်။ ယခုတော့ ထိုအခွင့်အရေးကို အနှီလဓူများ ဆုံးရှုံးကြလေပြီ။
ပြည်တွင်းပြည်ပ လူရာမသွင်း ဆန့်ကျင်ကြသူများ၏ ‘ရူးဂေါက်ပွဲ’တွင် ဝင်ပါကြခြင်းသည် စစ်ဖိနပ်အရောင် တောက်ပြောင်စေဖို့ ဘရပ်ရှ်အစား၊ မိမိဆံပင်စများဖြင့် သန့်စင်ပွတ်တိုက်ပေး သကဲ့သို့ပင် ဖြစ်တော့သည်။ မိမိ၏ သူငယ်ချင်း ၈၈ မျိုးဆက် လုပ်ဖော်ကိုင်ဖက် ဖြစ်သူအား အဓမ္မကြိုးပေးစီရင်ခဲ့သူနှင့် အပေါင်းအပါများ အာဏာဆက်လက် ဆုပ်ကိုင်နိုင်စေရေးအတွက်၊ ရွေးကောက်ပွဲဝင်ခြင်းဖြင့် အသုံးတော်ခံပေးသူ ‘လမ်းမတော်ဂိုဂိုဂျီး’၏ ဆင်ခြင်ဉာဏ်ကိုတော့ ပြောစရာ စကားပင် ရှာ၍မရနိုင်တော့။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ဖို့ ဆောင်ရွက်နေဆဲကာလတွင် ကျားဖြန့်အမှုအခင်းများနှင့်လည်း မလွတ်ကင်းလေသော၊ စစ်ရာဇဝတ်ကောင်၏ သွေးစွန်းလက်နှင့် နှုတ်ဆက်ရန် ဝန်မလေးသူ ‘လဓူ’များ၏ အမြော်အမြင်နှင့်ဆင်ခြင်တုံတရားများကိုကား ဩချရကြပေမည်။
ရွေးကောက်ပွဲအတု ဝင်လေသူ အမည်ခံနိုင်ငံရေးသမားများသည် ကြင်စိုးအတွက်တော့ ခြင်းထဲကကြက်များထက်ပင် အခြေအနေဆိုးသော၊ စဉ်းတီးတုံးပေါ် လည်စင်းပေးထားသည့် ကြက်များကဲ့သို့ပင် ဖြစ်နေလေသည်။ လည်ပင်းပေါ် ဓါးဝဲလေတော့မှ ‘မလုပ်ပါနဲ့ …….. မလုပ်ပါနဲ့ ၊ ဟိုး…stop….မလုပ်ပါနဲ့’ ဟု ကြောက်လန့်တကြား တောင်းပန်၍ ရတော့မည်မဟုတ်။
အကယ်စင်စစ် ‘ရူးဂေါက်ပွဲ’ကို ဒုန်းစိုင်းကြသူများသည် မိုက်မိုက်မဲမဲ ဦးနှောက်မဲ့စွာဖြင့် မိမိတို့၏ နိုင်ငံရေးသင်္ချိုင်းဆီကို ဒုန်းစိုင်းပြေးသွားကြသူများသာ ဖြစ်ချေတော့သည်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar