MNDAA နဲ့ အာဏာသိမ်းစစ်တပ်အကြား ဆက်ဆံရေး၊ တရုတ်နိုင်ငံက ကမကထလုပ်တဲ့ ကျားဖြန့်အရေး ဒေသတွင်းအစည်းအဝေး
မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၁၆ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၅
MNDAA နဲ့ အာဏာသိမ်းစစ်တပ်အကြား ဆက်ဆံရေး၊ တရုတ်နိုင်ငံက ကမကထလုပ်တဲ့ ကျားဖြန့်အရေး ဒေသတွင်းအစည်းအဝေး
နိုဝင်ဘာ ၁၁ ရက်နေ့ လားရှိုးမြို့မှာ လုပ်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်နဲ့ ၄င်းနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကိုးကန့် လက်နက်ကိုင်တပ် MNDAA တို့ အကြား ပုံမှန် ညှိနှိုင်းအစည်းအဝေးပြီးနောက်မှာ ရက်ပိုင်းအတွင်း သီပေါမြို့ကို ဖြတ်သွားတဲ့ ပြည်ထောင်စုလမ်းမပေါ်က တံတားကို နှစ်ဖက် အပြန်အလှန် ပိတ်ထားပြီး ယာဥ်အသွားအလာ ရပ်တန့်နေခဲ့တာ ရက်အနည်းငယ် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ သီပေါ တံတားမှာတင် နှစ်ဖက် ပိတ်ဆို့ထားကြတာ မဟုတ်ဘဲ မိုင်းရယ်-ဟိုယ လမ်း၊ နမ့်လန်လမ်းတွေကိုပါ အာဏာသိမ်းစစ်တပ် ၊ MNDAA တို့က အပြန်အလှန်ပိတ်ထားကြတာ ဖြစ်ပါတယ်။
ဒီလို နှစ်ဖက် အပြန်အလှန် လမ်းပိတ်ထားကြတာဟာ နိုဝင်ဘာ ၁၁ ရက် အစည်းအဝေးမှာ MNDAA တပ်တွေအနေနဲ့ ပြည်ထောင်စုလမ်းမတလျှောက် တပ်ဆုတ်ပေးဖို့ အာဏာသိမ်းစစ်တပ်ဘက်က တောင်းဆိုခဲ့ပေမယ့် MNDAA ဘက်က သဘောမတူနိုင်တာက နေ စပြီးဖြစ်ပွားလာတာလို့ မှန်းဆပြောဆိုကြတာပါ။
ခုရက်ထဲ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ MNDAA ရော အာဏာသိမ်းစစ်တပ်ဘက်ကပါ ထုတ်ဖေါ်ပြောဆိုတာ မှတ်ချက်ပေးတာ မရှိသေးပါဘူး။ အာဏာသိမ်းစစ်တပ် ဘက်က MNDAA ကို နိုဝင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး ပြည်ထောင်စုလမ်းက ဆုတ်ခွာပေးဖို့ တောင်းဆိုထားတယ်လို့ လည်း သတင်းတွေ ထွက်ပေါ်နေချိန်မှာ နိုဝင်ဘာ ၁၆ ရက်မှာတော့ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးတွေအတွင်း MNDAA က ဖမ်းဆီးထားတဲ့ စစ်တပ်သုံ့ပန်းတွေကို လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းထပ်မံ ပေါ်ထွက်လာပါတယ်။ စစ်သုံ့ပန်း ၂၀၀ ကျော်ကို တနှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားရာက အခုလို စစ်ရေး တင်းမာမှုတွေ ဖြစ်ပေါ်နေချိန်မှာ လွှတ်ပေးလိုက်ခြင်းက နှစ်ဖက် သဘောတူညီမှု ရသွားတဲ့ သဘောလား ဆိုတဲ့ မေးခွန်းတွေပေါ်ထွက်လာပေမယ့် တိတိကျကျ မသိရှိနိုင်သေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လားရှိုးမြို့ သိမ်းယူပြီးနောက် အပစ်ရပ် သဘောတူညီမှု မရသေးတဲ့အချိန်တွေ ကတည်းက MNDAA ဘက်က သုံ့ပန်းတွေ ပြန်လွှတ်ပေးခဲ့တာမျိုး ရှိခဲ့ပါတယ်။ ချင်းရွှေဟော်၊ လောက်ကိုင် တို့ကို သိမ်းယူပြီးခါစက ဗိုလ်မှူးချုပ် အဆင့်တွေ ပါဝင်တဲ့ သုံ့ပန်းတွေကို UWSA တပ်ဖွဲ့က တဆင့် ပြန်လွှတ်ပေးခဲ့သလို ၂၀၂၄ ခုနှစ် သြဂုတ်လ မှာ စစ်တပ်နဲ့ မိသားစုဝင်တွေ စုစုပေါင်း ၈၀၀ နီးပါးကိုလည်း ပြန်လွှတ်ပေးခဲ့တာ ရှိခဲ့တာပါ။ တဖန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ မှာ စစ်သုံ့ပန်း ၂၀၀ ကျော် ထပ်မံလွှတ်ပေးခဲ့သလို ယခုနှစ် ဇွန်လမှာလည်း ရဲနဲ့ စစ်တပ်ဖွဲ့ဝင် သုံ့ပန်း ၄၅ ဦးခန့်ကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
တနှစ်ကျော်ကြာ ကာလအတွင်း စစ်သုံ့ပန်းတွေ အသုတ်လိုက် လွှတ်ပေးခဲ့တာမျိုး ရှိခဲ့ပေမယ့် အခုလို နှစ်ဖက် တင်းမာနေချိန်မှာ စစ်သုံ့ပန်း ၂၀၀ ကျော် လွှတ်ပေးတာက လတ်တလော အခြေအနေ၊ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေ နဲ့ ဆက်စပ်နေတဲ့ ရလဒ် ဟုတ်၊ မဟုတ် ယတိပြတ်တော့ မပြောနိုင်သေးတဲ့ အနေအထားဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ရဲ့ အဓိက လက်နက်ကိုင် ၃ ဖွဲ့မှာ ၂ ဖွဲ့နဲ့ အပစ်ရပ်ထားနိုင်တဲ့ အနေအထား၊ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို ရထားတဲ့ အနေအထားမှာ အာဏာသိမ်းစစ်တပ် အနေနဲ့ တဖွဲ့ချင်းကို တစတစ သွေးတိုးစမ်းပြီး ရှမ်းမြောက်က ပြည်ထောင်စုလမ်းမကြီးကို ပြန်လည် ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမဟာ နယ်စပ်ကုန်သွယ်ရေး အတွက်သက်သက်သာ အရေးပါတာမဟုတ်ဘဲ စစ်ရေး နယ်မြေထိန်းချုပ်မှု အတွက်လည်း အရေးကြီးတဲ့ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်း ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ကာလတွေအတွင်း အပိုင်းပိုင်း ဖြတ်တောက် ထိန်းချုပ်ခံခဲ့ရပြီးနောက် စစ်တပ်အနေနဲ့ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွေကိုပါ လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီသင်ခန်းစာအရ စစ်တပ်အနေနဲ့ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ရယူ ထိန်းချုပ်ဖို့ ပိုင်းဖြတ်ထားပုံရပြီး တဖြည်းဖြည်းနဲ့ ထိန်းချုပ်သွားဖို့ စစ်ရေးနည်း သံတမန်ရေး အရ ဖိအားပေးတဲ့နည်း အမျိုးမျိုးကို အသုံးပြုကာ လုပ်ဆောင်သွားမယ့် သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။
ဒီနေ့အဖို့ နောက်အကြောင်းအရာ တခုကတော့ ခု လပိုင်း သီတင်းပတ်ပိုင်း နေ့စဥ်လိုလို သတင်းဖြစ်နေတဲ့ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းတွေ အခြေစိုက်ရာ ကရင်ပြည်နယ် မြဝတီ ဒေသနဲ့ တရုတ်၊ အမေရိကန်တို့ရဲ့ မဟာဗျူဟာတွေ ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မှာ အခြေစိုက်လုပ်ကိုင်နေကြတဲ့ ကျားဖြန့်လုပ်ငန်းတွေ ကိုနှိမ်နှင်းရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက ယခုနှစ်ဆန်းကာလကတည်းက ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံတွေကို ဖိအားပေးလာနေခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်အပေါ် ဆွေးနွေးပြောဆိုမှုတွေ ဖိအားပေးမှုတွေက လူသိရှင်ကြား သိပ်မသိရှိရပေမယ့် ကျားဖြန့်လုပ်ငန်းရဲ့ သားကောင် ဖြစ်ခံရသူတွေ ဝင်ရောက်လာတဲ့လမ်းကြောင်း ဖြစ်တဲ့ ထိုင်းနိုင်ငံဘက်နဲ့တော့ ပူးပေါင်းဆောင်ရွက်မှုတွေ တရုတ်နိုင်ငံက ဝန်ကြီးအဆင့်ရှိတဲ့ သူတွေ မဲဆောက်မြို့ မြန်မာနိုင်ငံ နယ်ခြားဒေသတွေအထိ လာရောက်တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနှစ်ဆန်းမှာ ကျားဖြန့်လုပ်ငန်းတွေက ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ထောင်ဂဏန်းကို တရုတ်နိုင်ငံ ပြန်လည် ခေါ်ဆောင်သွားတာတွေလည်း ရှိခဲ့ပြီး အခု နှစ်ကုန်ပိုင်းမှာတော့ ဒုတိယလှိုင်း စစ်ဆင်ရေးသဖွယ် တကျော့ပြန် အရှိန်မြင့်လာခဲ့တာ ဖြစ်ပါတယ်။
ကျားဖြန့် ရာဇဝတ်မှုဂိုဏ်းတွေမှာ ဦးဆောင်သူတွေက တရုတ်နိုင်ငံသားတွေ ဖြစ်ကြပြီး ပစ်မှတ်ထားခံရသူတွေထဲမှာလည်း တရုတ်နိုင်ငံသားတွေ အများအပြားပါဝင်နေတာ ဖြစ်ပါတယ်။ ဒီအချက်က တရုတ်နိုင်ငံ အနေနဲ့ ကျားဖြန့်လုပ်ငန်းကို နှိမ်နှင်းရာမှာ ဦးဆောင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာစေတာပါ။ မကြာသေးခင် ရက်ပိုင်းမှာတော့ အမေရိကန်၊ ဗြိတိန်တို့လို နိုင်ငံတွေကလည်း ကမ္ဘောဒီးယား အခြေစိုက် တရုတ်နိုင်ငံ ဇာတိဖြစ်သူ ချန်းကျိကို ၄င်းရဲ့ ဘစ်ကွိုင် ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ကန့်သတ်ခဲ့သလို မြန်မာ-ထိုင်းနယ်စပ်က ကျားဖြန့် ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ DKBA လက်နက်ကိုင် အဖွဲ့က ခေါင်းဆောင် ၄ ဦးကို ပိတ်ဆို့မှု စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ ဒါ့အပြင် အရှေ့တောင် အာရှက ကျားဖြန့်ရာဇဝတ်မှု နှိမ်နှင်းရေး အထူးအဖွဲ့ကို ဖွဲ့စည်းကြောင်းလည်း ကြေညာခဲ့ပါတယ်။
ဒီလုပ်ဆောင်မှုတွေက အမေရိကန်ပြည်ထောင်စု အနေနဲ့ ကျားဖြန့်ရာဇဝတ်မှု နှိမ်နှင်းရေးထဲ ဝင်ပါလာတော့မှာလား ဆိုတဲ့ မေးခွန်းနဲ့ ဒီလို နှိမ်နှင်းရေး လုပ်ဆောင်ရာမှာ တရုတ်နိုင်ငံရဲ့ အပြိုင်အဆိုင် ဖြစ်လာတော့မလား ဆိုတဲ့ တွေးဆစရာတွေလည်း ရှိလာတာပါ။
အဲဒီနောက် တရုတ်နိုင်ငံက ကျားဖြန့်လုပ်ငန်း အခြေစိုက်ရာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့ကို ဖိတ်ကြားပြီး ကျားဖြန့်နှိမ်နှင်းရေး ပူးပေါင်းဆောင်ရွက်မှု တရပ်ပေါ်ထွက်အောင် ကြိုးစားလာတာဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ခြေလှမ်းထက် ဦးအောင် လှမ်းတဲ့သဘောလို့ ဆိုရင် မှားမယ် မထင်ပါဘူး။
ကျားဖြန့် နှိမ်နှင်းရေးနဲ့ ဒေသတွင်းနိုင်ငံတွေ အပေါ် အမေရိကန်ရဲ့ သြဇာ လွှမ်းမိုးလာမှာကို တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုမှ လိုလားမှာ မဟုတ်တာ ရှင်းလင်းတဲ့အချက်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့ အင်အားကြီး ၂ နိုင်ငံရဲ့ ကျားဖြန့်ရာဇဝတ်မှုအပေါ် အကြောင်းပြုတဲ့ သြဇာချဲ့ထွင်မှုက ဒေသတွင်း နိုင်ငံတွေ အထူးသဖြင့် ကျားဖြန့်လုပ်ငန်းကို မြေနေရာပေးထားတဲ့ မြန်မာနိုင်ငံ ရဲ့ ပြည်တွင်းစစ် အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းတဲ့အဓိက အချက်တချက် ဖြစ်နေပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar