ရန်ကုန်မှာ ကျင်းပတဲ့ ခရစ်စမတ်အခမ်းအနား တက်ရောက်လာတဲ့ စစ်ခေါင်းဆောင်
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၄ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၅ ၊ ၂၀၂၅
ရန်ကုန်မှာ ကျင်းပတဲ့ ခရစ်စမတ်အခမ်းအနား တက်ရောက်လာတဲ့ စစ်ခေါင်းဆောင်
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်းက စိန့်မေရီ ဘုရားကျောင်းမှာ နှစ်စဥ်ကျင်းပတဲ့ ခရစ်စမတ် ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားကို အာဏာသိမ်းစစ်ခေါင်းဆောင် တက်ရောက်ကြောင်း သတင်းတွေထဲမှာ ဖေါ်ပြထားကြပါတယ်။ စိန့်မေရီ ကက်သလစ် ဘုရားကျောင်းမှာ ကျင်းပတဲ့ ခရစ်စမတ်အခမ်းအနားကို မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီးက ကြီးမှူးကျင်းပတာလို့ ဖေါ်ပြထားတာတွေ့ရပြီး ခရစ်တော်ကျေးဇူးတော် ချီးမွမ်းခြင်းနဲ့ မိတ်ဆုံစားပွဲအစီအစဥ်တွေ ပါရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ အခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က နှုတ်ခွန်းဆက်စကားပြောဆိုရာမှာ “နိုင်ငံသူနိုင်ငံသားများနဲ့ ကမ္ဘာသူကမ္ဘာသားများအားလုံး ဘာသာတရားရဲ့ မေတ္တာရိပ်အောက်မှာ ချစ်ခြင်းမေတ္တာများနဲ့ ငြိမ်းချမ်းသာယာခြင်း ရှိကြပါစေကြောင်း ဆုမွန်ကောင်းဖြင့် ဆုတောင်းမေတ္တာပို့သ အပ်ပါကြောင်း” နဲ့ အစချီပြီး ပြောဆိုခဲ့တာပါ။ အာဏာသိမ်း စစ်တပ်ရဲ့ ခေါင်းဆောင်က အခုလို မေတ္တာပို့ဆုတောင်း ပြောဆိုနေတဲ့ ရက်၊ နေတဲ့ အချိန်တွေမှာပင်လျင် မြန်မာနိုင်ငံရဲ့ အချို့သော ဒေသတွေမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက လက်နက်ကိုင် အဖွဲ့သာမက စစ်ဘေးတိမ်းရှောင် နေကြရသူ၊ နေအိမ်တွေမှာ နေထိုင်ရင်း မျှော်လင့်မထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးနေကြရတဲ့ အဖြစ်က အပြောနဲ့ လက်တွေ့အဖြစ်အပျက်တို့ ဘယ်လောက်ဆန့်ကျင် ကွဲလွဲနေတယ်ဆိုတာကို ဖေါ်ပြနေတာလည်း ဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေ အများအပြားနေထိုင်ကြတဲ့ ဒေသတွေ ဖြစ်တဲ့ ကချင်၊ ချင်း၊ ကရင်နီ(ကယား)၊ ကရင်၊ တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းတို့ရဲ့ မြို့တွေ ကျေးရွာတွေမှာ အရပ်သားတွေ ထိခိုက်သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေပြင်မှာ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးတာ၊ PDF, တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကို ထောက်ပံ့အားပေးတယ်လို့ သံသယနဲ့ နှိပ်စက်တာ သတ်ဖြတ်တာတွေကို မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ကျူးလွန်နေတာ ဖြစ်ပါတယ်။
ခရစ်ယာန်ဘုရားကျောင်း အများအပြားလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်တိုက်ခိုက်မှုတွေနဲ့ ထိခိုက်ပျက်စီးကြရတာ လွန်ခဲ့တဲ့ ၄/၅ နှစ်အတွင်း အနှံ့အပြား ဖြစ်ပွားနေတာပါ။ ဒီဖြစ်ရပ်တွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် မသိရှိလို့ အခုလို ခရစ်စမတ် ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားမှာ ခရစ်ယာန်ဘာသာဝင်တွေအတွက် ဆုတောင်းမေတ္တာပို့သ စကားပြောဆိုတာ မဟုတ်ပါဘူး။ ဒီဖြစ်ရပ်တွေကို သိရှိလျှက်သားနဲ့ကို အများပြည်သူရဲ့ အမြင်ကောင်းအောင် လိမ်လည်လှည့်ဖျားခြင်း တရပ်သာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ နိုင်ငံရေး၊ စစ်ရေး အသာရဖို့ အတွက်၊ အာဏာကို ခိုင်မာအောင် လုပ်ဆောင်ဖို့အတွက်ဆိုရင် ခရစ်ယာန်ဘာသာဝင်သာမက ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူဘာသာဝင်နဲ့ အစ္စလာမ်ဘာသာဝင်တွေ ဘယ်ဘာသာဝင်တွေမဆို နှိပ်ကွပ်ဖို့၊ ချေမှုန်းဖို့၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ဖို့ နောက်တွန့်နေမှာ မဟုတ်ပါဘူး။
အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်ဆိုတဲ့အကြောင်း နဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်အခါသမယမှာ ဆုတောင်းမေတ္တာပို့သတယ်ဆိုခြင်းဟာ လှည့်ဖျားမှုတရပ်၊ ခရစ်ယာန်ဘာသာဝင် အရပ်သားလူထုတွေ အပေါ် ကျူးလွန်တဲ့ အပြစ်တွေကို ဖုံးကွယ်လိုခြင်း သက်သက်မျှသာ ဖြစ်တယ်ဆိုတာ ထင်ရှားနေလျှက်သားနဲ့ ဘာသာရေး ခေါင်းဆောင်တွေ အနေနဲ့ အခုလို အရပ်သားတွေ အပေါ် ကျူးလွန်တဲ့ လုပ်ရပ်တွေ ထပ်မံမဖြစ်ပွားအောင်၊ တားဆီးဖို့ စစ်ခေါင်းဆောင်ကို ဘာကြောင့် မပြောဆိုကြသလဲ ဆိုတဲ့မေးခွန်းကလည်း ခရစ်ယာန်ဘာသာဝင်တွေအကြား ကြီးမားတဲ့ ရိုက်ခတ်မှု ဖြစ်စေနိုင်တာ အမှန်ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကက်သလစ် သာသနာမှာ အထင်ရှားဆုံး ခေါင်းဆောင်ဖြစ်တဲ့ ရဟန်းအမတ် ကာဒီနယ် ချားလ်စ်ဘိုရဲ့ ဇာတိကျေးရွာ ဖြစ်တဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှကျေးရွာက စိန့်မိုက်ကယ် ဘုရားကျောင်းကို လွန်ခဲ့တဲ့လကပဲ စစ်တပ်ဘက်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ပါသေးတယ်။
ယခင်နှစ်တွေတုန်းကလည်း မုံလှကျေးရွာ နဲ့ ခင်ဦး၊ တန့်ဆည်စတဲ့ မြို့နယ်တွေထဲက ကက်သလစ်ဘာသာဝင်တွေ နေထိုင်ကြတဲ့ ကျေးရွာတွေ အများအပြားကိုလည်း စစ်တပ်က စစ်ကြောင်းထိုးတာ၊ နေအိမ်မီးရှို့ဖျက်ဆီးတာ ကျေးရွာမှာတွေ့တဲ့ အရပ်သားတွေကို နှိပ်စက်မေးမြန်းစစ်ဆေးတာ၊ အချို့လည်း အသက်သေဆုံးတဲ့အထိ နှိပ်စက်သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တာြဖစ်ပါတယ်။
အခုလို အရပ်သားတွေ သတ်ဖြတ်ခံရတာ၊ ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးအောင် လေကြောင်း၊ မြေပြင်ကနေ တိုက်ခိုက်တာ၊ အချို့ဘုရားကျောင်းတွေ မီးရှို့ပျက်စီးဆုံးရှုံးတာတွေနဲ့ ပတ်သက်လို့ အခုလို စစ်ခေါင်းဆောင်နဲ့ ဆုံတွေ့ချိန်မှာ ဘာသာရေး ခေါင်းဆောင်တွေက ပြောဆိုတာမျိုး မရှိဘူးလားလို့ ခရစ်ယာန်ဘာသာဝင်တွေသာမကပဲ အခြားသော ဘာသာဝင်တွေကလည်း မေးခွန်းထုတ်ချင်ကြမှာ သေချာပါတယ်။ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ အနေနဲ့ တနိုင်ငံလုံးရဲ့ အရေးကိစ္စတွေကို ပြောဆိုခြင်းမပြုနိုင်ရင်တောင်မှ ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်ကြတဲ့မြို့၊ ရွာတွေမှာ ဖြစ်ပွားနေတဲ့ အရပ်သား သတ်ဖြတ်ခံရမှု၊ နေအိမ်၊ ဘာသာရေး အဆောက်အအုံတွေ ဖျက်ဆီးခံရမှုတွေ အတွက် ပြောဆိုသင့်တယ်လို့ အများက ယူဆကြတာပါ။
ဒီနေရာမှာ အရပ်သားတွေ အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ နောက်ထပ်မဖြစ်ပွားရအောင် ဘာသာရေး ခေါင်းဆောင်တွေ အနေနဲ့ အခွင့်ကြုံရင် စစ်အာဏာသိမ်းခေါင်းဆောင်ကို ပြောဆိုဆုံးမဖို့ လူအများရဲ့ ဆန္ဒက ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေကိုသာ ရည်ရွယ်လိုတာ မဟုတ်ပဲ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေကိုလည်း ရည်ညွှန်းလိုတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံရေး စည်းရုံးရေးရည်ရွယ်ချက်နဲ့ ဘာသာရေးခေါင်းဆောင်တွေ ထံ လာရောက်တဲ့အခါ အလှူဒါနလာရောက်ပြုလုပ်တဲ့ အခါမျိုးမှာ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ အနေနဲ့လည်း အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်တာ သတ်ဖြတ်တာတွေ မလုပ်ဖို့ နေအိမ်ရပ်ရွာတွေ မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းတိုက်ခိုက်တာတွေ မလုပ်ဖို့ စစ်ခေါင်းဆောင်ကို တိုက်တွန်းဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ ဒီလိုတိုက်တွန်းမှုကို စစ်ခေါင်းဆောင် အနေနဲ့ အလွယ်တကူ ဝန်ခံ ပြုပြင်လိမ့်မယ်လို့ မမျှော်လင့်နိုင်သည့်တိုင် ဒီဖြစ်ရပ်တွေ စစ်ရာဇဝတ်မှုတွေအတွက် ၄င်းမှာတာဝန်ရှိတယ်ဆိုတဲ့ အချက်ကို သတိပြုမှုရှိစေလိမ့်မှာ အသေအချာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar