လေးလေး - မြသန်းတင့်နဲ့ဝင်းဦး ရဲ့ သေခြင်းဒဿန
လေးလေး - မြသန်းတင့်နဲ့ဝင်းဦး ရဲ့ သေခြင်းဒဿန
မိုးမခ ၊ ဒီဇင်ဘာ ၂၅ ၊ ၂၀၂၅
မိုးမခမှာ စာအုပ်အညွှန်းရေး ခဲ့တာတွေကို နှစ်ချုပ်ကြည့်နေတာ ဒါက သုံးပုဒ်မြောက်၊ ညွှန်းခဲ့တဲ့စာအုပ်တွေထဲ မြသန်းတင့်ရဲ့ ခရီးသွားစာအုပ် ပါတယ်၊ ဆရာ့မိတ်ဆွေရင်း ဝင်းဦးရဲ့ ကိုယ်တိုင်ရေးဘဝမှတ်တမ်း စာအုပ်လည်း ပါတယ်။ မြသန်းတင့်ရဲ့စာအုပ်အညွှန်း ရေးခဲ့တုန်းက လူတွေစာဖတ်၊မဖတ် မပြောတတ်ပေမယ့် မြသန်းတင့် ရေး ခဲ့တဲ့ စာအုပ်တွေကို အထပ်ထပ်အခါခါ ပြန်ထုတ်နေတာတော့ သေချာတယ်လို့ ပြောဖြစ်ခဲ့တယ်။
အခုပဲကြည့်၊ ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက် တတိုက်ထဲကနေ ၂၀၂၅ ခုနှစ်၊ မတ်လမှာ “မြောက်ဘက်တောင်ကုန်းဒေသမှအပြန်”၊ ဧပြီ လမှာ “ငွေသောင်ယံ ဟွန်ဒါယဉ်ကျေးမှု မေရီပိုဗေးနှင့် အီကွေတာညများ”ဆိုတဲ့ စာအုပ်နှစ်အုပ်ကို ဆက်တိုက် ဆိုသလို ထုတ်ဝေဖြန့်ချိလာတယ်။ နှစ်အုပ်စလုံးက ခရီးသွားဆောင်းပါးတွေချည်း။
ပထမဆုံး မြသန်းတင့်နဲ့အတူ မြောက်ဘက်တောင်ကုန်းဒေသဆီ သွားကြည့်ကြရအောင်ပါ။
အညာသား စာရေးသူက အညာကို ခရီးသွားဖို့အကောင်းဆုံးအချိန်ဆိုတာကို ခုလို ရေးဖွဲ့ထားခဲ့တယ်။
“အညာတွင် ခရီးသွား၍အကောင်းဆုံးအချိန်မှာ မိုးတွင်းဖြစ်သည်။နေလည်း မပူ၊ဖုန်လည်း မရှိ၊ကောင်းကင်သည် အမြဲတမ်း အုံ့မှိုင်းနေသည်။သို့ရာတွင် အောက်အရပ်မှာလို သဲသဲမဲမဲလည်း မရွာ၊မိုးတိမ်တို့သည် ရန်ကင်းတောင် ထိပ်တွင် အမြဲလိုလို မှိုင်းညို့နေတတ်သည်။မန္တလေးတဝိုက်မှ မန်ကျည်းပင်၊ကုက္ကိုပင်တို့သည် နီကျင်သောဖုန်မှုန့် တို့ဖြင့် ပေါင်ဒါဖို့ထားခြင်း မရှိတော့။မုတ်သုန်ဦး၏ မိုးစက်များက ဖုန်မှုန့်တွေကို ဆေးကြောပစ်လိုက်ကြပြီ။ သစ် ပင်တို့က စိမ်းနေကြသည်။လယ်ကွင်းတွေကလည်း စိမ်းနေကြသည်။တောင်တွေကလည်း စိမ်းနေကြသည်။”
ဆရာဇော်ဂျီရဲ့ ပုဂံကို အလည်အပတ်သွားဖို့အကောင်းဆုံးအချိန် သီတင်းကျွတ်၊တန်ဆောင်တိုင် ဆိုတဲ့ အရေးအဖွဲ့ကို ပြန်ပြောင်းအောက်မေ့ဘွယ်ရာ ရေးသားဖွဲ့ဆိုမှု။
၂၀၂၅ ခုနှစ်က ဝင်းဦး အသက် ၉၀ ပြည့်မွေးနေ့ဖြစ်တော့ ဝင်းဦး ရေးခဲ့တဲ့ ဝင်းဦးအကြောင်း စာပဒေသာတွေကို စုစည်းပြီး စာအုပ်တအုပ် ထွက်လာတယ်။ “ဝင်းဦး၏ကိုယ်တိုင်ရေးဘဝမှတ်တမ်း ဇာတ်လမ်းပဒေသာ”တဲ့။ စာအုပ်အညွှန်းမှာက “၉၀ ပြည့်မွေးနေ့ အမှတ်တရအဖြစ် ဆယ်စုခေတ်တနှစ်စွန်းမန်းသင်္ကြန်”အပါအဝင် ကိုယ်တိုင်ရေး ဘဝမှတ်တမ်းစာပေါင်းချုပ်လို့ ဆိုထားတယ်။
ဝင်းဦးရဲ့ “ကိုယ်တိုင်ရေးဘဝမှတ်တမ်း ဇာတ်လမ်းပဒေသာ”စာအုပ်ထဲမှာ ဆယ်စုခေတ် တနှစ်စွန်း မန်းသင်္ကြန် အခန်းဆက်ဆောင်းပါးက စာအုပ်ထက်ဝက်လောက် နေရာယူထားပါတယ်။ အဲဒီစာအုပ်အညွှန်း ရေးရင်း မြသန်း တင့်ရေးဖူးတဲ့ ဝင်းဦးရဲ့သေခြင်းဒဿနကို ကောနုတ်ဖော်ပြဖြစ်တယ်။
“လူတယောက်မှာ ရောဂါဝေဒနာတခု စွဲကပ်လာရင် ခံစားချက်လေးမျိုးနဲ့ တုံ့ပြန်တတ်တယ်။
ပထမအဆင့်မှာ ဒေါသ Anger နဲ့ တုံ့ပြန်တယ်၊ ငါ ဘာဖြစ်လို့ နေမကောင်းဖြစ်ရတာလလဲ ဆိုပြီးတောက် တခေါက်ခေါက်နဲ့ မကျေမချမ်း ဖြစ်နေတတ်တယ်။
ဒုတိယအဆင့်ကျတော့ ငြင်းဆန်တာ Denial ဗျ၊ ငါ့ရောဂါက တကယ်ဖြစ်တာ မဟုတ်ပါဘူး၊ ငါ့စိတ်က ထင်နေတာပါ। သူတို့ ဆရာဝန်တွေက ခံစားနေရတဲ့ ကာယကံရှင်လောက် သိတာမှတ်လို့ ဆိုပြီး ငြင်းဆန် လာတတ်တယ်။
တတိယအဆင့်ကျတော့ စိတ်ငယ်တာ Dejection ဖြစ်လာတတ်တယ်। ကျန်းကျန်းမာမာနဲ့ သွားလာလှုပ်ရှားနေတဲ့သူတွေကို ကြည့်ပြီး စိတ်ငယ်လာတယ်။
စတုတ္ထအဆင့်ကျတော့ မျှော်လင့်ချက်ကုန်သွားတာ Despair ဖြစ်လာတတ်တယ်။”
သေရေးနဲ့ပတ်သက်တဲ့ ဝင်းဦးရဲ့အဘိဓမ္မာလို့ မြသန်းတင့်က ရေးခဲ့တယ်။ သူ သေရင် ကင်ဆာရောဂါနဲ့တော့ မသေချင်ဘူးလို့ ပြောခဲ့ဖူးပေမယ့် အဲဒီရောဂါနဲ့ပဲ သူ သေခဲ့ရတယ်။
ဝင်းဦးရဲ့ အခု ဇာတ်လမ်းပဒေသာစာအုပ်ကို ထုတ်ဝေခဲ့တဲ့ စိတ်ကူးချိုချိုစာပေတိုက်ကပဲ ၂၀၂၃ ခုနှစ်မှာ ဝင်းဦး ကွယ်လွန်ခြင်း ၃၅ နှစ်ပြည့် အမှတ်တရ စာအုပ်ထုတ်ခဲ့ပါတယ်။ အဲဒီစာအုပ်က ဝင်းဦးကို ချစ်ခင်ကြသူတွေရဲ့ ဝင်းဦး အမှတ်တရစာတွေ စုစည်းထားတာဖြစ်ပြီး၊ အခု ဇာတ်လမ်းပဒေသာစာအုပ်ကတော့ ဝင်းဦးရဲ့ စာပေ လက်ရာချည်းသက်သက် စုစည်းထုတ်ဝေလာတာပါ။ ဒီစာအုပ်နှစ်အုပ်ပါ စာမူတွေအားလုံးကို ဖတ်ပြီးရင်တော့ ဝင်းဦး ဆိုတဲ့လူကို ဖတ်ပြီးသား ဖြစ်သွားပါပြီ။ တိုတိုပဲ အနှစ်ချုပ်လိုက်တယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar