Breaking News

ဖလော်ဒါဟန် - ရွေးကောက်ပွဲအကြောင်း တစေ့တစောင်း







ဖလော်ဒါဟန် - ရွေးကောက်ပွဲအကြောင်းတစေ့တစောင်း

မိုးမခ ၊ ဒီဇင်ဘာ ၂၇ ၊ ၂၀၂၅


တနေ့က မမိုးရင်တယောက် အလုပ်နေရာကနေ လက်ဖက်ရည်သောက်နေတဲ့ လေးလေး တို့စကားဝိုင်းနား ရောက်သွားခဲ့တယ်။

မမိုးရင် လေး‌လေးတွေကလည်း အထက်အောက် ညီအစ်ကိုသာ ပြောတာ၊ စကားအပြောအဆိုကအနည်းသား။

သူတို့ပြောတဲ့စကားထဲမှာ ရွေးကောက်ပွဲအကြောင်းလည်း ပါတယ်။

မဲထည့်ရမဲ့ရက်က ဘယ်နေ့လဲ ဆိုတာလည်း တယောက်နဲ့ တယောက် မေးနေကြတယ်။

"မင်းတို့ရွာဘက် အခြေအနေကရော" ဆိုတော့ "အငယ်လေးလေးက ဘာမှမကြားမိဘူး။ ရပ်ရွာ‌ဒေသခံတွေကလည်း ကိုယ့်အလုပ် ကိုယ် လုပ်နေကြတာ ငါ့လိုပဲ ဘာမှသိပုံမရသလို စိတ်လည်း မဝင်စားကြဘူး"

"ငါတို့နယ်မှာတော့ အူကြောင်ကြောင် ကြောင်ကန်းကန်းတယောက်ကို ဆိုင်းဘုတ်‌ထောင်ထားကြတယ်"လို့လည်း လေးလေးအငယ်က ပြောသေး။

"နောက်ထပ် ဆရာဝန်နှစ်ယောက်လည်း ဆိုင်းဘုတ်ထောင်ထားတယ် ငါ ရွာဘက်လာတော့ မြင်ခဲ့တာ"တဲ့။

လေးလေးအကြီးကတော့ "ငါတို့ဘက်မတော့ ဘယ်သူဘယ်ဝါရယ်လို့ကို မသိရပါဘူးကွာ။  စာရွက်တွေတော့ အုပ်ချုပ်ရေးမှူး‌နေတဲ့ ရွာဘက်မှာ ကပ်ထားတယ်" တဲ့။

"ဘယ်သူမှလည်း သွားကြည့်တာ မတွေ့မိဘူး"

"တလောကတော့ နာမည်သွားမကြည့်ရင် အပြစ်ကျရောက်နိုင်တယ်လို့ ခြိမ်းခြောက်သံမျိုးတော့ ငါ ကြားလိုက်သေးတယ်"

"တနေ့က မင်းတို့ရွာဘက်က ကောင်တကောင် လျှောသွားတယ်ဆို"

"အေး ငါလည်း ကြားမိသား"

"အဲဒီကောင်‌ ရှောတာကိုကွာ အလှူပြန် အလုပ်သွားအလုပ်ပြန်တွေကို မှတ်ပုံတင်စစ်ကြလို့ ရပ်ရွာလူထုမယ်လည်း ဒုက္ခ ရောက်ရတာမျိုး"

"ကိုယ့်ရပ်ရွာ ဝန်းကျင်တဝိုက် အသွားအလာကိုတော့ ဘယ်သူမှ မှတ်ပုံတင်မထည့်ကျဘူးလေကွာ"

လေးလေးအငယ်က "အဲဒါနဲ့ မဲပေးရမဲ့ရက်က ဘယ်ရက်လဲကွ"။ 

"ဒီဇင်ဘာ၂၈ ရက်ဆိုလားပဲ" အကြီးက ပြန်ပြောလေရဲ့။

မမိုးရင်တယောက် ဒီဇင်ဘာ ၂၈ ရက်နေ့ မရောက်ခင် ရပ်ရွာလူကြီးတွေရဲ့ စကားဝိုင်းနဲ့  ကျွန်တော်ကတော့ မင်းသားပါခင်ဗျ ဆိုတဲ့ မအလ ရဲ့ မင်းသားရုပ်ကိုပဲ မြင်ယောင်နေမိပါတော့တယ်။

ပြည်သူတွေအတွက် ရင်လေးစရာ ရွေးကောက်ပွဲက သက်ကြီးရွယ်အိုတွေကြားမှာ လက်ဖက်ရည်စကားဝိုင်းရဲ့ ပြောစမှတ် ဖြစ်နေတာတော့ အမှန်ပါ။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar