Breaking News

တာပလု - ထွန်းတုံးပိတ်ချိန်

တာပလု - ထွန်းတုံးပိတ်ချိန်

မိုးမခ ၊ ဒီဇင်ဘာ ၂၇ ၊ ၂၀၂၅


ရာသီက ထွန်တုံးပိတ်ချိန်။ ထွန်တုံးပိတ်ချိန် ဆိုတာ မိုးစပါးတဖြတ် စိုက်လို့ပျိုးလို့ ပြီးချိန်။ ထွန်တုံးပိတ်ချိန်ဆို တောင်သူဦးကြီးတို့ အလုပ်အကိုင် မရှိတဲ့အချိန်ပဲ။

ဒီကနေ့ခေတ်မှာတော့ ထွန်တုံးပိတ်ချိန်လည်း အားအားနေလို့မရဘူး။ တောင်သူဦးကြီးတို့ စပါးတဖြတ်၊ ပဲတဖြတ်ကြားမှာ အားနေတဲ့အချိန်ကို ကုန်စိမ်းတခုခု စိုက်ပျိုးပြီး အလုပ်လုပ်ကြရတာပါ။ ဒီလိုမှမလုပ်ရင်လဲ လယ်အလုပ်ချည်း အားကိုးနေလို့မရတော့တဲ့ ခေတ်ကြီးကိုး။

ဖိုးပြူးအဖေကတော့ နှီးတွေပဲ ထိုင်ဖြာနေတာ။ စပါးတဖြတ်၊ ပဲတဖြတ်ကြားမှာ အလုပ်အားနေချိန်ဆို နှီးတွေပဲ ထိုင်ဖြာနေတော့တာ။ ဖိုးပြူးကို နှီးဖြာပါလားလို့ မပြောပါဘူး။ အဖေဖြစ်တဲ့သူက မပြောလည်း ဖိုးပြူးကတော့ လိုက်လုပ်တာပဲ။

အလုပ်မရှိ နှီးဖြာ။ လယ်တွေ စိုက်လို့ပျိုးလို့ပြီးချိန်ဆို အလုပ်အကိုင် မယ်မယ်ရရ ဘာမှ မရှိတော့ဘူး။ ဖိုးပြူး‌တို့ သားအဖနှစ်ယောက် မိုးစပါးတဖြတ် စိုက်လို့ပြီးချိန်ကစပြီး နှီးတွေ ထိုင်ဖြာနေလိုက်တာ အိမ်ပေါ်မှာ ထားစရာနေရာတောင် မရှိတော့ဘူး။

နှီးဖြာဖို့ ဝါးတွေဆိုတာက ကိုယ့်ခြံထဲက ဝါးတွေပဲ။ နှီးဖြာလို့ရတဲ့ ဝါးအမျိုးအစားက သပ်သပ်ရှိတယ်။ ဒါလည်း ခြံထဲရှိနေတာဆိုတော့ ဝယ်စရာမလိုတော့ဘူးပေါ့။

ဝါးဝယ်ပြီး အခုလိုနှီးတွေကို အပုံလိုက်ကြီး ဖျာနိုင်ဖို့ကလဲ မဖြစ်နိုင်ဘူး။ ဝါးကို ဝယ်ရမယ်ဆို ဘယ်လွယ်ပါ့မလဲ။ အခုလောက်ကြီးလည်း နှီးတွေကို ဖြာနိုင်မယ် မထင်ပါဘူး။

လယ်ထဲ မိုးစပါးတဖြတ် စိုက်လို့ပျိုးလို့ပြီးချိန်ဆို မြို့တက်၊ စားသောက်ဆိုင်ကောင်းကောင်း သွား အစားကောင်း၊ အသောက်ကောင်းတွေ သောက်ပြီး အပန်းဖြေကြတဲ့သူတွေ ရှိတယ်။ ကာရာအိုကေခေတ် ရောက်လာချိန်မှာဆို သီးချင်းပါ ဆိုချင်ဆိုပေါ့။ ဒါကို ဖိုးပြူးအဖေက ထွန်းချေးခါတယ်လို့ ပြောလေ့ရှိတယ်။

ထွန်းတုံးပိတ်ရင် မြို့တက်ပြီး ထွန်ချေးခါလိုက်ရ ဘယ်လောက်ကောင်းလိုက်မလဲလို့ ဖိုးပြူးအဖေက မကြာခဏဆိုသလို ပြောလေ့ရှိပါတယ်။ အခုလို ပြောတာကလဲ စိတ်ကူးယဉ်တဲ့အဆင့်မှာပဲ ရှိပါတယ်။ တကယ်လက်တွေ့မှာတော့ တကြိမ် တခါမှတောင် အကောင်အထည် မပေါ်ခဲ့ပါဘူး။

လယ်စိုက်လာတာ မိုးရာသီစပါးတဖြတ်၊ ဆောင်းရာသီ ပဲတဖြတ် စိုက်တာတောင် လယ်စရိတ်ကို အရင်းအနှီး တနှစ်ထက်တနှစ် အလျင်မီအောင် မရလို့ပါပဲ။

ဖိုးပြူးအဖေ စိတ်ကူးယဉ်တဲ့ မြို့တက်ပြီး အပန်းဖြေဖို့ နားဖို့ဆိုတာ စိတ်ကူးယဉ်တဲ့အဆင့်မှာပဲ ပျောက်သွားခဲ့ရတာ ဖြစ်ပါတယ်။

အခုတောင် ဖိုးပြူးတို့သားအဖတွေ နှီးထိုင်ဖြာနေတာ ကိုယ့်ခြံထဲကဝါးကို ပြန်ခုတ်ပြီး နှီးဖြစ်လာဖို့ လုပ်နေကြတာပါ။ တနေရာသွားလာ အပန်းဖြေဖို့ကလည်း မဖြစ်နိုင်ဘူး။ ဆန်အိုးထဲ ဆန်ရှိနေဖို့တောင် အဆက်မပြတ်ရေး လုပ်နေရတာ။ ဒီတော့ ဖိုးပြူးတို့သားအဖတွေ အလုပ်မရှိ နှီးဖြာကြတာပေါ့။

ထွန်ချေးခါတယ် ဆိုတာ လယ်ကွက်ထဲမှာ အသွားခြောက်ခုပါတဲ့ ထွန်တုံးနဲ့ လယ်ထွန်တဲ့အခါ လယ်ကွက်ထဲက မြက်တွေ၊ အမှိုက်‌တွေက ထွန်သွားခြောက်ခုမှာ လာငြိတွယ်ကြတယ်။ အဲဒီလိုငြိတွယ်တဲ့ အမှိုက်တွေ မြက်တွေကို နွားတွေနဲ့ လယ်ထွန်နေရင်း တချက် တချက် ထွန်တုံးကို လက်ကလည်း မ တင်၊ ခြေနဲ့လည်း ကန်ချ ဒီလိုလုပ်ရတယ်။

အဲဒီလိုမှ အရှေ့က ရုန်းနေတဲ့နွားလည်း ပေါ့ပါးသွားမှာဖြစ်သလို လယ်ကွက်အတွက်လည်း ထွန်ရေးညက်စေမှာ ဖြစ်ပါတယ်။

နွားတွေလည်း အရုန်းအဆွဲရသက်သာမယ်။ လယ်ကွက်ကလည်း ထွန်ရေးညက်မယ်။ ဒါကို လယ်ထွန်တဲ့သူက လုပ်ပေးရတာ။ အပင်ပန်းတော့ ခံရတာပေါ့။ လေးလံနေတဲ့ ထွန်တုံးကို မ ဖို့ဆိုတာ ခွန်အားကို အသုံးချရတာ။ ထွန်တုံးမ ရုံနဲ့ မပြီးသေးဘူး။ ထွန်သွားမှာ ငြိတွယ်နေတာကို ခြေနဲ့ ကန်ချရသေးတာ။ အဲဒီအလုပ်နှစ်ခုကို အရှေ့က နွားနှစ်ကောင် ထွန်တုံးကို ရုန်းဆွဲနေတဲ့အချိန်မှာပဲ လုပ်ရတာပါ။

လယ်ထွန်တဲ့သူတယောက် ဘယ်လောက် အပင်ပန်းခံရသလဲဆိုတာ တွက်ဆကြည့်လို့ ရနိုင်ပါတယ်။ ဖိုးပြူးတို့လို တက်သစ်စ လယ်ဝင်ထွန်ကြတဲ့သူတွေဆို လူကြီးတွေက ကြည့်နေတာ။ ဒီကောင် ထွန်ချေးခါတတ်ရဲ့လား ဆိုတာ။ ထွန်ချေးခါတတ်ရင် လယ်ထွန်တတ်တာပဲလို့ ပြောကြတာကိုး။

ထွန်ချေးခါတယ် ဆိုတာ ပေါ့ပါးသွားတာကို ဆိုလိုချင်တာလဲ ဖြစ်ပါတယ်။ လယ်တောင်သူတယောက် လယ်တွေစိုက်လို့ ပျိုးလို့ပြီးချိန်‌ဆို အနားယူ အပန်းဖြေချင်ကြတာပေါ့။ ဒါကိုပဲ ဖိုးပြူးအဖေက မြို့တက်ပြီး ထွန်ချေးခါလိုက်ရ ကောင်းမှာပဲလို့ ပြောတာပေါ့။

ဖိုးပြူးတယောက် ဖြာထားတဲ့ နှီးစည်းကြီးကို ထမ်းပြီး အဘွားဆီ သွားတယ်။ အဖေက သူ့ကို အဘွားအိမ် သွား၊ နှီးတွေယူသွား၊ အဘွားက နှီးလိုတဲ့သူတွေ စပ်ပေးလိမ့်မယ်ဆိုတဲ့ လမ်းညွှန်တဲ့အတိုင်း သွားရတာပါ။

"သားရေ လာ၊ မင်းနှီးတွေ ယူခဲ့ဦ၊ အဘွားသန်းကြည်အိမ်ဘက် သွားကြမယ်"

အဘွားက ခေါ်တော့ ဖိုးပြူး နှီးစည်းကို ထမ်းပြီး မြေးအဘွားနှစ်ယောက် အဘွားသန်းကြည် အိမ်ဘက် လျှောက်လာကြတယ်။

"အဘွားသန်းကြည်တို့က နှီးသုံးတဲ့နေရာမှာ လက်ကြီးသမားတွေ၊ တနှစ်ကို ပိသာချိန် တသောင်းလောက်အထိ သုံးတာ။ မင်းတို့ နှီးကို အခုလို များများဖြာနိုင်လို့ကတော့ ခွင်ပဲကွ" လို့ လမ်းလာရင်းနဲ့ အဘွားက ဖိုးပြူးကို ပြောပြပါတယ်။

"အဘွားသန်းကြည်တို့က နှီးကို ဘာလို့ အဲဒီလောက်တောင် သုံးရတာလဲ အဘွား" လို့ ဖိုးပြူး သူ့က အဘွားကို မေးလိုက်ပါတယ်။

"သူတို့က ကွမ်းကို အပင်ရေ သောင်းနဲ့ချီပြီးလုပ်ကြတာ။ ကွမ်းခြံဆင်ဖို့ နှီးတွေလိုတာပေါ့။ လိုတဲ့နှီးတွေ သူတို့ ဘယ်ဖြာနိုင်မလဲ၊ အခုလို နှီးဖြာရောင်းကြတဲ့သူတွေဆီက ဝယ်တာပေါ့"လို့ အဘွားဖြစ်သူက ဖိုးပြူးကို ပြောတော့ ဖိုးပြူးကတော့ "ဪ ဟုတ်ကဲ့ ဟုတ်ကဲ့" လို့ပဲ တုံ့ပြန်ပါတယ်။

ဖိုးပြူးတယောက် ဒါ လုပ်ငန်းခွင်တခု ဆိုတာ မသိပါဘူး။ သူ နှီးဖြာနေတာလည်း သူ ဖြာတဲ့ နှီးတွေ တကယ်ရော အသုံးချလို့ ရသလားဆိုတာလည်း သူ မသိပါဘူး။ အဖေ ဖြစ်တဲ့သူက ဖျာဆိုဖျာလိုက်တာပဲ။ သွားရောင်းဆို ရောင်းလိုက်တာပဲ။ သူဖျားတဲ့နှီး‌တွေ၊ သူ ရောင်းတဲ့နှီးတွေက တကယ်အရေအသွေး ကောင်း၊ မကောင်းဆိုတာလဲ မသိပါဘူး။

မြေအဘွားနှစ်ယောက် ကဇင်းငူရွာရဲ့ အထက်ပိုင်းကိုလျှောက်လာရင်း အဘွားသန်းကြည် အိမ်ဘက်ကို သွားနေကြပါတယ်။ ကဇင်းငူရွာ ဆိုတာ ကွမ်းတွေ အကြီးအကျယ် စိုက်ကြတဲ့ရွာပါ။ ပန်းတနော်မြို့နဲ့ သိပ်မဝေးလှတဲ့ ရွာတရွာ။ ကွမ်းစိုက်တာ ဘယ်လောက်အထိ ခေတ်စားလဲဆိုရင် အိမ်က မိဘက သားသမီးကို အင်ဂျင်နီယာဘွဲ့၊ ဆရာဝန်ဘွဲ့ ယူနိုင်အောင် ကွမ်းစိုက်ရင်းနဲ့ ထောက်ပံ့နိုင်တယ်။

သားသမီးတွေကလည်း အင်ဂျင်နီယာဘွဲ့၊ ဆရာဝန်ဘွဲ့ ယူနိုင်တဲ့အထိ ထွန်းတောက်ကြပေမယ့် အဲဒီအလုပ်ကို မလုပ်ကြပါဘူး။ ကွမ်းပဲ ပြန်စိုက်စားကြပါတယ်။

အိမ်တအိမ်မှာ ကလေးတွေကို ပညာရေး အားမပေးချင်ကြတဲ့ မိဘတွေဆို "တွေ့လား ကဇင်းငူရွာမှာ အင်ဂျင်နီယာဘွဲ့၊ ဆရာဝန်ဘွဲ့ တွေရပြီး ‌ဗွက်ထဲ ရေထဲ ဆင်းပြီး ကွမ်းစိုက်တဲ့အလုပ်ကိုပဲ ပြန်လုပ်ကြတာ"လို့ ပြောလေ့ရှိပါတယ်။

မြေနုကျွန်းနဲ့ ဖြစ်ထွန်းကြသူတွေ။ ကဇင်းငူရွာက မိုးရွာသီ ရေမြုပ်ပါတယ်။ ‌ရွာရဲ့ တဖက်ကမ်း သောင်ကတုံး‌ကတော့ မိုးရာသီရေမြုပ်ပြီး ဆောင်းရာသီရေကျချိန် မှာ ကွမ်းစိုက်ကြတာပါ။

ရေတက်ချိန် နုန်းတင်ထားတဲ့ မြေနေရာဟာ အစာရေစာ လိုက်စရာမလိုဘဲ အပင်အနှံတွေအတွက် သဘာဝကပေးတဲ့ မြေဆီမြေဩဇာကို ရကြတာပါ။ ဒါကြောင့် လုပ်သမျှဖြစ်တယ်ဆိုတာ သဘာဝကပေးတဲ့ မြေဆီမြေနှစ်တွေကြောင့်ပါလို့ ဘယ်သူကမှ သတိမထားမိကြပါဘူး။

အခုတော့လည်း ဓာတုဓာတ်မြေဩဇာတွေက သဘဝကို ချေဖျက်လိုက်နိုင်ကြပုံရပါတယ်။ ကွမ်းစိုက်တိုင်း မဖြစ်တော့တာ။ လုပ်တိုင်း မဖြစ်တော့တာတွေက ရှိလာနေလို့ပါပဲ။ တခေတ် တခါကတော့ ရန်ကုန်သီရိမင်္ဂလာဈေးမှာ ဈေးကောင်းရတဲ့ ပန်းတနော်ကွမ်း ဆိုတာ ကဇင်းငူရွာက ထွက်တဲ့ ကွမ်းလို့တောင် ပြောလို့ရပါတယ်။

အဘွားသန်းကြည်တို့က ကွမ်းနဲ့ စီးပွားဖြစ်လာကြသူတွေလို့ ပြောလို့ရတယ်။ ကွမ်းခြံကို ဧကများများ စိုက်တာဖြစ်လို့ ကွမ်းခြံ တည်ဆောက်ဖို့အတွက် နှီးများများလိုတာပေါ့။ လိုတဲ့နှီးတွေကို ဖိုးပြူးတို့လို နှီးဖြာရောင်းကြတဲ့သူတွေဆီမှာ ဝယ်ယူအသုံးပြုကြတာ ဖြစ်ပါတယ်။

အဘွားက အိမ်တအိမ်ကို ချိုးဝင်လိုက်ပါတယ်။ ခြံစည်းရိုးအစပ်မှာပဲ တခုခုကို သတိရလိုက်ဟန်နဲ့ တန့်ခနဲ ရပ်လိုက်တယ်။

"မသန်းကြည်ရေ ခွေးကြည့်ပါဦး" 

အဘွားက ပြောတော့ အဘွားသန်းကြည်က ခြံထောင့်တနေရာကနေ ချက်ချင်းဆိုသလို ထွက်လာတယ်။

"မလှူရေ လာ၊ ခွေးက တခြားရောက်နေတာ။ လာ...ဘာမှမဖြစ်ပါဘူး"

"ဝင်လာတုန်းက ခွေးကို မေ့နေတာ

"ဒါ အကြီးကောင်ရဲ့သားလား"

"ဟုတ်တယ် မသန်းကြည် သူတို့သားအဖ အလုပ်မရှိ နှီးတွေ ဖြာကြတာ၊ မသန်းကြည်တို့ နှီးလိုဦးမလားလို့ပါ"

"နှီးတွေကတော့ လိုတာပေါ့။ ပိဿာချိန် တသောင်းလောက်လိုတာ အခုက ၃ ပိဿာပဲ ရသေးတာ။ ဖြစ်နိုင်ရင် ရသလောက် လိုချင်တာပေါ့"

တရွာတည်းနေ ငယ်သူငယ်ချင်းနှစ်ယောက်ရဲ့ တယောက်ကိုတယောက် မိတ်ဆက်နေတာ၊ အပြန်အလှန် ပြောနေတာကို ဖိုးပြူးတယောက် ကြားကနေ နားထောင်နေပါတယ်။

အဘွားသန်းကြည်က နှီးအကြောင်းနားမလည်။ နားမလည်ဘူးဆိုတာ ကွမ်းခြံ ဆင်တဲ့အခါ သူကိုယ်တိုင် နှီး ဘယ်လို လိမ်ရလဲဆိုတာ သိမှ မသိတာ။ နှီးတပင် အရည်အသွေး ကောင်း၊ မကောင်း ဆိုတာ နှီးလိမ်တဲ့လက်ကသာ အသိဆုံးဖြစ်ပါတယ်။

"သားရေ နှီး‌တွေ တချက်လာချိန်ဦးဟေ့" အဘွားသန်းကြည်က သားဖြစ်သူကို လှမ်းခေါ်တော့ အဘွားသန်းကြည်သားက ဖိုးပြူးအနား ရောက်လာပါတယ်။

ဖိုးပြူးရဲ့ နှီးတွေကိုကြည့်ပြီး မျက်နှာမကောင်းပါဘူး။ ဘာလို့လဲဆိုတာ ဖိုးပြူး မသိပါဘူး။ သူ့နှီးတွေက ဝါးအမျိုးအစား မကောင်းတာလား။ နှီးထိုးထားတဲ့ ပုံစံက ညံ့နေလို့လား။ တကယ်နှီးထိုးရမယ့် ဝါးဆိုတာ သပ်သပ်ရှိပါတယ်။ နှီးဝါး ဆိုပြီးတော့တောင် ခေါ်‌ကြသေးတာ။ အခုတော့ ဖိုးပြူးရဲ့နှီးတွေက ဘာများဖြစ်လဲဆိုတာ ဖိုးပြူး မသိပါဘူး။

ရောက်ရာနေရာမှာတော့ လူတယောက်ယောက်ရဲ့ မျက်နှာရိပ်၊ မျက်နှာကဲကိုတော့ ဖိုးပြူးက သေသေချာချာကို ကြည့်တတ်တယ်။ ပြန်မပြောတတ်တာကလွဲလို့ပေါ့။ အခုလည်း အဖွားသန်းကြည်သားက သူ့နှီးတွေကို ကိုင်ကြည့်ချိန်မှာ မျက်နှာမကောင်းတာ ဘာဖြစ်သွားလဲဆိုတာ ဖိုးပြူး မသိပါဘူး။

"ချိန်ယူထားလိုက်လေ သားရဲ့" လို့ အဘွားသန်းကြည်က နှီးစည်းတွေကိုင်ပြီး ချီတုန်ချတုံ ဖြစ်နေတဲ့ သူ့သားကို လှမ်းပြောလိုက်ပါတယ်။

ဒီတော့မှ ဖိုးပြူးရဲ့ နှီးတွေ ချိန်ခွင်နဲ့ အလေးချိန် ဘယ်လောက်ရှိလဲဆိုတာ ချိန်ယူလိုက်ပါတော့တယ်။ အဘွံားသန်းကြည်က ငွေ‌ကိုတောင် ချက်ချင်းထုတ်ပေးပါတယ်။ နောက်ရရင်လည်း ယူဦးမယ်နော်လို့လည်း ပြောလိုက်ပါတယ်။

အရည်အသွေး ဆိုတာကို နိမ့်ပါးသူတွေ မစဉ်းစားမိကြတဲ့ အရာပဲလား။ ကိုယ် ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတခုရဲ့ အရည်အသွေးက ကိုယ့်ကို နာမည်တလုံးရဖို့အတွက် အ‌ထောက်အပံ့ဖြစ်တယ်ဆိုတာကို ဖိုးပြူး ဘယ်သိပါ့မလဲ။

နှီးဖိုးတွေယူပြီး အိမ်ပြန်လာတဲ့ ဖိုးပြူးဆီ သူ့အဘွားဆီက သတင်းစကားတခု ရောက်လာပါတယ်။ နှီးတွေကို အဘွားသန်းကြည်တို့က မယူတော့ဘူးတဲ့။ အကြောင်းကတော့ နှီးတွေက အသုံးပြုရမယ့်ရာသီမရောက်ခင်မှာပဲ မှိုတွေတက်ပြီး သုံးမရ ဖြစ်သွားလို့ပါပဲ။

ဖိုးပြူးကို အဘွားဖြစ်သူက ဘာမှတော့ မပြောပါဘူး။ နှီးတွေကို အရည်အသွေးကောင်းအောင် ဖြာရမယ်လို့ တခွန်းတပါဒမှ မပြောပါဘူး။

မြေးဖြစ်သူရဲ့ နှီးတွေကို တဖက်သားက မယူတော့ဘူးလို့ အကြောင်းပြန်ပြောလာတဲ့နောက်ပိုင်း မနီဆေးလိပ်ကြီးကို ခပ်ပြင်းပြင်း ရှိုက်ဖွာနေတာကိုပဲ တွေ့နေရတယ်။ ဖိုးပြူးက‌တော့ အဘွား ဘာဖြစ်နေလဲဆိုတာ မသိပါဘူး။

ဖိုးပြူး အဘွားနဲ့ အဘွားမသန်းကြည်တို့ ဆိုတာ တချိန်က အသိမိတ်ဆွေမက ရှိခဲ့ဖူးကြသူတွေပါ။ အရပ်ထဲက ဖိုးပြူးကို ပြောတဲ့ စကားသံတွေထဲမှာ တချိန်က အဘွားသန်းကြည်တို့ ဆိုတာ ဖိုးပြူးတို့အဘွား ကူညီခဲ့ဖူးတဲ့အကြောင်းကို ပြောပြကြပါတယ်။

အဘွားသန်းကြည်တို့ ဆိုတာ နေစရာမရှိတဲ့ အချိန်က ဖိုးပြူးတို့ အဘွားက သူ့အိမ်မှာတောင် ပေးနေခဲ့ဖူးတယ်။ အခုတော့ အဘွားသန်းကြည်တို့ ဆိုတာ အလုပ်အကိုင်တွေ အဆင်ပြေနေကြပြီး တဆောင်တယောင်တွေ ဖြစ်လာတော့တာပါပဲ။

ဒီလို တဆောင်တယောင် ဖြစ်လာ‌တော့လည်း အဘွားသန်းကြည်က ဘဝမမေ့ပါဘူး။ မလှူရဲ့ မိသားစုကို ကြည့်မနေကြနဲ့၊ ကူညီစရာရှိ ကူညီပေးကြဖို့ အဘွားသန်းကြည်က ပြောလေ့ရှိတယ်လို့ ဖိုးပြူးကို အရပ်ထဲက ပြန်ပြောကြတာ။

ဖိုးပြူးတို့ အဘွားက အထည်ကြီးပျက်တွေပေါ့။ တချိန်က ရွာ့မျက်နှာဖုံးလို့ ပြောလို့ ရတယ်။ အရပ်ထဲ မရှိတဲ့သူတွေကို ခြံထဲ ခေါ်နေတာ၊ အိမ်ပေါ် ခေါ်တင်ထားတာမျိုးတွေ ကူညီပေးတတ်တယ်။

အလုပ် ဆိုတာ ဘယ်အလုပ်မဆို ကျွမ်းကျင်မှ ရတာ။ ကျွမ်းကျင်မှု ဆိုတာ လူတယောက်ကို နာမည်တလုံး ရစေနိုင်တယ်။ အဲဒီနာမည်တလုံးနဲ့ပဲ သားစဉ်မြေးဆက် ကြီးပွားရေးအတွက် အခြေခံအုတ်မြစ်ကို ချပေးနိုင်တဲ့အရာလို့ ဖိုးပြူး ဘယ်သိပါ့မလဲ။

လယ်အလုပ် အဆင်မပြေတာ ဘာများလဲ ဖိုးပြူး မတွေးမိပါဘူး။ မိုးခေါင်လို့ ရေတွေမရတဲ့နှစ်က ဖိုးပြူးအဖေက လယ်ကွက်တွေထဲ အဝီစိပိုက်တွင်းတွေ တူးပြီး အဲဒီပိုက်တွင်းတွေကနေ ရေတွေကို စက်နဲ့စုပ်ထုတ်ပြီး လယ်ကွက်တွေ ရေရအောင် လုပ်ခဲ့တယ်။

စပါးခင်းတွေထဲ ဖျက်ပိုးတွေကျတော့ စိုက်ထားသမျှ ပျက်စီးခြင်းနဲ့ ကြုံလိုက်ရတဲ့နှစ်တွေလဲ ရှိခဲ့တာပေါ့။ ဖောက်ပြန်လာတဲ့ ရာသီဥတုကို အံမတုနိုင်တာ၊ ကြီးမြင့်တဲ့ လယ်စရိတ်သွင်းအားစုတန်ဖိုးတွေ မြင့်သထက် မြင့်လာတာ၊ ထွက်သမျှ စပါးတွေရဲ့ ဈေးနှုန်းတွေ ကျလာတွေက တနှစ်ပြီးတနှစ် ပြန်ပြီး ဦးမော့လာတယ်လို့မှ မရှိတော့တာ။

ဒီလိုအခြေအနေတွေကပဲ ဖိုးပြူးတို့မိသားစု လယ်အလုပ်ကို ဆုံးခန်းတိုင် နှုတ်ဆက်လိုက်ပါတော့တယ်။ ဖိုးပြူး အဖေကတော့ နှီးတွေဖျာနေတုန်းပါပဲ။ ဘာကြောင့် နှီးတွေ ဖြာနေရလဲဆိုတာ ဖိုးပြူးမသိပါဘူး။ တနှစ်မှ တခေါက်လောက် အိမ်ပြန်ရောက်တဲ့ ဖိုးပြူးတယောက် သူ အိမ်ပြန်ရောက်တိုင်း အဖေဖြစ်သူရဲ့ ဖြာထားတဲ့ နှီးစည်းတွေကို အိမ်ရဲ့တနေရာရာမှာ တွေ့နေတော့တာပါပဲ။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar