မောင်လူမွှေး - ကျောင်းဆရာ တော်လှန်ရေးသမား
မောင်လူမွှေး - ကျောင်းဆရာ တော်လှန်ရေးသမား
မိုးမခ ၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၂၅
သူ့ရဲဘော်တွေကရော၊ သူ့ထက်အရာရှိတွေကရော၊ ပြည်သူတွေကရော သူ့ကို ဆရာလေးလို့ ခေါ်ကြတယ်။ သူဟာ CDM ကျောင်းဆရာတစ်ဦး။ လူငယ်တစ်ဦး။ ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနဲ့ စကားနည်းသူ။ ပြောစရာ အကြောင်းအရာ ရှိရင်တော့ ပြည့်ပြည့်စုံစုံ အေးအေးဆေးဆေး ပြောတတ်သူဖြစ်ပါတယ်။
"ကျနော် သေနတ်လွယ်ထား၊ ယူနီဖောင်းဝတ်ထားတဲ့ အချိန်မှာတော့ ကျနော့်ကို ဘာပြောပြောသည်းခံရမှာပဲဗျ။ နားထောင်ရမှာပဲ။ ပြောစရာရှိတာ ရဲရဲပြောကြပါ။ ကျနော်တို့ကို ဆုံးမကြပါ" ဆိုတဲ့ စကားနဲ့ သူ့အနီးက ပြည်သူတွေကို သိမ်းပိုက်ထားတဲ့ ဆရာလေးရဲ့ စိတ်ထားဟာ သူ့စကားနဲ့ ထပ်တူကျပါတယ်။
"ခွင့်ရက်တွေမှာ ဆရာလေးအိမ်ကို မပြန်ဘူးလား" လို့ မောင်လူမွှေးက မေးတော့ "ရည်မှန်းချက်တွေ မပြည့်သေးဘူးဆရာ" လို့ သူက မောင်လူမွှေးကို ပြန်ပြောခဲ့ဖူးတယ်။ ဆရာလေးဟာ တော်လှန်ရေးကာလအတွင်း သူ့အိမ်ကို လုံးဝမပြန်တဲ့ တော်လှန်ရေးသမားတစ်ယောက်အဖြစ် သူ့လက်အောက်ရဲဘော်တွေက ပြောစမှတ်ပြုကြပါတယ်။
မောင်လူမွှေး တော်လှန်နယ်မြေ ရောက်လာတော့ စစ်ရှောင်စခန်းတွေ၊ စစ်ရှောင်ကျောင်းတွေကို မောင်လူမွှေးကို ပထမဦးဆုံး လိုက်ပို့ မိတ်ဆက်ပေးခဲ့တာ ဆရာလေး ဖြစ်တယ်။ မှတ်မှတ်ရရ ဆရာလေးဆိုင်ကယ်ဟာ တွန်းပြီးနှိုးမှ နိုးတဲ့ ဆိုင်ကယ်ဖို့ မောင်လူမွှေးက ဆိုင်ကယ်ပေါ်က၊ သူကဆိုင်ကယ်နောက်ကနေ တွန်းတွန်းပြီး လမ်းတလျှောက် နှိုးခဲ့ကြရတာက အမှတ်တရ ဖြစ်တယ်။
ဆရာလေးဟာ CDM ကျောင်းဆရာတစ်ယောက် ဖြစ်လေတော့ သူ တာဝန်ကျရာ နေရာက စာသင်ကျောင်းတွေကို ဂရုစိုက်လေ့ရှိသူ ဖြစ်တယ်။ ရှေ့တန်းမှာ နေရသူမို့ သူ ဂရုစိုက်တဲ့ ကျောင်းတွေဟာ စစ်ရှောင်စာသင်ကျောင်းတွေပါ။ "တောင်ခြေက ကျောင်းကိုတော့ ရောက်အောင်သွားပါဦးနော.. ဆရာ"၊ " ဟိုစစ်ရှောင်စခန်းက ကျောင်းတောင် နှစ်ကျောင်းကွဲနေသလို ဖြစ်နေတာ စေ့စပ်ပေးရဦးမယ်ဗျာ" ။ ဆရာလေးရဲ့ စကားတွေကို သတိရမိပါတယ်။
ဆရာလေးဟာ ရုံးလုပ်ငန်းမှာ ကျွမ်းကျင်တယ်။ တဖက်သားစကားကို စိတ်ရှည်လက်ရှည်နားထောင်နိုင်တာ၊ ပုံမှန်အချိန်မှာ စကားနည်းပေမယ့် ပြောစရာ အကြောင်းအရာရှိရင် တဖက်သား နားလည်သဘောပေါက်အောင် ရှင်းလင်းပြောဆိုနိုင်တာ၊ နေထိုင်မှု တည်ကြည်ရိုးသားတာတွေကြောင့် ဆရာလေးဟာ လူထုစည်းရုံးရေးကောင်းသူတစ်ဦး ဖြစ်တယ်။
တပ်ပိုင်းခေါင်းဆောင်တွေက ဆရာလေးလို အရာရှိတစ်ယောက်ကို ရုံးပိုင်းမှာ နေစေချင်ကြတယ်။ လူထုစည်းရုံးရေးမှာ တာဝန်ပေးချင်ကြတယ်။ ဒါပေမဲ့ ဆရာလေးက လက်နက်ကိုင်ပြီးပဲ ရှေ့တန်းထွက်ချင်တယ်။ ဒါကြောင့် ရှေ့တန်းမှာပဲ သူ ရောက်နေတယ်။ တည်ကြည်အေးဆေးတဲ့ သူ့မျက်ဝန်းထဲက စစ်အာဏာရှင်ကို ခံပြင်းနေတဲ့ မျက်လုံးတွေကို မောင်လူမွှေး မြင်ခဲ့တာ ကြာပါပြီ။ သူဟာ ခန္ဓာကိုယ် ပိန်ပါးပါးနဲ့ သံမဏိတော်လှန်ရေးသမားတစ်ဦး ဖြစ်ပါတယ်။
ဆရာလေး အခြားတစ်နေရာမှာ ပြောင်းပြီး တာဝန်ထမ်းဆောင်နေရတာကြောင့်ဆရာလေးနှင့် မောင်လူမွှေး မတွေ့တာ တစ်နှစ်ဝန်းကျင်တော့ ကြာရော့မယ်။ ပြီးခဲ့တဲ့ရက်ကတော့ ရှေ့တန်းရောက်နေတဲ့ ဆရာလေးနဲ့ မောင်လူမွှေး လိုင်းပေါ်ကနေ အဆက်အသွယ်ရတယ်။ ဆရာလေး မိတ်ဆက်ပေးခဲ့တဲ့ စစ်ရှောင်ကျောင်းတွေကို တတ်နိုင်သမျှ အကူအညီတွေ ပေးနေနိုင်ပြီဖြစ်ကြောင်း ပြောတော့ သူ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရှာတယ်။
CDM ကျောင်းဆရာတစ်ယောက်။ အရွယ်ကောင်းကို ပိုင်ဆိုင်ထားတဲ့ လူငယ်တစ်ဦး။ ချစ်ရေးချစ်ရာကို လည်း စိတ်မဝင်စား။ မိသားစုအကြောင်းလည်း တော်လှန်ရေးကာလမှာ တခွန်းမှ မပြော။ နာမည်ရတာတွေ၊ မရတာတွေသူ မတွက်။ ဘာ CDM ထောက်ပံ့ကြေးမှ မရသလို၊ ထောက်ပံ့ကြေးအကြောင်းလည်း စိတ်ကူးထဲတောင် ရှိမှာမဟုတ်တဲ့သူ။ တပ်ခွဲတစ်ခုကို ရှေ့တန်းမှာ ဦးဆောင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးသမား။ ဆရာလေးတစ်ယောက် ဘေးအန္တရာယ်ကင်းစွာ အာဏာရှင်စစ်တပ်ကို ဖြိုဖျက်နိုင်ပါစေလို့ မောင်လူမွှေး အမြဲ ဆန္ဒပြုနေပါတယ် ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar