Breaking News

၅ နှစ်အကြာ မြန်မာစစ်တပ်၏ အတင်းအကြပ် ရွေးကောက်ပွဲနေ့နဲ့ အလွန်

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၇ မြင်ကွင်း

ဒီဇင်ဘာ ၂၈၊ ၂၀၂၅


၅ နှစ်အကြာ မြန်မာစစ်တပ်၏ အတင်းအကြပ် ရွေးကောက်ပွဲနေ့နဲ့ အလွန်

 သည်စာကို ရေးနေချိန်က ဒီဇင်ဘာ ၂၈ မနက်ခင်း ဖြစ်ပါတယ်။ မိုးမခ ခရိုနီကယ်မြင်ကွင်းက ဒီဇင်ဘာ ၂၇ အတွက် ဖြစ်တယ်။ ရန်ကုန်မှာတော့ ၂၈ မနက်ခင်းမှာ အထူးငြိမ်သက်နေပြီး မဲရုံတွေမှာ လုံခြုံရေးတွေ တင်းကြပ်တဲ့ နေရာတွေရှိသလို ဘာမှ မဖြစ်သလို ပုံမှန် ငြိမ်သက်နေတဲ့ မဲရုံမြင်ကွင်းတွေလည်း တွေ့နေရတယ်လို့ မျက်မြင်တချို့က ဆိုကြပါတယ်။

၂၀၂၀ နှစ် နိုဝင်ဘာ ၈ ရက်နေ့က တပြည်လုံးအတိုင်းအတာနဲ့ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက အများဆုံး အနိုင်ရရှိခဲ့ပါတယ်။ မြန်မာစစ်တပ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းပြည်အာဏာကို သိမ်းခဲ့ပြီး မဲမသမာမှုတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ဖျက်သိမ်းခဲ့ပါတယ်။ နောက်တကြိမ်ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောကြားပေမယ့် တတိုင်းပြည်လုံးအတိုင်းအတာနဲ့ လူထု၏ ဆန့်ကျင်ကန့်ကွက်မှု၊ ဂျင်နရေးရှင်း ဇီဆိုတဲ့ မျိုးဆက်သစ်လူငယ်အများအပြား၏ တွန်းလှန်တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ စီဒီအမ်ဆိုတဲ့ အစိုးရဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု သပိတ်မှောက်ခြင်းနဲ့အတူ ရုံးမတက်နဲ့ ရုန်းထွက်ဆိုပြီး ပြည်သူ့ဝန်ထမ်းများစွာ၊ ကျောင်းဆရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြန်ကြားရေးဝန်ထမ်းများက ရုံးများ အိမ်များ ကျောင်းများကို ကျောခိုင်းထွက်ခွာခဲ့ကြပါတယ်။ ၅ နှစ်အကြာမှာ မြန်မာပြည်အနှံ့အပြားမှာ ပြည်တွင်းစစ်မီး တောက်လောင်နေပြီး မြန်မာပြည်သူ သန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေထိုင်ရတဲ့ စစ်ဘေးသင့်ဒုက္ခသည်တွေအဖြစ် ရုန်းကန်နေကြရချိန် ဖြစ်နေပါပြီ။ လူငယ်မျိုးဆက်များ ထောင်သောင်းချီပြီး လက်နက်စွဲကိုင်ထားတဲ့ နွေဦးတော်လှန်ရေးတပ်သားတွေ ဖြစ်နေကြပါပြီ။ သည်အချိန်မှာ စစ်ကောင်စီ သို့မဟုတ် စစ်ကော်မရှင် အမည်ခံ မြန်မာစစ်တပ်က အိမ်နီးချင်းနိုင်ငံများထဲက တရုတ်၊ အိန္ဒိယ၊ ရုရှားတို့၏ ကျောထောက်နောက်ခံနဲ့ စစ်တပ်စိတ်တိုင်းကျ အတင်းအကြပ်ရွေးကောက်ပွဲကို ကျင်းပလိုက်တာ ဖြစ်ပါတယ်။


စစ်ကော်မရှင်၏ ပထမပိုင်းရွေးကောက်ပွဲကျင်းပချိန်မှာ တိုင်းပြည်၏ ထောက်ခံမှုအများဆုံးရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံနေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို ဘယ်သူကမှ အာမခံချက် မပေးနိုင်ကြပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲနိုင် NLD ပါတီကို စစ်တပ်က ဖျက်သိမ်းထားပြီး NLD ပါတီက ခေါင်းဆောင်တွေနဲ့ အခြားအတိုက်အခံခေါင်းဆောင်တွေ အဖွဲ့အစည်းတွေက စစ်တပ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ ဦးဆောင်အဖွဲ့အစည်းတွေအဖြစ် NUCC, CRPH နဲ့ NUG တွေ ထူထောင်ပြီး ရင်ဆိုင်နေကြတာလည်း ၅ နှစ်တာထဲကို ၂၀၂၆ နှစ်ထဲမှာ ရောက်ရှိလာကြတော့မှာ ဖြစ်ပါတယ်။ စစ်တပ်က အတင်းအကြပ်ရွေးကောက်ပွဲ မတိုင်ခင် စစ်တပ်က လွတ်ငြိမ်းချမ်းသာခွင့်ကြေညာပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားအချို့တဝက်အပြင် ၅၀၅ ပုဒ်မထုတ်ခံရပြီး တိမ်းရှောင်နေရသူတွေကိုပါ အမှုတွေကနေ ရုတ်သိမ်းပေးခဲ့တယ်လို့ ဆိုပါတယ်။ ၅၀၅ ရုပ်သိမ်းခံရလို့ မိမိနေရပ် ရပ်ရွာကို ပြန်ကြသူတွေ အများအပြားရှိတယ်လို့ စစ်တပ်သတင်းဌာနတွေမှာ ဖော်ပြကြပေမယ့် ကာယကံရှင်တွေက ထုတ်ဖော်ပြောဆိုကြတာတွေ ထင်ထင်ရှားရှား မရှိဘူးလို့ ဆိုရပါမယ်။

စစ်ကော်မရှင်ရွေးကောက်ပွဲကျင်းပဖို့ နောက်ဆုံးအဆင့်မှာ စစ်တပ်အတွက် အထိနာစေတဲ့ ထိုးနှက်ချက်တခုကတော့ အနောက်နိုင်ငံက ဆိုရှယ်မီဒီယာ၊ မာတီမီဒီယာပလက်ဖောင်းတွေ အများအပြားက စစ်တပ်၏ ဝါဒဖြန့်သတင်းထုတ်ပြန်တဲ့ချန်နယ်တွေကို ဖြုတ်ချပစ်လိုက်တာ ဖြစ်ပါတယ်။ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့် ယန္တယား တစ်ခုဖြစ်တဲ့ MWD News (မြဝတီ သတင်း) စာမျက်နှာကို တရုတ်ထိန်းချုပ် ဆိုရှယ်မီဒီယာ ပလက်ဖောင်း တစ်ခုဖြစ်တဲ့ TikTok ကနေ ပထမဦးဆုံး အရေးယူမှုအဖြစ် စတင်ဖြုတ်ချ ဖယ်ရှား လိုက်တယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။ ဖြုတ်ချခံရပေမယ့် ပြန်ပြီး ထပ်ဖွင့်လာလို့ စစ်ကောင်စီ၏ ဝါဒဖြန့်ချိယန္တရားအဖြစ် ယခုလအတွင်း အသစ်ဖွင့်လှစ်ထားသည့် MRTV စာမျက်နှာနှင့် MRTV ပို့စ်များကို ပြန်လည်ကူးတင်ဖြန့်ဝေသည့် MRN စာမျက်နှာတို့ကို Facebook က ဖယ်ရှားပိတ်သိမ်းလိုက်ကြောင်း Justice For Myanmar အဖွဲ့က ထပ်မံကြေညာပါတတ်။ ယခင်က MITV နှင့် ရတနာပုံသတင်းစာ စာမျက်နှာများကို ဖယ်ရှားခဲ့သလို YouTube၊ Twitch နှင့် Kick ပလက်ဖောင်းများတွင်လည်း အလားတူ အရေးယူမှုများ ရှိခဲ့ပြီးနောက် ယခု MRTV နှင့် MRN အသစ်များကိုပါ ဖယ်ရှားခဲ့ခြင်းဖြစ်တယ်လို့ သတင်းများက ရေးပါတယ်။

စစ်တပ်၏ ရွေးကောက်ပွဲသတင်းကို သူတို့ကိုယ်တိုင်က နိုင်ငံတကာကို စိတ်ကြိုက်ဝါဒဖြန့်ဖို့ နိုင်ငံတကာပလက်ဖောင်းတွေ အသုံးချခွင့် အပိတ်ပင်ခံလိုက်ရတာကြောင့် သူတို့ရွေးကောက်ပွဲသတင်းတွေကို ပြည်တွင်း ပြည်ပက သတင်းဌာနတွေက တင်ဆက်မှု တဆင့်ခံကနေပဲ သူတို့ ပြောဆို တင်ပြခွင့်ရှိတော့မှာ ဖြစ်ပါတယ်။ နိုင်ငံတကာက စစ်တပ်၏ ရွေးကောက်ပွဲကို တရားဝင်ခြင်း မဝင်ခြင်း၊ အသိမှတ်ပြုခြင်း မပြုခြင်းဆိုတာထက် စစ်တပ်၏ ရွေးကောက်ပွဲတရပ် အတင်းအကြပ် ကျင်းပနိုင်ခဲ့ခြင်း ခြေလှမ်းကိုသာ စစ်တပ်က စိတ်ဝင်စားတယ် ၊ သည်အချက်ကို မှတ်တမ်းတင်နိုင်ရင် စစ်တပ်၏ ရွေးကောက်ပွဲကနေ ထွက်ပေါက်တခုခု၊ အချိုးအကွေ့လမ်းတခုခုကို သူတို့က ဖန်တီးနိုင်ကြောင်း ပြသချင်တာပဲ ဖြစ်ပါတယ်။


ပြည်တွင်းစစ်၏ စစ်ရေးဖိအားကနေ ထွက်ပေါက်မရှိတဲ့ မြန်မာစစ်တပ်က အတင်းအကြပ်ရွေးကောက်ပွဲရလဒ်ကနေ နိုင်ငံရေးမျက်နှာစာတခု လုပ်ကြံ ဖန်တီးပြီး အာရုံပြောင်း ဖိအားပြောင်း လှည့်စားတဲ့ ကစားပွဲလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ 

အာဆီယံ၏ မြန်မာအပေါ် လမ်းပြမြေပုံ ၅ ချက်မှာ အဓိကဖြစ်တဲ့ အချက်တွေ ပြန်ပြောပြရရင် -

(၁) အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန် ဆိုတဲ့အချက် ခုထိ မဖြစ်သေးပါဘူး။ စစ်ရေး၊ လေကြောင်းတိုက်ခိုက်မှုတွေကို ချက်ချင်း လျော့ချ၊ ရပ်တန့်စေရန် ဆိုတာ တခါမှ မဖြစ်ခဲ့ပါဘူး။

(၂) မြန်မာအရေးသက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှု စတင်ရန်ဆိုတာကလည်း စစ်တပ်က ငြင်းဆန်ထားတဲ့အတွက် မဖြစ်နိုင်ပါဘူး။
(၃) ASEAN ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် (Special Envoy) ခန့်အပ်ရန်ဆိုတာက ASEAN ဘက်က နှစ်တိုင်း အလှည့်ကျ ခန့်အပ်တာရှိသော်လည်း  Special Envoy ကို မြန် မာစစ်တပ်ဘက်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့  လွတ်လပ်စွာ ဝင်ရောက်တွေ့ဆုံခွင့် မပေးတာ ကြောင့် လက်တွေ့အောင်မြင်မှု နည်းပါးပါတယ်။

(၄) လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရန်အတွက် ကတော့  - ASEAN Humanitarian Assistance Centre (AHA Centre) မှတဆင့် လူသားချင်းစာနာရေး အကူအညီများ ပေးရန်ဆောင်ရွက်ပေမယ့် စစ်တပ်က ထိန်းချုပ်ထားမှု စွက်ဖက်မှုတွေကြောင့် အဆင်ပြေလှတယ်လို့ မဆိုနိုင်ပါ။

(၅) Special Envoy သည် မြန်မာနိုင်ငံသို့ သွားရောက်ပြီး နိုင်ငံရေးမှာ ပါဝင်သူအားလုံးနှင့် တွေ့ဆုံရန် ဆိုတာက အထက် ၃ အချက်မှာ ဖော်ပြထားသလို ခုထိ အလုပ်မဖြစ်သေးတာ ဇြစ်ပါတယ်။

ASEAN က ခုချိန်ထိ မင်းအောင်လှိုင်တို့လို စစ်ခေါင်းဆောင်တွေကို တိုက်ရိုက်အသိအမှတ်ပြု ဆက်ဆံတာကို ငြင်းဆိုထားပြီး နိုင်ငံရေးရာထူး မရှိသူ “non-political representative” နဲ့သာ ဆက်ဆံရေးလုပ်နေတာတွေဟာ ယခု စစ်တပ်၏ အတင်းအကြပ်ရွေးကောက်ပွဲရလဒ်ကထွက်လာတဲ့ မင်းအောင်လှိုင်ထောက်ခံတဲ့ လွှတ်တော်တရပ်က ပေါ်ထွန်းလာတဲ့ နိုင်ငံရေးခေါင်းဆောင်ဆိုသူတွေကို အာဆီယံက အသိအမှတ်ပြု ဆက်ဆံလိုက်မယ်ဆိုရင်တော့ အခြေအနေက အပြောင်းအလဲတခု ဖြစ်လာမယ်လို့ ဆိုချင်ပါတယ်။ မင်းအောင်လှိုင်ကိုယ်တိုင်က လမ်းပြမြေပုံ ၅ ချက်ကို မဆောင်ရွက်နိုင်ပေမယ့် နောက်တက်လာတဲ့ အတင်းအကြပ်ရွေးကောက်ပွဲက လွှတ်တော်တရပ် အစိုးရတရပ်ကနေ ကိုယ်စားပြု ဖြေရှင်းလာရင် သို့မဟုတ် ဆင်ခြေတစုံတရာပေးလာရင် ဒါကို အာဆီယံက ဘယ်လို တုန့်ပြန်မလဲ၊ တရုတ်ကိုယ်တိုင်ကကော ဘယ်လို သဘောထားပေးလာမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်၏ လမ်းပြမြေပုံက ၂၀၂၀ ရွေးကောက်ပွဲကို ငြင်းဆန်ပြီး ၂၀၂၅ ရွေးကောက်ပွဲနဲ့ အစားထိုးခြင်းသာ ဖြစ်တာကြောင့် အိမ်နီးချင်းတွေက ဒါကို ပြန်ပြီး ချိန်ဆကြမလဲဆိုတာ မေးခွန်း ဖြစ်ပါတယ်။ အာဆီယံက နောက်ထပ် လမ်းပြမြေပုံတခု ပြင်ဆင်မလား၊ သည်လမ်းပြမြေပုံကို ဆက်ကိုင်ပြီး ပေါ်ထွက်လာတဲ့ စစ်တပ်၏ ရုပ်သေးအစိုးရနဲ့ လွှ့တ်တော်ကို ဆက်ဆံဖို့ ကြိုးစားမလား။

အဲသည်အချိန်မှာ တော်လှန်ရေးအဖွဲ့အစည်းတွေကိုယ်တိုင်ကတော့ စစ်တပ်၏ အတင်းအကြပ်ရွေးကောက်ပွဲအလွန်မှာ သူတို့၏ သဘောတူညီချက် ၆ ချက်ကို ဆက်လက်ကိုင်စွဲထားတယ်လို့ ကြေညာချက် ထပ်လောင်း ထုတ်ပြန်တာကို တွေ့ကြရပါတယ်။ 

သူတို့ထုတ်ပြန်ချက်မှာ - (၁) အကြမ်းဖက်စစ်အုပ်စုကလုပ်တဲ့ တရားမဝင်ရွေးကောက်ပွဲအလွန်မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အာဏာသိမ်း မှုကို ဖယ်ရှားပြီး စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်ဖို့၊ (၂) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းပြီး ဒီဥပဒေကို အသက်သွင်းဖို့ ကြိုးစားနေတာကို တိုက်ဖျက်ဖို့၊ (၃) သက်ဆိုင်သူတွေအားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ် နှင့် ဒီမိုကရေစီကိုအခြေခံတဲ့ ဖွဲ့စည်းပုံဥပဒေ ပြဌာန်းဖို့ ရည်မှန်းထားတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် (၄) လက်နက်ကိုင်အဖွဲ့တွေအားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမ့ ထိန်းချုပ်မှုအောက်မှာထားရှိဖို့၊ (၅) ထွက်ပေါ်လာတဲ့ ဖက် ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောက်ဖို့၊ (၆) ပဋိပက္ခအတွင်း လိင်နဲ့ ကျားမအပေါ်အ‌ခြေခံတဲ့ အကြမ်းဖက်မှုတွေအပါအဝင် မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ် တွေ ဖော်ဆောင်သွားမယ်လို့ ဆိုလိုက်ပါတယ်။

ဒါကတော့ ၂၀၂၅ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပူးတွဲကြေညာချက်တစ်စောင်ကို ချင်းညီနောင်အဖွဲ့ (CB)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်း ထုတ်ပြန်ခဲတဲ့ နိင်ငံရေးဦးတည်ချက် ၆ ချက်ကို ထပ်လောင်း အတည်ပြုတာလို့လဲ ဆိုနိုင်ပါတယ်။

အကြမ်းအားဖြင့် ခြုံကြည့်မယ်ဆိုရင်တော့ အိမ်နီးချင်း အာဆီယံတွေ ပြောနေတဲ့ လမ်းပြမြေပုံ၊ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်၏ အတင်းအကျပ်ရွေးကောက်ပွဲရလဒ်ကနေ သွားမယ့် စစ်တပ်ထွက်ပေါက်နဲ့ နွေဦးတော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများ၏ ကိုင်စွဲရပ်တည်ချက်တွေအတွက် ဆုံမှတ်ကတော့ မမြင်ရသေးဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ သည်နေရာမှာ မြန်မာပြည်တွင်းမှာ နည်းလမ်းမျိုးစုံနဲ့ ရုန်းကန် အသက်မွေးနေကြတဲ့ စစ်ဘေးသင့် အထွေထွေအကြပ်အတည်းသင့်နေတဲ့ မြန်မာပြည်သူတွေအတွက်ကတော့ လက်နက်အားကိုး စစ်သားတွေ၏ ဘေးရန်အပြင် စစ်တပ်အားကိုး နိုင်ငံရေးသမားတွေ၏ ဖိနှိပ်မှုတွေကို ပါ တဆင့်တိုးပြီး ရင်ဆိုင်ကြရဖို့အရေး ရင်လေးစွာတွေးနေကြမယ်လို့ ထင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar