နိုင်ငံအကျယ်အဝန်းရဲ့ ထက်ဝက်အောက်သာ ကျင်းပနိုင်မယ့် ရွေးကောက်ပွဲ မြန်မာ့ရွေးကောက်ပွဲ နဲ့ မဝေးတဲ့ အနာဂတ်အလားအလာ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၈ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၉ ၊ ၂၀၂၅
နိုင်ငံအကျယ်အဝန်းရဲ့ ထက်ဝက်အောက်သာ ကျင်းပနိုင်မယ့် ရွေးကောက်ပွဲ မြန်မာ့ရွေးကောက်ပွဲ နဲ့ မဝေးတဲ့ အနာဂတ်အလားအလာ
ဆောင်းရာသီ ဖြစ်လို့ နံနက် ၆ နာရီ နေရောင်ကောင်းကောင်း မလာသေးတဲ့ အချိန် မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာတော့ မဲရုံတွေမှာ လူတွေရောက်နေကြတာကို လူမှုကွန်ရက်နဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ စစ်အစိုးရလက်အောက်က ဝန်ထမ်းတွေအနေနဲ့ မဲသွားပေးခဲ့ကြောင်း လက်သန်းက မှင်နဲ့ မဲပေးတဲ့ အထောက်အထားကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး မိမိအထက်လူကြီးကို အစီရင်ခံဖို့ ညွှန်ကြားထားတယ်လို့ နေပြည်တော်က အစိုးရဝန်ထမ်းအချို့က ပြောပြပါတယ်။ မဲမပေးခဲ့ရင် အလုပ်ကို ထိခိုက်နိုင်ခြေရှိတာကြောင့် မဲသွားပေးဖို့ နံနက်စောစောကတည်းက သွားရောက်ကြတာမျိုးလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
စစ်တပ် ထိန်းချုပ်ထားတဲ့ နယ်မြေထဲက အချို့သော ကျေးရွာတွေမှာတော့ မဲမပေးတဲ့သူကိုမှတ်သားထားပြီး ထောင်ချ အပြစ်ပေးနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့်လည်း မဆန့်ကျင်နိုင်တဲ့အဆုံး မဲပေးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။ မန္တလေးမြို့မှာတော့ မဲပေးခွင့်ရှိသူရဲ့ ၆၀ ရာနှုန်းကျော်ကျော် မဲပေးခဲ့ကြတယ်လို့ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်က ရွေးကောက်ပွဲကော်မရှင်ရဲ့ ကိန်းဂဏန်းတွေက ဆိုတာကြောင့် မြို့တွေမှာတော့ မဲမပေးရေး လှုပ်ရှားမှုက အကြောက်တရားအောက်မှာ မအောင်မမြင်ဖြစ်ရတဲ့ အနေအထား ဖြစ်ပါတယ်။ သို့ပေမဲ့ ဒီကိန်းဂဏန်းတွေက ပိုပိုသာသာ ပြောထားတဲ့ ကိန်းဂဏန်းတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မဲပေးခြင်းက အာဏာသိမ်းစစ်တပ်ကို တရားဝင်အောင် လုပ်ပေးရာရောက်လိမ့်မယ်၊ တရားဝင်လူသတ်ခွင့်ပေးသလို ဖြစ်လိမ့်မယ်လို့ တော်လှန်ရေးအင်အားစုတွေက လူထုကို နှိုးဆော်ခဲ့ကြပေမယ့်လည်း အာဏာသိမ်းစစ်တပ် အုပ်ချုပ်မှုအောက်၊ တရားမျှတမှုနဲ့ လွတ်လပ်မှုမရှိတဲ့ အခြေအနေအောက်မှာ နေထိုင်ကြရတဲ့ ပြည်သူလူထု အနေနဲ့ မဲမပေးရေး လှုပ်ရှားမှု၊ ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းတွေမှာ ပြည့်ပြည့်ဝဝ ပါဝင်ဖို့ ခက်ခဲကြတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့၊ မဲမပေးဖို့ ဆိုတဲ့ လှုံ့ဆော်မှုတွေကို ရွေးကောက်ပွဲ ကာကွယ်မှု ဥပဒေနဲ့ ဖမ်းဆီးပြီး ထောင်ဒဏ် ၇ နှစ် အထိချမှတ်နေတာလည်း တွေ့မြင်ကြားသိနေကြရတာမို့လို့ လူထုအနေနဲ့ ရွေးကောက်ပွဲ မဲမပေးရေးကို သိသာထင်ရှားစွာ စည်းရုံးလှုံ့ဆော်ဖို့ မလွယ်ကူတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ခြိမ်းခြောက်မှု၊ ဒုက္ခပေးနိုင်တဲ့ နည်းလမ်းအသွယ်သွယ်နဲ့ ခြိမ်းခြောက်မှုတွေကြောင့် စစ်တပ်ထိန်းချုပ် နယ်မြေတွေမှာ နေထိုင်နေကြရသူတွေ အဖို့ မဲမပေးရေး လှုပ်ရှားမှု၊ လှုံ့ဆော်မှုတွေကို လုပ်ဆောင်နိုင်ဖို့ အခက်အခဲတွေ အများကြီး ရှိနေကြတာ တွေ့ရပါတယ်။
ရွေးကောက်ပွဲကို သပိတ်မှောက်တာ၊ တားဆီးကန့်ကွက်တာတွေ လုပ်နိုင်သမျှ လုပ်ဖို့ PDF အင်အားစုတွေကလည်း ကြိုးစားနေကြပြီး စစ်ကိုင်းတိုင်း ဘုတလင်မြို့မှာ PDF တပ်ဖွဲ့တွေက မြို့ပေါ်က စစ်တပ်အထိုင်စခန်းတွေကို ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက်စောစောမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာလည်း ရွေးကောက်ပွဲနေ့မတိုင်ခင် တရက်နဲ့ ရွေးကောက်ပွဲနေ့တွေမှာ ပေါက်ကွဲမှုတွေ၊ ဒရော့ဗုံးနဲ့ တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
ရွေးကောက်ပွဲ ကျင်းပမယ့် နံနက်စောစောပိုင်းက မန္တလေးမြို့ကို ရှော့တိုက်ဒုံး ၄ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အောင်မြေသာစံမြို့နယ်က လူနေရပ်ကွက်ကို ထိမှန်ပြီး နေအိမ်မှာ အိပ်နေတဲ့ အမျိုးသမီးတဦး ခြေထောက်ပြတ်ရှ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့ပေါ်မှာတော့ ရွေးကောက်ပွဲမတိုင်မီ ညဘက် ကြံ့ခိုင်ရေးပါတီရုံးအနီး ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတဦး သေဆုံးပြီး လူ ၁၀ ဂဏန်းလောက် ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ ကြံ့ခိုင်ရေးရုံးကို ပစ်မှတ်ထားတယ်လို့ ယူဆရပြီး အနီးတဝိုက်က နေအိမ်တွေ ကြီးမားတဲ့ ပျက်စီးမှု ရှိခဲ့တာတွေ့ရပါတယ်။ လက်လုပ်ဗုံးဆိုတာမျိုးထက် ပေါက်ကွဲအားပြင်းတဲ့ စစ်သုံးဗုံးနဲ့ တိုက်ခိုက်ခဲ့တာမျိုးလို့ ယူဆကြပါတယ်။
၂၀၂၅ ခုနှစ် မကုန်ဆုံးမီ ၃ ရက်အလိုမှာ ကျင်းပတဲ့ ရွေးကောက်ပွဲက မြန်မာနိုင်ငံရဲ့ အနာဂတ်ကို သက်ရောက်မှု ဘယ်လောက်ရှိစေနိုင်သလဲ၊ နိုင်ငံတကာ အနေနဲ့ အခုရွေးကောက်ပွဲက တရားဝင်တယ် မဝင်ဘူး၊ အသိအမှတ်ပြုတယ် မပြုဘူးဆိုတဲ့ ကွဲပြားခြားနားတဲ့ အမြင်တွေ၊ အယူအဆတွေ ရှိနေကြသည့်တိုင် နိုင်ငံတကာရဲ့ သဘောထားထက် ပြည်တွင်းက နိုင်ငံရေး၊ စစ်ရေးအင်အားစုတွေရဲ့ သဘောထား၊ တုံ့ပြန်မှုတွေက ပိုပြီး အရေးကြီးတာ ဖြစ်ပါတယ်။
အိမ်နီးချင်း အင်အားကြီး နိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယက ရွေးကောက်ပွဲ ဖြစ်စဥ်ကို အားပေးထောက်ခံထားကြတဲ့ အချက်က အာဏာသိမ်း စစ်တပ်အဖို့ အားရစေတဲ့ အကြောင်းအချက်ဖြစ်ပါတယ်။ ဒီအင်အားကြီးနိုင်ငံတွေ အနေနဲ့ အာဏာသိမ်းစစ်အစိုးရကို De Facto အစိုးရတရပ်အနေနဲ့ အသိအမှတ်ပြုထားပြီး စစ်လက်နက်ပစ္စည်း ရောင်းချတာ၊ စစ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ နည်းပညာတွေကို ရောင်းချတာတွေက စစ်အစိုးရအတွက် အရေးကြီးတဲ့ အကူအညီသဖွယ် ဖြစ်စေပါတယ်။ ဒီနိုင်ငံ ၂ နိုင်ငံက ရွေးကောက်ပွဲ ဖြစ်စဥ်ကို မြန်မာ့နိုင်ငံရေးလမ်းကြောင်းအတွက် အပြုသဘောဆောင်တဲ့ ဖြစ်စဥ်အဖြစ် ရှုမြင်ထားကြတဲ့အချက်က တော်လှန်ရေးအင်အားစုတွေ၊ စစ်တပ်ကို ဆန့်ကျင်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အင်အားစုတွေအတွက် သံတမန်ရေးအရ အနုတ်လက္ခဏာ ဖြစ်စေတာပါ။
ယခု ဒီဇင်ဘာ ၂၈ ရက်နေ့ မှာ ကျင်းပတဲ့ ရွေးကောက်ပွဲရဲ့ ပထမပိုင်းကို လေ့လာစောင့်ကြည့်ဖို့ အတွက် တရုတ်၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ နီကာရာဂွာ၊ အိန္ဒိယ နိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ခဲ့ကြတာတွေ့ရပါတယ်။ အချို့သော နိုင်ငံသံရုံးတွေကတော့ သီးခြား ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခြင်း မရှိသော်လည်း ရန်ကုန်မြို့အခြေစိုက် သံရုံးက သံတမန်တွေက ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်တဲ့ ဒေသတွင်းနိုင်ငံ ၁၁ နိုင်ငံပါဝင်ဖွဲ့စည်းထားတဲ့ အာဆီယံ အနေနဲ့တော့ ကိုယ်စားလှယ် စေလွှတ်ခြင်း မရှိပါဘူး။ အာဆီယံ အနေနဲ့ အာဆီယံ ဘုံသဘောတူညီမူ ၅ ချက် ကို အကောင်အထည်ဖေါ်ရာမှာ ကျေနပ်လောက်တဲ့ တိုးတက်မှုမရှိဘူးလို့ ယူဆထားတာကြောင့် မြန်မာနိုင်ငံဟာ အစည်းအဝေးမှာ နိုင်ငံရေးအရ ခန့်အပ်ခံရတဲ့ သူတွေကို တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ထားတာ ၄ နှစ်ကျော်ရှိလာတာပါ။
အခုကျင်းပတဲ့ ရွေးကောက်ပွဲကို လုံခြုံရေးဝန်ထမ်း အရေအတွက် မလုံလောက်မှုကို အကြောင်းပြုပြီး အပိုင်း ၃ ပိုင်းခွဲကျင်းပတာ ဖြစ်ပြီး တလတာ ကာလအတွင်း နေရာအပိုင်း ၃ ပိုင်းခွဲခြားသတ်မှတ်ကာ ကျင်းပမယ်လို့ ကြေညာထားတာပါ။ ကနဦး ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ တတိယပိုင်းကို ကျင်းပမယ်လို့ သတ်မှတ်ခဲ့ပေမယ့် မကြာသေးခင်က ရှေ့ကို ၂ ပတ်ခန့်တိုးပြီး ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပမယ်လို့ ပြောင်းလဲ သတ်မှတ်ခဲ့တာ တွေ့ရပါတယ်။ တတိယပိုင်းပြီးနောက် ရက် ၉၀ အတွင်း လွှတ်တော်ခေါ်ယူရမှာ ဆိုတာကြောင့် ဧပြီလ ၂၈ ရက်နေ့ဝန်းကျင်မှာ လွှတ်တော် စတင်ခေါ်ယူမယ်လို့ ခန့်မှန်းနိုင်ပါတယ်။
အဲဒီနောက် ရက်အနည်းငယ်အကြာမှာ သမ္မတရွေးချယ်တာ၊ အစိုးရအဖွဲ့ ဖွဲ့စည်းတာတွေ လုပ်ဆောင်မှာ ဖြစ်ပြီး မေလထဲမှာ အမည်အားဖြင့် ရွေးကောက်ခံ အစိုးရဆိုတဲ့ နာမည်နဲ့ လောလောလတ်လတ် စစ်တပ်က အငြိမ်းစားယူထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ ပေါ်ထွက်လာမယ့် အနေအထားလည်း ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ အမြင်မှာတော့ နိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်နိုင်ခြင်း မရှိတဲ့ ရွေးကောက်ပွဲ၊ တရားမျှတမှုမရှိ လွတ်လပ်မှုမရှိတဲ့ ရွေးကောက်ပွဲက အာဏာရလာတဲ့ အစိုးရ၊ အာဏာသိမ်းမှုကို ခဝါချထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ အစိုးရ တရပ်အဖြစ်သာ ရှုမြင်ကြမှာ ဖြစ်ပါတယ်။ အဲဒီလို ဆိုလိုက်လို့ အတိုက်အခံအင်အားစု ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုမှာလားလို့ မေးရင် အဲဒီသဘောလည်း ဟုတ်မနေပြန်ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ နယ်မြေအားဖြင့် ထိန်းချုပ်အုပ်ချုပ်နိုင်ခြင်း နိုင်ငံတရပ်ရဲ့ အင်္ဂါရပ်တွေ ဖြစ်တဲ့ အမြဲတမ်းလူဦးရေ၊ သတ်မှတ်ထားတဲ့ နယ်နိမိတ်၊ အစိုးရ နဲ့ အချုပ်အချာအာဏာပိုင်မှုတို့ရှိဖို့ လိုအပ်တာဖြစ်ပါတယ်။ ဒီအချက် ၄ ချက်ထဲက အချို့အချက်တွေ ပြည့်စုံပေမယ့် ၄ ချက်စလုံး ပြည့်စုံမှသာ အသိအမှတ်ပြုဖို့ ကြိုးပမ်းမှုက အရာထင်နိုင်မှာလည်း ဖြစ်ပါတယ်။
လက်ရှိ အနေအထားကတော့ စစ်တပ်က တရွတ်တိုက် ဆွဲခေါ်သွားတဲ့ ရွေးကောက်ပွဲ လမ်းကြောင်းမှာ မြန်မာနိုင်ငံရဲ့ လူထုတွေနဲ့ ဆန့်ကျင်ဘက် အင်အားစုတွေ မပါချင်သော်လည်း အတိုင်းအတာတခုထိ ရွေ့ခဲ့ကြရတဲ့ အနေအထားလို့ ဆိုရမယ့် သဘောလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar