ဖလော်ဒါဟန် - စီများရဲ့ ၅ နှစ်တာ ကိုယ်ရည်သွေးစစ်တမ်း
ဖလော်ဒါဟန် - စီများရဲ့ ၅ နှစ်တာ ကိုယ်ရည်သွေးစစ်တမ်း
မိုးမခ ၊ ဒီဇင်ဘာ ၁၂ ၊ ၂၀၂၅
အခုရက်ပိုင်းမှာကျွန်မ မအားတာရော ကိုယ်ပိုင်အလုပ်ကလေးလုပ်နိုင်ဖို့ အခြေတည်နေရတာရောကြောင့် စာရေးဖို့ ပျက်ကွက်ခဲ့ရပါတယ်။
မြို့တက်တော့လည်း ညီအစ်မတွေရဲ့ မိတ်ဆွေဖြစ်တဲ့ ရေစကြိုဘက်ခြမ်းက စီ ဆရာမလေးနဲ့ ဆုံဖြစ်ခဲ့ရသေးတာ။
ဆရာမလေးနဲ့တွေ့တော့ ကားမူး၊ စိတ်မူးဖြစ်နေတဲ့ ကျွန်မအတွက် သင်ခန်းစာအသစ်တခုကို လေ့လာခွင့်ရလိုက်ပါတယ်။
ဆရာမလေးနဲ့ ကျွန်မ ချိတ်ဆက်ပြီး ညီအစ်မ အိမ်မှာ ခဏထိုင်နေချိန် ငှက်မြီးရှည်ဘီးလေးစီးပြီး ရပ်သံကြားလို့ ကြည့်လိုက်မိတယ်။
ကျွန်မတို့နဲ့ ဘဝတူ ဆရာမလေးပါ။
အညာခြင်းတောင်းလေး ဆွဲပြီး အိမ်ထဲဝင်လာချိန် ကျွန်မ မတ်တတ်ရပ်ပြီး ဆရာမလေးကို ကြိုလိုက်ပါတယ်။
ပြုံးပျော်တဲ့ မျက်နှာလေးမှာ အားငယ်ရိပ်ကို ဖုံးကွယ်ထားတာတော့ အမှန်ပါ။
ယခုလက်ရှိ သူမရဲ့ ဈေးရောင်း ဈေးသည်ဘဝလေးကို ပြောပြတယ်။
ကျွန်မလေ စက်ဘီးလေတစီးနဲ့ အခုလို ဈေးရောင်းပါတယ်။ သူမ လုပ်နေတဲ့ အလုပ်ဟာ သာမာန်ဈေးသည်အလုပ် မဟုတ်ပါ။
ပညာနဲ့ သင်ညာ ဒွန်တွဲနေတဲ့ အလုပ်လေးပါ။ ပါဖောင်းမန့်ကောင်းကောင်းလေးကို သူလုပ်ဆောင်နိုင်တာကလည်း သူ ဈေးရောင်းခြင်းရဲ့ အောင်မြင်မှုပါ။
တချိန်က ညီအစ်ကို မောင်နှမအိမ်မှာ အတွေးပေါင်းစုံ အဖြစ်အပျက်မျိုးစုံအောက်မှာ ဘဝကို ပြန်လည်ရုန်းခဲ့ရတဲ့ ဆရာမလေးရဲ့ ဘဝက အားကျစရာ အိုးအိမ်စည်းစိမ်ပိုင်ဆိုင်မှုတွေကို ထားခဲ့ရသလို ရွာရဲ့ဘယ်အခြမ်းကတော့ မီးရှို့သွားပြီ၊ ဘယ်အခြမ်းလေးကတော့ ကျန်သေးဆိုတဲ့ သတင်းတွေကို နားစွင့်ရင်း မြို့ပေါ်မှာ အမေအိုနဲ့ နေနေကြရတာပါ။
ကျွန်မက ကျောင်းမှာ ကလေးတွေကို အကလည်း သင်ပေးတယ်ဆိုတာမျိုးလည်း ပြောပြပြီး သူမရဲ့ ပါဖောင်းမန့်လေးတွေကို ဝမ်းသာအားရ ကျွန်မကို ပြနေလေရဲ့။
စားဝတ်နေရေး ဆိုတာထက် စိတ်ဓာတ်ရေးရာမှာ မပြိုလဲ မယိုင်လဲဖို့ စီ တွေ ရုန်းကန်နေကြရတာကို ကျွန်မ မသိဘဲ နေပါ့မလား။
မိမိတို့ဘဝလေးကို ခင်တွယ်ကြတယ်၊ အလုပ်ကိုလည်း တန်ဖိုးထားကြတယ်။ ဒါထက် တပည့်အပေါ်မှာ နည်းလမ်းမှန်ကန်သည့် ပညာရေးစနစ်အောက်မှာ ရှင်သန်စေချင်ကြတယ်။
သူမလို ဆရာမတွေ အများကြီးကြောင့်လည်း ဒီနေ့ခေတ် ဒီနေ့အချိန်မှာ တလရကြီး ရှေ့ဆက်ဖို့ခွန်အားတွေ ဖြစ်လာခဲ့ရတာပါ။
ကျွန်မတို့လို စီ တွေက ငွေအား မထောက်ပံ့ရင်သာ နေပါမယ်၊ လူအားနဲ့ ခွန်အားသတ္တိကိုတော့ တလရ ရဲ့ တထောင့်တနေရာမှာ ပါဝင်နေကြဆဲပါ။
ကျွန်မတို့လို အသက်အရွယ်တန်းတွေမှာပဲ ဖြစ်ဖြစ်၊ တခြားသော လူလတ်ပိုင်း လူရွယ်တွေမှာပဲ ဖြစ်ဖြစ် မိမိတို့လက်ရှိဘဝနဲ့ အလုပ်တခု အံဝင်ခွင်ကျ လုပ်ကိုင်ဖို့ဆိုတာ မလွယ်ကူလှပါ။
သို့ပေမဲ့ ဘဝရပ်တည်ဖို့နဲ့ အာဏာရှင်လက်အောက်မှ သွေဖည်နိုင်ဖို့ ဘဝနဲ့အသက်ကို ရင်းပြီးရုန်းကန်နေကြရသူတွေ အများကြီးပါ။
၅ နှစ်တာ ကာလဆိုတဲ့ အချိန်က လုပ်ငန်းခွင်တခုမှာ သတ်မှတ်စံနှုန်းတခု ပြည့်မီဖို့ ကိုယ်ရည်သွေးတဲ့အချိန်ပါ။
ဒါနဲ့ထပ်တူ စံနှုန်းလို့ ပြောနိုင်တဲ့ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းတခုကို ပြန်လည်တည်ဆောက်ခြင်းမှာ မိမိတို့ဘဝအတွက် ကောင်းမွန်သောပြောင်းလဲခြင်းမျိုးရှိဖို့ လိုပါတယ်။
ဒါမှသာ ကျွန်မတို့နဲ့ ရင်ဘတ်ချင်းတူသူ အချင်းချင်း နားလည်မှု၊ ကိုယ်ချင်းစာတရားများဖြင့်အပြန်အလှန် ကူညီနိုင်ကြမှာပါ။
ဝမ်းနည်းအားငယ်စရာ မျိုးစုံအောက်မှာ စီတွေဘဝက မာန်ကိုတင်းလို ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှု များကို ရင်ဆိုင်ကြရသလို ဘဝတူတွေရဲ့ အမြင်မတူ အသွင်မတူမှုအမျိုမျိုးမှ လေကို ခွင်းလို့ အလင်းဆောင်ခဲ့ကြတာပါ။
အခုလိုအချိန်မှာ စီ အချင်းချင်း လိုအပ်နေတဲ့ မိုတီလေးတွေ ပေးကြပါ။ အန်န်ဂျီ ဆိုတာ စိတ်ရဲ့ခွန်အားသတ္တိတွေ ဖြစ်လို့ စိတ်ပျော်ရွှင်မှုဆိုတာ လူတိုင်းမှာ လိုအပ်ပါတယ်။
ကျွန်မတို့အချင်းချင်း ဘယ်နေရာ ဘယ်ဒေသမှာပဲ နေနေ၊ ဘာအလုပ်တွေပဲ လုပ်နေကြပါစေ၊ တချိန်က အချင်းချင်း လေးစားစရာ အားကျစရာတွေကို အပေါ်ယံစိတ်တွေနဲ့ ချေဖျက်ခြင်းကိုရှောင်ရှားကြပါလို့ စီ များကိုယ်စား တိုက်တွန်းလိုက်ရပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar