ရခိုင်ပြည် မြောက်ဦးဆေးရုံပစ်မှတ်ထား ဗုံးကြဲတဲ့ စစ်ကော်မရှင်
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၁ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၂ ၊ ၂၀၂၅
ရခိုင်ပြည် မြောက်ဦးဆေးရုံ ပစ်မှတ်ထား ဗုံးကြဲတဲ့ စစ်ကော်မရှင်
ဒီဇင်ဘာ ၁၀ ရက်နေ့ည ၉ နာရီကျော် အချိန်မှာ Arakan Army က ထိန်းချုပ် အုပ်ချုပ်ထားတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့က ပြည်သူ့ဆေးရုံကြီးကို အာဏာသိမ်းစစ်တပ်ရဲ့ တိုက်လေယာဥ်တွေက ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ပါတယ်။ ဗုံးတလုံးက ဆေးရုံအဆောင်တွေကို တည့်တည့်ထိမှန်ပြီးနောက်တလုံးက ဆေးရုံရှေ့ ကွက်လပ်နေရာကို ကျခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေကြတဲ့ လူနာ၊ လူနာစောင့် မိသားစုတွေနဲ့ ဆေးရုံဝန်ထမ်း ၃၃ ဦး ပွဲချင်းပြီး အသက်ဆုံးရှုံးပြီး ထိခိုက်ဒဏ်ရာရသူ ၇၆ ဦး ရှိတယ်လို့ AA ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗုံးကျပြီးနောက် မီးလောင်နေတဲ့ မြင်ကွင်း ဗီဒီယို၊ ဖြစ်ပွားတဲ့ညမှာပဲ စောင်တွေနဲ့ လုံးထွေးထားတဲ့ သေဆုံးသူတွေရဲ့ ပါဝင်တဲ့ ဓာတ်ပုံတွေ၊ လသားကလေးငယ်တဦး ဒိုင်ပါ ပတ်လျက်သား သေဆုံးနေတဲ့ သတင်းဓာတ်ပုံ၊ ဒီဇင်ဘာ ၁၁ ရက်နေ့နံနက် သုသာန်မှာ မီးသင်္ဂြိုဟ်ဖို့ ကြမ်းပြင်မှာ တန်းစီထားတဲ့ သေဆုံးသူတွေရဲ့ အလောင်းတွေ၊ စောင်တွေနဲ့ ပတ်ထားပြီး မျက်နှာတွေ တပိုင်းတစပေါ်နေလျက်၊ သွေးတွေ စွန်းပေနေတဲ့ စောင်တွေ အဝတ်အစားတွေ မြင်တွေ့ရတဲ့အခါ သေဆုံးသူတွေဟာ အရပ်သားတွေဆိုတာ အငြင်းပွားစရာ မရှိတော့တဲ့ အနေအထားပါ။
ဆေးရုံ၊ စာသင်ကျောင်းလိုမျိုး လူအများနဲ့ သက်ဆိုင်တဲ့နေရာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေတာ ခုမှတော့ မဟုတ်ပါဘူး။ ဒီပဲယင်းမြို့နယ်က ကျေးရွာတွေမှာ စာသင်ကျောင်းတွေ လေကြောင်းတိုက်ခိုက်ခံရတာ တကြိမ်မက ရှိပြီဖြစ်သလို ကရင်နီ (ကယား)ပြည်နယ်မှာလည်း စာသင်ကျောင်းတွေ ဗုံးကြဲခံရတဲ့အဖြစ်တွေ ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်က ဒီပဲယင်းမြို့နယ်မှာ လက်ယက်ကုန်း စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်စဥ် ကလေးငယ်တွေ ၁ ဒါဇင်နီးပါး သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရခဲ့သလို ယခုနှစ် မေလမှာ ဒီပဲယင်းမြို့နယ်ထဲက အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲမှုမှာ ၂၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။
ရခိုင်ပြည်နယ်မှာလည်း ကျောက်တော်မြို့နယ် စာသင်ကျောင်းကို လွန်ခဲ့တဲ့ ၃ လအကြာ စက်တင်ဘာလအတွင်းက လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ ကျောင်းသား ၂၀ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေဟာ ထိခိုက်သေဆုံးမှု များပြားတဲ့ အဖြစ်အပျက်တွေ စုစည်းဖော်ပြတာ ဖြစ်ပြီး အခုလောက် ထိခိုက်သေဆုံးသူ အရေအတွက်မများတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အများအပြားရှိပြီး စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအများအပြား ပါဝင်တာပါ။
အခု မြောက်ဦးမြို့ဆေးရုံကြီး ဗုံးကြဲတိုက်ခိုက်မှုဟာ နိုင်ငံတကာစစ်ပွဲ စည်းမျဥ်းစည်းကမ်းတွေအရ မတိုက်ခိုက်ဖို့ တားမြစ်ထားတဲ့ နေရာတွေထဲက အများပြည်သူသုံးတဲ့ ဆေးရုံကို တိုက်ခိုက်တာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်က ပြောရေးဆိုခွင့်ရှိသူ၊ စစ်တပ်ကို ထောက်ခံပြောဆိုတဲ့ စစ်အရာရှိဟောင်းတွေက အခုလို တိုက်ခိုက်မှုတွေကို War Action အဖြစ်သော်လည်းကောင်း၊ လက်နက်ကိုင်အဖွဲ့တွေက လုံခြုံရေး တာဝန်ယူထားခဲ့ရင် စစ်ရေးပစ်မှတ်ဖြစ်တယ် ဆိုတဲ့ ဆင်ခြေပေး ကာကွယ်ပြောဆိုမှုတွေ ရှိတာ သတင်းဖော်ပြမှုတွေ၊ အင်တာဗျူးတွေအရ သိရှိရပါတယ်။
နိုင်ငံတကာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ ဆေးရုံ၊ စာသင်ကျောင်းတွေကို တိုက်ခိုက်တာတွေ လုံးဝမရှိတဲ့ သဘောတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စတင်ဖြစ်ပွားခဲ့တဲ့ ဂါဇာကမ်းမြောင်က အစ္စရေးလ်ရဲ့ ဟားမားစ် အဖွဲ့ကို ချေမှုန်းဖို့ စစ်ဆင်ရေးမှာ ဆေးရုံတွေကို ဒုံးကျည်၊ လေကြောင်း စတာတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဒါဇင်နဲ့ချီ သေဆုံးတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံ အချို့က လက်နက်ငွေကြေး ထောက်ပံ့ပေးထားတဲ့ အစ္စရေးလ် အစိုးရရဲ့ အဆိုပါတိုက်ခိုက်မှုတွေ အတွက် အရပ်သားတွေ သောင်းနဲ့ချီ သေဆုံးစေတဲ့ စစ်ဆင်ရေး ဖေါ်ဆောင်မှုအတွက် အခုချိန်ထိ ဘယ်နိုင်ငံကမှ အရေးယူနိုင်ခြင်း တားဆီးနိုင်ခြင်း မရှိတာလည်း တွေ့ရမှာဖြစ်ပါတယ်။
လက်ရှိ စစ်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ ယူကရိန်း-ရုရှားစစ်ပွဲမှာလည်း စာသင်ကျောင်းတွေ ဆေးရုံတွေကို ရှောင်လွှဲတိုက်ခိုက်တာမျိုး မရှိတာကြောင့် ဝေဖန်မှုနဲ့ စာသင်ကျောင်း ဆေးရုံတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ တပ်စွဲတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန် ထောက်ပြတာတွေ ရှိနေတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဆိုလိုချင်တာက နိုင်ငံတကာမှာလည်း Genocide ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ အစ္စရေးလ်က နေတန်ယာဟု အစိုးရ ရဲ့ စစ်ရာဇဝတ်မှုတွေ ၊ လူသားတွေအပေါ် လူမဆန်စွာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ အတွက်ပါ ဘယ်နိုင်ငံကမှ ဝင်ရောက်တားဆီးနိုင်ခြင်း မရှိတာကြောင့် ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံက ခုလို စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ဝင်ရောက် တားဆီးမယ့် အလားအလာမျိုး မျှော်လင့်လို့ မရတဲ့အဖြစ်ကို စိတ်မကောင်းစွာနဲ့ ထောက်ပြလိုတဲ့ သဘောဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ ပစ်ခတ်နှိမ်နှင်းတာ၊ ဖြိုခွဲတာ၊ ဖမ်းဆီးပြီးနောက်တရက်မှာ အလောင်းလာယူဆိုတာမျိုး တရားလက်လွတ် သတ်ဖြတ်မှုတွေ ကျူးလွန်တာ၊ အရပ်သားတွေ စစ်ဘေးရှောင်တွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ အမြောက်အများ သေဆုံးစေတာ၊ ကျေးရွာတွေမှာ လူဒါဇင်နဲ့ ချီ ဖမ်းဆီးပြီး သတ်ဖြတ်တာတွေကို နိုင်ငံတကာက ဝင်ရောက် တားဆီးဖို့ မျှော်လင့်ချက်က မှေးမှိန်ခဲ့တာ အစပိုင်းနှစ်တွေကတည်းက ဖြစ်ပါတယ်။
စစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထားဖို့၊ ရသမျှ အထောက်အထားတွေ ပြုစုပြီး မဖျက်ဆီးနိုင်တဲ့နေရာမှာ သိမ်းဆည်းထားဖို့ အရေးကြီးပါတယ်။ တဖက်မှာလည်း လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ဘယ်လို လျှော့ချနိုင်မလဲဆိုတဲ့ နည်းလမ်းတွေ ရှာကြံကြဖို့လည်း လိုအပ်ပါတယ်။ လွတ်မြောက်နယ်မြေတွေက မြေပြင်မှာသာ လွတ်မြောက်တာ ဖြစ်ပြီး လေကြောင်းရန် အကာအကွယ်မဲ့နေကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ လေကြောင်းရန် အကာအကွယ် စစ်လေယာဥ်၊ တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေကို ပစ်ခတ်နိုင်တဲ့ လက်နက်မျိုး နိုင်ငံကြီးတွေရဲ့ ပါဝင်စွက်ဖက်မှုမျိုး မရှိခဲ့ရင် မှောင်ခိုစျေးကွက်က ဝယ်ယူဖို့ မလွယ်ကူတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ တခြားတဖက်မှာ လေကြောင်း သတိပေးချက်၊ လေယာဥ်ဖြတ်သန်းရာ လမ်းကြောင်း တလျှောက် အဆင့်ဆင့် သတင်းပို့ပြီး နှိုးဆော်စေခြင်း စတဲ့ နည်းလမ်းတွေ လုပ်သလောက် လုပ်နေကြပြီ ဖြစ်ပေမယ့် ပိုမိုကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိရောက်တဲ့ သတိပေးနှိုးဆော်မှုမျိုး နဲ့ လုပ်ကြဖို့ လည်း အရေးကြီးတယ်လို့ ယူဆမိပါတယ်။
စာသင်ကျောင်း၊ ဆေးရုံ၊ အများပြည်သူ စုဝေးမှုဖြစ်စေနိုင်တဲ့ အများဝန်ဆောင်မှု ရုံး စတာတွေမှာ လူအများအပြား စုဝေးတာမျိုးကို ရှောင်ကြဖို့ သို့မဟုတ် လေကြောင်း သတိပေးမှု ပေါ်ထွက်လာရင် တိမ်းရှောင်နိုင်တဲ့ ဗုံးခိုကျင်းလိုမျိုး လူအများတွက် လုံလောက်အောင် စီစဥ်ထားရှိတာမျိုးတွေ လုပ်ဆောင်ပြီး ထိခိုက်သေဆုံးမှုတွေကို လျှော့ချကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar