Breaking News

ဆယ်ပေါင်တူ - နတ်ဝေါဟာရများ၏ အဓိပ္ပာယ်

ဆယ်ပေါင်တူ - နတ်ဝေါဟာရများ၏ အဓိပ္ပာယ်

မိုးမခ ၊ ဒီဇင်ဘာ ၁၂ ၊ ၂၀၂၅


ကိုကြီးကျော်ဆီမှ ဝီစကီ တစ်ကျိုက်၊ နှစ်ကျိုက်အရှိန်ဖြင့်  စိတ်ထဲ စွဲမိစွဲရာ ရေးခြင်းမျိုး မဟုတ်သည်ကိုတော့ စိတ်ချထားစေချင်ပါသည်။

‘ဆယ်ပေါင်တူ’ကို  ‘ဆယ်ပေါင်ထူ’သာ ဖြစ်သည်ဟု ပြောဆိုကြသောသူများ မှန် ကန်လှပေသည်ဟုလည်း  ဦးစွာဝန်ခံရပေမည်။ ထူပေလို့သာပေါ့၊ နို့မဟုတ်ပါက မနက် မုန့်ဟင်းခါး သွားစားကတည်းကပင် ရိပ်စားမိလောက်သည်။ 

စားနေကျဆိုင် ဆိုတော့လည်း အထွေအထူး ပြောမနေတော့၊ လွတ်နေသော ခုံတခုတွင် အသာဝင်ထိုင်လိုက်ပြီး ‘အရင်လိုပဲ’ဟု လှမ်းမှာလိုက်သည်။ ဆိုင်မှာ လူရှုပ်နေသဖြင့် ‘အရင်လိုပဲနော်’ ဟု ထပ်အော်ပြောလိုက်မိပြန်သည်။ ခါတိုင်းဆိုရင်တော့ ‘ရမယ်…. ဆယ်ပေါင်တူရေ၊ ခဏလေးစောင့်’ စသဖြင့် တခုခု ပြန်ပြောသံကို ချက်ချင်း ဆိုသလို ကြားရတတ်သည်။ ယခုတော့ ထိုကဲ့သို့ မဟုတ်၊ ဆယ်ပေါင်တူဆီမှ ‘အရင်လိုပဲ’ ၊ ‘အရင်လိုပဲ’ ဆိုသည့်စကား ထပ်ထပ်ကြားလိုက်ရတာကိုက မကျေနပ်စရာ စကားသံ ကြားလိုက်ရသလိုမျိုး၊ မျက်နှာတင်းသွားပြီး ဆောင့်အောင့်ကာ မုန့်ပွဲပြင်နေသည်ဟုပင်  ဆယ်ပေါင်တူ ထင်မိသည်။ ‘အရင်လိုပဲ’ လို့ ပြောမိတာ ဘာများမှားသွားပါလိမ့်ဟုလည်း ဆက်တွေးနေမိသည်။

ကိုယ် ပြောလိုက်သော စကားကြောင့် ဆိုင်ရှင်စိတ် မကြည်မလင် ဖြစ်လေပြီဟု အတွေးရောက်သွားသည့် သကာလ၊ ခါတိုင်းလို ရေနွေးကြမ်း စိမ်ပြေနပြေ သောက်ကာ ဆက်ထိုင်မနေချင်တော့။ မုန့်ဟင်းခါးဖိုး ရှင်းပြီး အသာလေး ထွက်လာခဲ့သည်။

မုန့်ဟင်းခါး စားပြီးနောက် ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင်ဘက် ခြေဦးလှည့်လိုက်သည်။ အဝေးမှကြားရသော သီချင်းသံကြောင့် ဆယ်ပေါင်တူနှင့် လေပစ်နေကျ မိတ်ဆွေတွေ လက်ဖက်ရည်ဆိုင်ထဲ မရောက်သေးဘူးဟု တွက်မိသည်။ ဆိုင်ထဲရောက်တော့မှ ဆယ်ပေါင်တူ၏ အတွေး တက်တက်စင်အောင် လွဲသွားမှန်း သိလိုက်ရသည်။ 

‘ဟာ……ခင်ဗျားတို့ မရောက်သေးဘူးလားလို့၊ ဘယ်လိုတုံးဗျ …ဖွင့်ခိုင်းနေကျ အန်ကယ်နိုးကြီးရဲ့ သီချင်း မကြားရပါလား၊ ဘယ်လိုဖြစ်တာလဲ’

ဆယ်ပေါင်တူ တအံ့တဩ မေးမည်ဆိုလျှင်လည်း မေးချင်စရာ၊ ထိုအုပ်စု ဆိုင်ထဲတွင် ရှိနေလျှင် အန်ကယ်နိုးကြီး၏ ထိုသီချင်းတပုဒ်ကို လက်ဖက်ရည်ဆိုင်မှ ထပ်ကာထပ်ကာ ဖွင့်ပေးရသည်။ သူတို့ဖေးဘရိတ် ထိုသီချင်းသံ မရပ်တမ်း အပြန်ပြန် ဖွင့်နေပြီဆိုလျှင် ပြေးကြည့်စရာမလို၊ အနှီပုဂ္ဂိုလ်များ ဆိုင်တွင်း၌ ရှိနေသည်ဟု အတပ်ပြောနိုင်သည်။ အခုတော့...။

‘အဲဒီသီချင်းသံကို နားထောင်ရ ခက်နေလို့ မဖွင့်ခိုင်းတာဟေ့’

အူလည်လည်ပုံ ပေါက်သွားသည့် ဆယ်ပေါင်တူကို မြင်သောအခါ ‘ဒီကောင်က တူမဟုတ်ဘူး ‘ထူ’၊ ဆယ်ပေါင်ထူပါဆိုနေ ဒီကောင့်ကို သီချင်းဆိုပြမှသိမှာ’ ဟု ပြောပြီး “မျှော်သာမျှော်သည် မယုံကြည်၊ ရင်မှာဝေဒနာ အပွင့် အခက် အဝါ အနီ”ဆိုသည့် အပိုဒ် ကို နှစ်ကျော့၊ သုံးကျော့ ပြန်ဆိုပြသည်။

ကိုယ့်ကိုယ်ကိုယ်ထူမှန်း သိသော်လည်း၊ ကိုယ် ထူကြောင်း လူရှေ့သူရှေ့မှာ ဝန်မခံချင်သော ဆယ်ပေါင်တူက သိချင်ယောင်ဆောင်လိုက်ကာ ‘ဪ…ဒါ့ကြောင့်လား’ဟု  ခပ်တည်တည် ပြောလိုက်သည်။ ခေါင်းထဲမှာတော့ အပြင်းအထန် စဉ်းစားနေမိ သည်။ အဲဒီ ‘မျှော်သာမျှော်သည် မယုံကြည်’ ဆိုသည့် ရင်မှာ ဝေဒနာကြီးနှင့် ဘယ်လိုများ ပတ်သက်နေသည်လဲ ဆိုပြီးပေါ့။ ထူသည့်သူ ဆိုတော့လည်း အဖြေကို တွေးမရ။ ထို့ကြောင့် တွေ့ကြလေတိုင်း မျက်မှောက်နွေဦးနိုင်ငံရေး အကြောင်း အာပေါင်အာရင်းသန်သန် ပြောလေ့ရှိသည့်၊ အဖွဲ့ထဲမှ အသက်အကြီးဆုံး အန်ကယ်ကြီးကို ‘ဘာတွေ ထူးသေးလဲဗျ’ဟု စကား စလိုက်သည်။ 

ပုံမှန်ဆိုလျှင် ထိုသို့အစဖော်ပေးလိုက်သည်နှင့် ရေပက်မဝင်အောင် ပြောတတ်သူကြီးထံမှ အခုတော့ ‘အိမ်း’ တလုံးတည်းဖြင့်သာ စကားပြန်ကြားရသည်။ ဤလိုလူမျိုးဆီမှ ‘အိမ်း’တလုံးသာ ကြားရသည်မှာ ‘ပြောစရာစကားမရှိ၊ ပြောချင်စရာ စကားလည်း မရှိ’ ဟု အဓိပ္ပာယ်ပေါက်မှန်း နားမလည်ရလောက်အောင်တော့ ဆယ်ပေါင်တူ သည် မထူ။ 

‘အသိပလတ်စတစ် ဆာဂျင်တယောက်က ပြောတယ်၊ မပြုပြင်မီနဲ့ ပြုပြင်ပြီး အဲဒီလို ဘာမှ မထူးခြားဘူး ဆိုရင် သူ့ကိုတပြားမှ ပေးချင်ကြမှာ မဟုတ်ဘူးတဲ့’ ဟု တယောက်က အပြောမှာ သူတို့ဝိုင်းရယ်လိုက်ကြသည်။ ဒီလူတွေ ဘာများဖြစ်နေကြပါလိမ့်’ ဟု တွေးကာ လာချပေးသော လက် ဖက်ရည်ကို ကုန်အောင် မော့သောက်လိုက်သည်။ စဉ်းစား၍မရသည့်နောက် လက်ဖက်ရည်ဖိုး ရှင်းကာ ‘ဆံပင်သွားညှပ်မလို့ ထွက်လာတာ၊ သွားလိုက်ဦးမယ်’ ဟု နှုတ်ဆက်ပြီး ဆိုင်ထဲမှ ထွက်လာခဲ့သည်

ဆံပင်ညှပ်ဆိုင်ဆီသို့  လမ်းပဲ လျှောက်သွားလိုက်သည်။ လမ်းဘေးခင်းထားသော စျေးဆိုင်များကြား လျှောက်လာရင်း ‘ နတ်တွေရမယ် နတ်တွေရမယ်’  ဆိုသည့် ထူးထူးဆန်းဆန်း အော်ရောင်းနေသံကို ကြားမိသောကြောင့် စပ်စုမိသည်။ ‘နတ် ဆိုတော့ ဘာစားစရာများလဲလို့ ၊ ပြောင်းဖူး ရောင်းနေတာပဲ၊ ဘာကြောင့် ပြောင်းဖူးသည်က ‘နတ်ကို ပြောင်းဖူး၊ ပြောင်းဖူးကို နတ်’လို့ ပြောပြီးရောင်းနေတာလဲဟု တွေးမိသော် လည်း ခပ်ထူထူ ကိုယ့်အကြောင်းကိုယ်သာ သိသည်မို့ ဆက်မတွေးတော့။ သူ့အဓိပ္ပာယ်နှင့်သူတော့ ရှိပေမပေါ့။

ဆံပင်ညှပ်ဆိုင်ရောက်တော့ ရှေ့မှာစောင့်နေသူများရှိနေ၍ ကိုယ့်အလှည့်ရောက်အောင် ထိုင်စောင့်ရသည်။ ဆယ်ပေါင်တူ၏ ရှေ့မှလူက ‘နတ်ကေ’ဟု ပြောပြော ဆိုဆိုဖြင့် ဆံပင်ညှပ်ခုံပေါ်  ဝင်ထိုင်လိုက်သည်။ ဆံပင်ညှပ်ဆရာကလည်း ထပ်၍မမေး၊ ‘နတ်ကေ’ ဆိုတာကို ကောင်းကောင်း နားလည်ပုံရသည်။ ဆယ်ပေါင်တူ စဉ်းစားရကျပ်သွားသည်။ နတ်ပြည်က နတ်သားတွေ ရဲ့ ဆံပင်ပုံစံကို ပြောတာလား၊ သရုပ်ဖော်ပုံတွေ ဘာတွေထဲမှာလည်း ဘယ်လို ဆံပင်ပုံ ဆိုတာကိုမှ သတိမထားမိပါဘူး၊ ဒါမှမဟုတ် ‘နတ်’ဆိုတဲ့ နာမည်ပါတဲ့ မင်းသားလား၊ အဆိုတော်လား တယောက်ယောက်ရဲ့ ဆံပင်ပုံကို ပြောချင်တာလား ဆိုပြီး ဆက်တွေးနေမိသည်။ 

ခဏလေးသာ ကြာလိုက်သည်၊ ထိုသူ ဆံပင်ညှပ်ပြီး ခုံမှ ပြန်ဆင်းသွားသည်။ ကြည့်ရတာကလည်း မညှပ်ခင်နှင့် ညှပ်ပြီး ဘာမှ သိပ်ပြီးထူးမသွား၊ အရင်ဆံပင်ပုံစံအတိုင်းသာ၊ နည်းနည်းတော့ တိုသွားသည်ဟုပဲ ပြောနိုင်သည်။ ဘာကြောင့် ‘နတ်ကေ’ လို့ ခေါ်ကြတာလဲတော့ မသိ။

ဆယ်ပေါင်တူ အလှည့်ရောက်တော့  ‘ဒီဆံပင်ပုံစံအတိုင်းပဲ ထားချင်တယ်၊ နည်းနည်းပါးပါးတော့ တိပေး၊ တိုပေး၊ ဆံပင်အသစ် ညှပ်ထားတာလည်း သိသာအောင်ပေါ့’ ဟု ပြောလိုက်သည်။ ထိုအခါ ဆံပင်ညှပ်ဆရာက ‘နတ်ကေ’ပေါ့ဗျာဟု ပြောသည်။ ဒီတော့မှ ဆယ်ပေါင်တူလည်း ဒီမနက်ခင်းတခင်းလုံးမှာ ကြားနေရသည့် ‘နတ်’များ၏ အကြောင်းကို မေးခွင့်ကြုံသည်။

‘ဪ…. ဒီလိုဗျ’ဟု အစချီကာ၊ NUG ဆိုတာ နတ်လို့ အသံထွက်တယ်လေ၊ NUG Pay ဆို ‘နတ်ပေး’လို့ ခေါ်ကြတာမလား၊ အခု reform ဆိုတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်တာနဲ့ ပတ်သက်ပြီး ကြေညာခဲ့သလိုပေါ့။ ခင်ဗျား ဆံပင်ညှပ်ချင်တဲ့ပုံစံလို မဖြစ်စလောက် ဆံပင်သစ် ညှပ်တာ သိသာရုံလေး တိုမယ်၊ တိမယ် ဆိုတော့ ‘နတ်ကေ’ ဆိုပြီး ခေါ်ကြတာဟု ရှင်းပြသည်။ ဤသို့နှင့် တမနက်လုံး ဆယ်ပေါင်ထူ နေရသမျှ အခုမှပဲ ဆယ်ပေါင်တူဘဝ ပြန်ရောက်သွားတော့သည်။ ‘နတ်’တို့ ၏ အဓိပ္ပာယ်ကို ဆယ်ပေါင်တူ သိသွားလေပြီ။

ဆံပင်ညှပ်အပြီးတွင် အိမ်ပြန်ရန် တက္ကစီတစီးကို တားလိုက်သည်။ စီးနေကျ တက္ကစီနှင့် တိုးသော်လည်း သေချာအောင် ဈေးကို မေးရသေးသည်။ တက္ကစီဆရာက ‘တက်ပါဗျ၊ ‘နတ်ဈေး’ပါပဲ’ ဟု ဆယ်ပေါင်တူ စီးနေကျအတိုင်း တက္ကစီခ အပြောင်းအလဲ မရှိကြောင်း ပြောသည်။ ဒီတကြိမ်မှာတော့ သူပြောသည့် ‘နတ်ဈေး’ဆိုတာကို ဆယ်ပေါင်တူ ကောင်းကောင်း သဘောပေါက်လေသည်။

ကားထဲ ဖွင့်ထားသော FM ရေဒီယိုမှ ‘မျှော်သာမျှော်သည် မယုံကြည် ‘သီချင်းလာသည်နှင့် သွားတိုက်ဆိုင်၍ တက္ကစီဒရိုင်ဘာက ခေါင်းတယမ်းယမ်းလုပ်ပြီး ရေဒီယိုကို ပိတ်လိုက်သည်။ 

ဆယ်ပေါင်တူ သူ့ကို နားလည်လိုက်သည်။ 

‘အဲဒီလိုဆိုလည်း အစကတည်းက ဘာမှ ပြောမနေပါနဲ့တော့၊ အခုကျ ကျနော်တို့မှာ အလကားမျှော်လိုက်ရတာ’ ဟု အဆက်အစပ်မရှိ ပြောလိုက်သည်ကိုလည်း နားလည် စာနာမိသည်။

‘ဘယ်က ပြန်လာတာလဲ’

‘ဆံပင်လာညှပ်တာဗျ’

‘ဟုတ်လား…..ခင်ဗျားဆံပင်က ဟိုတနေ့က အတိုင်းပါပဲ’

‘နတ်ကေ’ လေဗျာဟု ပြန်ပြောပြီး နှစ်ယောက်သား ရယ်မောလိုက်ကြသည်။ အရယ်နောက်တွင်တော့ အမောတွေကလည်း ကပ်ပြီး လိုက်ပါလာလေသလား မသိ။





Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar