နွေဦးတော်လှန်ရေးမဟာမိတ်အပေါ် မျှော်လင့်ချက်နဲ့ သမိုင်းသင်ခန်းစာ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၆ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၂၅
နွေဦးတော်လှန်ရေးမဟာမိတ်အပေါ် မျှော်လင့်ချက်နဲ့ သမိုင်းသင်ခန်းစာ
ဒီဇင်ဘာ ၁၅ ရက်နေ့နေ့စွဲနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ “နွေဦးတော်လှန်ရေးမဟာမိတ်” SRA ကို ဖွဲ့စည်းကြောင်း ကြေညာချက် ထွက်ပေါ်လာပါတယ်။ ကရင်နီ(ကယား)ပြည်က KNDF လိုအဖွဲ့၊ မြန်မာနိုင်ငံ အညာဒေသ၊ အနောက်ဘက်နဲ့ အချို့သော ရှမ်းမြောက်နဲ့ ဒေသအချို့မှာပါ စစ်ဆင်ရေးတွေ ပူးပေါင်းတိုက်ခိုက်ပေးခဲ့တဲ့ BPLA တပ်၊ ချင်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ ချင်းညီနောင်တပ်၊ စစ်ကိုင်းတိုင်းထဲက 96 Soldiers တပ်၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်၊ GZA လို့ အတိုကောက်ခေါ်တဲ့ GZ မျိုးဆက်တပ်တော် စတဲ့ အဖွဲ့တွေက အခု မဟာမိတ် တပ်ပေါင်းစုထဲ ပါဝင်နေကြတာ ဖြစ်ပါတယ်။
သက်တမ်းရှည်ကြာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ပါဝင်တာ မတွေ့ရတဲ့ အချက်၊ နွေဦးတော်လှန်ရေးကာလ အတွင်း အသစ်ဖွဲ့စည်းတည်ထောင်ကြတဲ့ လက်နက်ကိုင်တပ်တွေ ပါဝင်တာက ထူးခြားတဲ့ လက္ခဏာတရပ် အဖြစ် သတိပြုမိပါတယ်။ နောက်ထူးခြားတဲ့ တချက်က အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ တပ်ဖွဲ့တွေ မပါဝင်တဲ့အချက် ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေအစိုးရအနေနဲ့ မဟာမိတ်တပ်ပေါင်းစုထဲ ပါဝင်ဖို့ မိမိတို့ရဲ့ အဆင့်အတန်း သတ်မှတ်ချက်အားဖြင့်ကြည့်ရင် တန်းညှိသလို ဖြစ်စေမယ့် အယူအဆကြောင့်လား၊ သို့မဟုတ် အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ စစ်ရေးလှုပ်ရှားမှုကို မိမိတို့ဘာသာ လုပ်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်လားဆိုတာတော့ အတိအကျ မသိနိုင်ပါဘူး။
NUG ကို ထောက်ခံတဲ့ သူအချို့ကတော့ အခုလို ဖွဲ့စည်းမှုအပေါ် သတိထားပြီး အကဲဖြတ်တာတွေလည်း လူမှုကွန်ရက်မှာ တွေ့မြင်ကြရပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ MOD ကာကွယ်ရေးဝန်ကြီးဌာန အောက်ကို ဘာကြောင့် မဝင်တာလဲ ဆိုတဲ့ စဥ်းစားမှုကနေ ချဥ်းကပ်ဝေဖန်တဲ့ သဘောလည်း ဖြစ်ပါတယ်။ အစဥ်အလာအရ၊ ပရိုတိုကောလ်အရ အမျိုးသားညီညွတ်ရေးအစိုးရဟာ တနိုင်ငံလုံး အနေအထားနဲ့ အစိုးရဖြစ်တာကြောင့်၊ NUG ရဲ့ အောက်ကနေ ပူးပေါင်းလှုပ်ရှားသင့်တယ် ဆိုတဲ့ စဥ်းစားမှုမျိုးလည်း ဖြစ်ပါတယ်။
အခုလို ၁၉ ဖွဲ့ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစုအနေနဲ့ နေရာဒေသ အသီးသီး ကွဲပြားနေတဲ့အချက်က စစ်ရေးပူးပေါင်း လှုပ်ရှားမှုတရပ်ကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ မေးခွန်းလည်း ရှိနေတာ ဖြစ်ပါတယ်။ နောက်တချက်က နယ်မြေချင်း ဆက်စပ်နေတဲ့ ဒေသတွေမှာ စစ်ဆင်ရေးလုပ်ဆောင်တဲ့အခါ တပ်တွေ ပူးပေါင်း လှုပ်ရှားဖို့ အခွင့်အလမ်း ရှိတဲ့အနေအထား ဖြစ်ပေမယ့် မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းလို ပထဝီဒေသအားဖြင့် ကွာဝေးတဲ့ ဒေသလိုမျိုးမှာတော့ ပူးပေါင်းပါဝင်ဖို့ ခက်ခဲမယ့် အနေအထားတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
အခုဖွဲ့လိုက်တဲ့ ၁၉ ဖွဲ့မှာ အချို့သော အဖွဲ့တွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆိုပြီး အုပ်စုထဲ ပါဝင်တဲ့ အဖွဲ့အစည်းတွေ ဖြစ်သလို အချို့သော အဖွဲ့တွေကတော့ ဗမာလူမျိုးအခြေပြုပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် KNDF၊ ချင်းညီနောင်၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်၊ မွန်ပြည်တော်လှန်ရေးတပ် တို့ကို တိုင်းရင်းသားလက်နက်ကိုင်တပ် အဖြစ် သတ်မှတ်နိုင်သလို၊ BPLA, GZA, 96 Soldiers ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်၊ ဗမာ့တပ်တော်တို့လို အဖွဲ့တွေကိုတော့ ဗမာလက်နက်ကိုင်တပ်တွေလို့ သတ်မှတ်ရမယ့် သဘောလည်း ဖြစ်ပါတယ်။
အခုလို မဟာမိတ်တပ်ပေါင်းစုအဖြစ်နဲ့ ဖွဲ့စည်းလိုက်ခြင်းဟာ အာဏာသိမ်းစစ်တပ်ကို ဖိအားတခု သက်ရောက်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ စစ်ရေးအရ လှုပ်ရှားမှုတွေ၊ လက်နက်ခဲယမ်း၊ ကျွမ်းကျင်မှု စတဲ့ အပိုင်းတွေမှာ အပြန်အလှန်အကူအညီ ပေးနိုင်တဲ့ အချက်တွေက တော်လှန်ရေးအင်အားစုတွေအဖို့ အကျိုးကျေးဇူးရရှိမယ့် အချက်တွေဖြစ်ပြီး တဖက်က ရန်သူ စစ်တပ်ကို ဖိအားဖြစ်စေနိုင်တာ အမှန်ပဲ ဖြစ်ပါတယ်။
အခြားတဖက်မှာလည်း သမိုင်းအတွေ့အကြုံတွေအရ တပ်ပေါင်းစုတွေ ဖွဲ့စည်းကြပြီးနောက် ကာလတခုအကြာမှာ သဘောထား ကွဲလွဲမှု၊ နားလည်မှု လွဲတာတွေ ပေါ်ထွက်လာပြီး တပ်ပေါင်းစုလို အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းတာ နုတ်ထွက်တာမျိုး အဖြစ်တွေလည်း အတိတ်မှာ ရှိခဲ့ကြတာမို့လို့ ဒီသမိုင်း သင်ခန်းစာတွေကိုလည်း ယူကြဖို့ လိုအပ်မှာ အသေအချာ ဖြစ်ပါတယ်။
မဟာမိတ် အဖြစ် ရေရှည်တည်တံ့နိုင်ဖို့နဲ့ အလုပ်ဖြစ်တဲ့ အကျိုးရလဒ်တွေ ပေါ်ထွက်လာတဲ့ မဟာမိတ်ဆက်ဆံရေး၊ အလုပ်တွဲလုပ်ကိုင်နိုင်မှုတွေ ရှိလာဖို့ရာမှာ ဘုံနိုင်ငံရေး ရည်မှန်းချက်၊ ဘုံစစ်ရေး ရည်မှန်းချက်တွေ တူညီဖို့ လိုအပ်ပါလိမ့်မယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်တပ်ကို ဆန့်ကျင်တယ်၊ မုန်းတယ်ဆိုတဲ့ အချက်တခုလောက်နဲ့ ရေရှည်တွဲပြီး လုပ်ဖို့ မလုံလောက်နိုင်ပါဘူး။ အနာဂတ် နိုင်ငံထူထောင်မှု ဆိုင်ရာ ရည်မှန်းချက်တွေ တူညီခြင်း၊ အလေးထား တန်ဖိုးထားတဲ့ အချက်တွေ တူညီဖို့လည်း အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ နောက်တချက်က ဒေသစွဲ၊ လူမျိုးစွဲ၊ မိမိတို့ အဖွဲ့ရဲ့ အကျိုးစီးပွားအတွက် ဦးစားပေးလွန်းတာမျိုးတွေကလည်း မဟာမိတ် တပ်ပေါင်းစုတွေရဲ့ အနာဂတ်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
မဝေးတဲ့ မြန်မာ့ပြည်တွင်းစစ်သမိုင်း တလျှောက်မှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ တပ်ပေါင်းစု ဖွဲ့စည်းခဲ့ကြတဲ့ သာဓကတွေလည်း ရှိနှင့်ပြီးဖြစ်ပါတယ်။ ၁၉၈၈ အရေးတော်ပုံ မတိုင်ခင်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေစုစည်း ဖွဲ့ခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီ တပ်ဦး (မဒတ) အဖွဲ့ရှိခဲ့ပြီး အဲဒီအဖွဲ့မတိုင်ခင်ကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ပါဝင်ခဲ့တဲ့ တပ်ပေါင်းစုတွေ ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ တပ်ပေါင်းစု ဖွဲ့စည်းခဲ့ကြပုံ၊ ဖွဲ့စည်းခါစမှာ အလုပ်လုပ်နိုင်ခဲ့ကြပေမယ့်လည်း ရေရှည်မှာ အားနည်းသွားကြရတဲ့ အကြောင်းအချက်တွေ စတာတွေက သမိုင်းသင်ခန်းစာတွေ ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။
လက်ရှိကာလရဲ့ နိုင်ငံရေး၊ စစ်ရေး ရေချိန်က ၁၉၄၈ လွတ်လပ်ရေးရပြီးကာလက စလို့ စတင်ခဲ့တဲ့ ပြည်တွင်းစစ် သမိုင်းတလျှောက်အခြေအနေတွေ နဲ့ ထပ်တူထပ်မျှ မတူညီတာကိုလည်း နားလည် သဘောပေါက်ပါတယ်။ သို့ပေမဲ့လည်း သမိုင်းအဖြစ်အပျက်တွေဟာ ထပ်ကျော့ပြီး ဖြစ်ပွားလေ့ရှိတယ်ဆိုတဲ့ ဆိုရိုးစကားလို အကြောင်းခံရှိခဲ့ရင် အကျိုးဆက်တွေ ပေါ်ထွက်လာလေ့ရှိတဲ့ သဘောသဘာဝကိုလည်း ကောင်းစွာ သတိပြု၊ သင်ခန်းစာယူဖို့ အရေးကြီးပါတယ်။
အဲဒီလို သမိုင်းသင်ခန်းစာကို ကောင်းကောင်း ရယူနိုင်ကြမှသာ သမိုင်းတကျော့ ထပ်ဖြစ်တာထက် သမိုင်းတဆင့်တက်တဲ့ အနေအထားမျိုး ရောက်ရှိအောင် လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့ ယူဆမိပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar