Breaking News

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတခု ပေါ်ထွက်လာပြီ

မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၅ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၆ ၊ ၂၀၂၅


နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတခု ပေါ်ထွက်လာပြီ

မနေ့က မိုးမခခရိုနီကယ်မှာ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ ဘလိုင်းစပေါ့က နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေ၏ ခြေလှမ်းတွေ လှုပ်ရှားမှုတွေလို့ ရေးမိပါတယ်။ မြန်မာစစ်အုပ်စုကို မမြင်ကွယ်ရာကနေ ဗြုံးခနဲ ပေါ်ထွက်လာပြီး ထိုးနှက်တိုက်ခိုက်လိုက်နိုင်တာမျိုးကို ဆိုလိုပါတယ်။ စာဖတ်သူတဦးကတော့ NUG Reform ကကော စစ်အုပ်စုအတွက် မမျှော်လင့်တဲ့ အကွက်ရွှေ့တာမျိုး မဟုတ်ဘူးလားလို့ ခနဲ့သလို သရော်သလို မေးလာပါသေးတယ်။ အဲသည် NUG Reform နဲ့တော့ နှိုင်းပြီး ပြောချင်တာမဟုတ်ဘူးဆိုတာ အားလုံးက ယေဘုယျ သဘောပေါက်ကြမယ် ထင်ပါတယ်။

အဲသည်နေ့ခင်းမှာပဲ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုတခု ဖွဲ့စည်းလိုက်တဲ့အကြောင်း သတင်းတွေ တက်လာပါတော့တယ်။ သတင်းတွေအဆိုအရကတော့ - စစ်အုပ်စုကို ဗျူဟာမြောက်တိုက်ခိုက်ဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့ပါတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု - SRA ကို ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ကြေညာလိုက်တာပါ။ ပြည်သူလူထုတောင်းဆိုချက်တွေနဲ့ တော်လှန်ရေးရည်မှန်းချက်တွေ ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးအတွက်  တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။ အချက် ၄ ချက်ပါတဲ့ ကတိကဝတ်မှာ  စစ်အုပ်စုရဲ့ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အထွေထွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူလူထု လွတ်မြောက်ဖို့ တပ်ပေါင်းစုအားနဲ့ တိုက်ပွဲဝင်မယ်လို့ ဖော်ပြထားပါတယ်။ တပ်ပေါင်းစုထဲ မပါဝင်နိုင်သေးတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကိုလည်း မူဝါဒသတ်မှတ်ချက်တွေနဲ့အညီ ထပ်ပြီး ဖိတ်ခေါ်မယ်လို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက အသိပေးပါတယ်။

ယခင်ကတည်းက NUG ရဲ့စုဖွဲ့မှုတွေကို ဝေဖန်ကြပြီး တပ်ပေါင်းစုတို့ မဟာမိတ်တွေ စသည်ဖြင့် ဖွဲ့စည်းဖို့ ကြိုးစားခဲ့ကြပြီး၊ အမည်ခံအားဖြင့် ဖွဲ့စည်းခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ သည်တခါမှာတော့ဖြင့် NUG အမည်နဲ့ ကင်းလွတ်ပြီး ရပ်တည်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အစုအဖွဲ့တွေရဲ့ တပ်ပေါင်းစုတခုအဖြစ် ထွက်ပေါ်လာပြီလို့ ဆိုရပါမယ်။ သည်သတင်းကို သတင်းဌာနတွေက ဖော်ပြကြပြီး စာဖတ်ပရိသတ်တွေ အများစုက မှတ်ချက်တွေပေးကြတဲ့ဆီမှာ အပေါင်းလက္ခဏာဆောင်တဲ့ ကြိုဆိုမှုအဖြစ် မြင်တွေ့ကြရပါတယ်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance- SRA) ဖွဲ့စည်းတဲ့ သတင်းက ပြည်သူတွေကို စိတ်ဝင်တစားဖြစ်သွားစေတယ်။ စိတ်အားတက်မှုတွေကို သယ်ဆောင် လာပေးတယ်လို့လည်း ယေဘုယျ မြင်ကြပါတယ်။ NUG reform သတင်းကြားကြရတုန်းကထက် ကို စိတ်ပိုဝင်စားကြတယ်လို့တောင် ဆိုရမလားပဲလို့ စာဖတ်သူတွေ မှတ်ချက်တွေမှာ ဖတ်ကြရပါတယ်။ 

သည်တပ်ပေါင်းစုမှာ အဖွဲ့ပေါင်း ၁၉ ဖွဲ့ပါဝင်ပြီးတော့ ဗမာတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်တွေ၊ ဒေသအခြေခံပြီး ဖွဲတဲ့အဖွဲ့တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်တာကို တွေ့ရတော့ - NUG Reform ကြေညာပြီး  NUG ယာယီသမ္မတကြီး မိန့်ခွန်းမှာ ပြောကြားခဲ့တဲ့ တိုင်းရင်းသား EAO တွေနဲ့ မဟာမိတ်ဖွဲ့တာ အခက်အခဲတွေ ရှိကြောင်း ပြောသွားခဲ့တာကို ပြန်အမှတ်ရစေပါတယ်။ NUG ယာယီသမ္မတကြီး ပြောခဲ့တာက - "အဓိက တိုင်းရင်းသားလက်နက်ကိုင်အင်အားစုကြီးတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြောင်းလဲရေးဖြစ်စဥ်မှာ ထဲထဲဝင်ဝင်ပူး ပေါင်းပါဝင်လာဖို့ အထွေထွေအကန့်အသတ်တွေ ရှိနေတာကို စိစစ် လေ့လာကြည့်လိုက်တဲ့အခါမှာ နှစ်ပေါင်း (၆၀) ကျော်ကြာ ပြည်တွင်းစစ်ဟာ သမိုင်းဆိုင်ရာအငြိုးနဲ့ လူမျိုးရေးအမုန်းအာဃာတတွေကို အဓိက ပေါက်ဖွားစေရာ ရေခံ မြေခံဖြစ်ကြောင်း တွေ့ရပါတယ်”လို့ ဆိုထားခဲ့တော့ အခု ပေါ်ပေါက်လာတဲ့ SRA မဟာမိတ်တပ်ပေါင်းစုအနေနဲ့ အကန့်အသတ်တချို့ကို ကျော်လွှားနိုင်ခဲ့ပုံရတယ်လို့ မှတ်ချက်ပေးရမယ် ထင်ပါတယ်။

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု Spring Revolution Appiance - SRA - ရဲ့ ကနဦး နိုဝင်ဘာ ၂၃ ထုတ်ပြန်ချက်နဲ့ အခု ဒီဇင်ဘာ ၁၅ ထုတ်ပြန်ချက်တွေမှာ - သတိမပြုလို့ မရတာက ‘ကွပ်ကဲမှု’ဆိုတဲ့စကားလုံး၊  ပထမတခါက ‘ရှင်းလင်း၍ ထိရောက် အားကောင်းသော ကွပ်ကဲမှုယန္တရားတရပ် ပေါ်ပေါက်လာအောင် လုပ်ဆောင်သွားမည်’ ဆိုတဲ့ တော်လှန်ရေးကတိကဝတ် ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။ ဒုတိယတခါက  ‘ကွပ်ကဲမှုအရတော့ NUG အောက်မှာမရှိပါဘူး ဆိုတဲ့ SRA ပြောရေးဆိုခွင့်ရှိသူ ကျောင်းသားလက်ရုံးတပ်တော်က ကိုမင်းဟန်ထက်ရဲ့ အင်တာဗျူးထဲက မှတ်သားလိုက်မိတဲ့ အချက်ပါ။ SRA က ကိုယ်ပိုင် CoC နဲ့ သွားမယ်လို့ အတိအလင်း အသိပေးလိုက်တာလို့ နားလည်ရသလို၊ NUG နဲ့ ဆွေးနွေးမှုတွေရှိထား၊ ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းကောင်းနဲ့ ဆက်ဆောင်ရွက်သွားမယ်လို့လည်း ကြားသိရပါတယ်။ 

‘KNDF, BPLA, ချင်းညီနောင် (CB), ကျောင်းသားလက်ရုံးတပ်တော်’တို့လိုပဲ ပြည်သူတွေ သတိပြုမိပြီးဖြစ်တဲ့ တော်လှန်ရေးအင်အားစု ၁၉ ဖွဲ့ကို စုစည်းထားတာပါ။ မူလ စညှိနှိုင်းကြတာက ၇ ဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့မေလက အစပြုခဲ့တာပါ။ နိုဝင်ဘာလ ၂၁ ရက်နေ့တုန်းက ၃ ရက်ကြာ ညီလာခံခေါ်ယူပြီး လက်ရှိ ၁၉ ဖွဲ့ကို စုစည်းနိုင်ခဲ့တယ်လို့ သိထားရပါတယ်။ အဲသည်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှုရှိနေတဲ့ ရဲဘော်တဦးကတော့ - “လွန်ခဲ့တဲ့ တနှစ်ကျော် အစောကြီးကတည်းက ဒါတွေဖြစ်အောင် အဖွဲ့တိုင်းကို စည်းရုံးတိုက်တွန်းနေခဲ့တာဖြစ်လို့ ကြိုဆိုတယ်၊ ကျန်ရှိနေတဲ့အဖွဲ့တွေလည်း ပိုပြီးပူးပေါင်းဆောင်ရွက်လာဘို့နဲ့ ၊ အာဏာရှင်စနစ်အမြစ်ဖြတ်ဖို့ စုပေါင်းတော်လှန်တဲ့ ဒီနည်းကလွဲပြီး အခြားနည်းလမ်းမရှိဘူးလို့ ယုံကြည်တယ်၊။ ERO တွေပါ ပိုပြီးဝိုင်းဝန်းဖို့ လိုတယ်။” လို့ မှတ်ချက်ပေးထားပါတယ်။ 

စစ်ကို စစ်နဲ့တူအောင် တိုက်ဖို့ကလွဲပြီး အခြားကိစ္စတွေကို ရှေ့တန်းမတင်ဘူးလို့ ပြောဆို ထောက်ပြလေ့ရှိတဲ့ BPLA က တာဝန်ခံ မောင်ဆောင်းခ ကိုယ်တိုင်ကလည်း အဲသည်တပ်ပေါင်းစုမျိုး ပေါ်ထွန်းလာဖို့ ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ထုတ်ပြန်အသိပေးချက်မှာ KNDF က ခေါင်းဆောင် ခွန်းဘီထူး၏ အမည်ကို ရှေ့ဆုံးကနေ ထုတ်ဖော်ထားတာမို့လည်း သည်တပ်ပေါင်းစုဆိုတာ လူပြိန်းတွေ စိတ်လှုပ်ရှားအောင် မီးရှူးမီးပန်းတွေ ဖော်ပြရုံအဆင့်မျိုးမဟုတ်ဘူးလို့ ယူဆရမှာဖြစ်ပါတယ်။ BBC အင်တာဗျူးမှာ သူတို့၏ ရှေ့ခြေလှမ်းတွေမှာ ခေါင်းဆောင်မှု တိကျသေချာချက် ရှိကြောင်းကို အခုလို ဖြေကြားထားတာကိုလည်း တွေ့ရပါတယ်။ 

“တပ်ပေါင်းစုအနေနဲ့ အဓိကဦးဆောင်တဲ့ ကော်မတီတစ်ရပ်ရှိပါတယ်။ တပ်ပေါင်းစုအတွင်းမှာ ပါဝင်ကြတဲ့အဖွဲ့ဝင် အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေပါဝင်တဲ့ ကော်မတီတစ်ရပ်ဖြစ်ပါတယ်။ ဒီကော်မတီကပဲ လုပ်ငန်းစဉ်တွေ၊ စစ်ဆင်ရေးတွေ ဒါတွေကို တာဝန်ယူ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” လို့ ကိုမင်းဟန်ထက်က ပြောပါတယ်။

ဒီတပ်ပေါင်းစုအင်အားဟာ သောင်းဂဏန်း ရှိပြီး ပိုပြီးကြီးမားကျယ်ပြန့်တဲ့ မဟာဗျူဟာကျတဲ့ လုပ်ငန်းစဉ်တွေကို ရေးဆွဲ အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ အဲသည်လို ပြောထားတော့ သူတို့တတွေဟာ လွန်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေမှာ မဟာမိတ်ညီနောင် ၃ ဖွဲ့၏ ဦးဆောင်ဆုံးဖြတ်မှုနောက်က လိုက်ခဲ့ရတဲ့ သဘောသဘာ၀မျိုးကနေ မတူဘူးလို့ ဆိုချင်တဲ့ သဘောလို့ ကောက်ချက်ချရမယ် ထင်ပါတယ်။

ချုပ်ပြောရရင်တော့ NUG ရဲ့ MOD လက်အောက်မှာ မရှိတဲ့ တော်လှန်ရေးအင်အားစုများရဲ့ ပေါင်းစည်းမှုပါပဲ။ အလားတူ MOD ကလည်း ကြိုးစားခဲ့မှာပါ၊ မအောင်မြင်ခဲ့ဘူးလို့ပဲ မှတ်ချက်ပေးရပါလိမ့်မယ်။ ပြည်သူတွေဘက်ကတော့ ပူးတွဲ လုပ်ကိုင်နိုင်ဖို့၊ လိုအပ်တဲ့နေရာ အပြန်အလှန်ပံ့ပိုးပေးဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ ထောက်ပို့အဖွဲ့တွေထဲက ရဲဘော် တချို့ရဲ့မှတ်ချက်ကတော့ - တစုတစည်းတည်း တနေရာတည်းအတွက် ဝန်းရံပြီး ထောက်ပို့ကြဖို့ အကောင်းမြင်တယ်လို့ ဆိုကြပါတယ်။

ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ နဲ့ KNDF တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်းဘီထူးဟာ ယခင်အတည်မပြုနိုင်တဲ့ သတင်းတွေအရ NUG Reform မှာ NUG အစိုးရအဖွဲ့ထဲမှာ ပါလာမလားလို့ စောင့်ကြည့်နေခဲ့ကြသော်လည်း မပါဝင်ခဲ့ပါဘူး။ သို့သော် အခုလို SRA ရဲ့ ထုတ်ပြန်ချက်မှာ အမည်နဲ့တကွ ပါဝင်လာတာမို့ SRA ၏ စုစည်းနိုင်မှုဟာ အရေးပါတဲ့ အချက်ဖြစ်တယ်လို့လည်း အကဲခတ်တွေက ထုတ်ပြောကြပါတယ်။  ကျောင်းသားလက်ရုံးတပ်တော် ( Student Armed Forces-SAF)နဲ့ ချင်းညီနောင် (CB) တို့ ဆိုရင်  အာရက္ခတပ်တော် (AA)ရဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တယ်လို့  သိထားကြပြီးဖြစ်မှာပါ။ ဒါ့ကြောင့် အခု နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) စုဖွဲ့မှုရဲ့ နောက်ကွယ်မှာ AA ရဲ့ ခြေရာလက်ရာတွေကို မြင်ရတယ်လို့လည်း မှတ်ချက်ပေးကြတာ ရှိပါတယ်။

ပြန့်ကျဲနေတဲ့ အင်အားစုတွေ စုစည်းနိုင်တာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်ရပ်တခုလည်း ဖြစ်ပါတယ်။ NUG အတွက် စိန်ခေါ်မှုတရပ်လို့လည်း မြင်နိုင်ပါတယ်။ SRA စည်းရုံးမှု အားကောင်းလာတာနဲ့အမျှ မူလ ၁၉ ဖွဲ့ထက် ပိုများလာနိုင်ပါတယ်။ စစ်ရေးမဟာမိတ်လို့ သိမြင်ထားရပြီး နိုင်ငံရေးအရ ဘယ်လို ပူးပေါင်းမှုတွေရှိကြမလဲ ဆိုတာကလဲ စိတ်ဝင်စားစရာလည်း ဖြစ်ပါတယ်။ SRA မှာပါဝင်တဲ့ တော်လှန်ရေးအင်အားစုအားလုံးက နွေဦးတော်လှန်ရေးနဲ့ အတူပေါက်ဖွားလာတဲ့ တော်လှန်ရေးအင်အားစုတွေ ဖြစ်တဲ့အတွက်၊ စဉ်းစားမြော်မြင်ကြပုံတွေ၊ ဦးစားပေးလုပ်ငန်းစဉ်တွေ နီးစပ်ကြမယ်လို့ ယူဆရပါတယ်။ ပြန့်ကျဲနေတဲ့ အင်အားစုတွေ ပူးပေါင်းလာနိုင်တာက အပေါင်းလက္ခဏာဆောင်ပါတယ်။ ပွတ်တိုက်မှုတွေ မရှိအောင် ထိန်းညှိဆောင်ရွက်နိုင်ကြဖို့ကိုတော့ ပြည်သူတွေအားလုံးက မျှော်လင့်နေကြပါလိမ့်မယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar