ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကျွန်ုပ်တို့သည် မကြည်ပြာနိုင်ငံတော်မှာ နေကြသည်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကျွန်ုပ်တို့သည် မကြည်ပြာနိုင်ငံတော်မှာ နေကြသည်
မိုးမခ ၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၂၅
ကျွန်ုပ် ခုလောလောဆယ် အခိုက်အတန့် ရောက်ရှိနေသည့် တိုင်းပြည်မှာ မကြည်ပြာနိုင်ငံတော်ဖြစ်သည်။ သင်တို့ ရောက်ဖူးပါရဲ့လား။
မကြည်ပြာနိုင်ငံတော်၌ ဆေးဝါး လိုသလောက် ရသည်။ ဆေးဝါး ဟူသည် အနာရောဂါပျောက်ကင်းစေသည့် ဆေးဝါးကို မဆို။ ထိုဆေးမျိုး မထုတ်တတ်။ ထုတ်တတ်သည့် ဆေးဝါးမှာ မူးယစ်ဆေးဝါးသာ ဖြစ်သည်။ မူးယစ်ဆေးဝါး အမျိုးမျိုးကိုတော့ တကမ္ဘာလုံး သုံးနိုင်အောင် ထုတ်လုပ်သည်။ ဆေးဝါးဓာတ်မှု အလွန်နိုင်သော လူမျိုးများ နေထိုင်ကြသည်။ ရွာတိုင်း ရပ်တိုင်း၌ ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူရရှိသည်။
မကြည်ပြာနိုင်ငံတော်တွင် ပသုံးလုံးရှိသည်။ တချို့ကလည်း ပလေးလုံးဟုလည်း ဆိုကြသည်။ အနှီပသုံးလုံး သို့မဟုတ် လေးလုံးလည်း တခြားတိုင်းပြည်တို့၌ မရှိ။ မိတ်အင်မကြည်ပြာနိုင်ငံတော်ဖြစ်သည်။ အနှီ ပ-များကား နှယ်နှယ်ရရ မဟုတ်ချေ။ ပသုံးလုံး အပိုင်ရှိသူများ တိုက်ဆောက် ကားစီးကြသည်။ စစ်အုပ်စုက ပသုံးလုံးနယ်မြေတွေ ဒီလောက် မီးတိုက်နေတာ၊ ဘယ်မှာသွားစိုက်မလဲဟူမူ ပသုံးလုံးမပိုင်သေးသည့် မြို့ကြီးပြကြီးများမှာဟု ဖြေရမည်။ မထူးဆန်းနှင့်။ ပိုင်သောနေရာက ရသည့် ဖွတ်ကလိဒင်္ဂါးနှင့် မပိုင်သောနေရာမှာ ခြံဝယ် တိုက်ဆောက်ကြသည်။ တော်လှန်ရေးကာလဖြစ်စေကာမူ ကားအကောင်းစားကြီးပေါ် စတားလင့်တင်ကာ ဖုန်းအကောင်းစားကြီးဖြင့် ဘီယာလေး ကျိုက်ကာ တော်လှန်စကားများ အဲလေ ယောင်လို့ အလှူခံစကားများ မပြတ်တမ်းပြောလို့ရသည်။ အခွန်ကြိုက်သလောက် ကောက်လို့ရသည်။ လာဘ်ပေးလာဘ်ယူပြီး တရားစီရင်ပေးလို့ရသည်။ ဒလန်ဟုဖမ်းပြီး ငွေယူကာ ပြန်လွှတ်ပေးလို့ရသည်။ ရန်သူတပ်ကပင် ဖြစ်ဦးတော့ ဂျနီဖာကွန်ဗင်းရှင်းအရ ထိန်းသိမ်းရင်း ငွေယူကာ ပြန်လွှတ်ပေးလို့ရသည်။ လူသတ်လို့ရသည်။ ယုတ်စွအဆုံး စစ်သားများလိုပင် မုဒိမ်းကျင့်လို့လည်း ရပေသည်။ ဟုတ်ကဲ့၊ မကြည်ပြာနိုင်ငံတော်တွင် ပြစ်မှုမပြုဘဲ အလိုလို ဖမ်းဆီးညှဉ်းပန်းသတ်ဖြတ်ခံရသူများ ရှိသလို ပြစ်မှုမှ အလိုလို ကင်းလွတ်သူများလလည်း ရှိသည်။
စီးပွားရေးတက္ကသိုလ် သုံး လေး ငါးခုရှိပြီး စာရင်းစစ်ချုပ်မရှိသော တိုင်းပြည်ကို မကြည်ပြာနိုင်ငံတော်ဟု ခေါ်ပါသည်။ သင် တိုက်လို့ရရှိသည့် စိုးမိုးနယ်မြေ၊ သင် ပါဝင်တိုက်ခိုက်သည့်ထိန်းချုပ်နယ်မြေတွင် သင် ပသုံးလုံး မဟုတ်ပါက အခွန်ကောက်ခွင့် မရှိသလို အခွန်ငွေ မျှဝေသုံးစွဲလျှင်လည်း သင့်အတွက် ပါမည်မဟုတ်။ တကမ္ဘာလုံးရှိ မြန်မာနိုင်ငံသားများက တော်လှန်ရေးတစုံလုံးအတွက် ထည့်ဝင်လှူဒါန်းထားသော်လည်း၊ တော်လှန်ရေးတစုံလုံးအတွက်ဟုဆိုကာ အလှူခံထားသော်လည်း တကယ်သုံးစွဲသည့်အခါ ပသုံးလုံးနှင့်မစပ်သော တော်လှန်ရေးတပ်တော်များအတွက် မပါ။ သို့သော် တော်လှန်ရေး နတ်နေကိုင်းရှိ ERO များကတော့ ခြွင်းချက်ဖြစ်သည်။ ERO တို့က တော်လှန်ရေးကို တာ့တာပြသွားလျှင်လည်း လက်အုပ်ချီလျက် ကြည့်နေရသည်ပင်။ ယခုအခါတွင်မူ ယင်းအဖွဲ့များသည် တပ်ပေါင်းစုများ ဖွဲ့လာနိုင်၍ အင်အားကြီးမားခိုင်မာလာသည့်အတွက် MOD, ERO, Alliance ဟူ၍ သုံးချောင်းထောက်အဆင့် တက်လှမ်းလာခဲ့ရာ စစ်ရေးဘတ်ဂျက်ခွဲတမ်းရရမည့်အခြေတော့ ဆိုက်လာပေပြီ။ ယင်းတို့လည်း ဘတ်ဂျက်ခွဲတမ်းထိုက်တန်သူများသာ။ တပ်ပေါင်းစုဖွဲ့လိုက်နိုင်သည့် တပ်ဖွဲ့စာရင်းကို မြင်လိုက်သည်နှင့် ပြည်သူများမှာ ချက်ချင်း စိတ်အားတက် မျှော်လင့်ချက်မြင့်မားလာသောကြောင့် ဖြစ်သည်။ မြင့်လဲမြင့်စရာပင်၊ အသက်တွေ အသေခံ၊ အိုးအိမ်တွေပြာကျခံ၊ လုပ်ငန်းတွေ မြို့ပြတွေအဆုံးရှုံးခံ၊ စရိတ်တွေ ဒေါ်လာသန်းချီ အကုန်ခံပြီး တိုက်လို့ရလာသည့် မြို့တွေကို အလွယ်တကူ ပြန်ပေးလိုက်ရကတည်းက စိတ်ဓာတ်ကျချင်သလို ဖြစ်လာသည့် ပြည်သူမှာ တပ်ပေါင်းစုသတင်းကြားသည်နှင့် ချက်ချင်း စိတ်အားတက်ကြွလာတော့သည်။ ပြည်သူသည် အသံတိတ်သပိတ်ဖြင့် ကြံ့ကြံ့ခံနေချိန်နှင့် တပ်ပေါင်းစုဖွဲ့နိုင်ချိန်ကလည်း ရှေ့ဆင့်နောက်ဆင့်ဖြစ်လာတော့ သူ့အားကိုယ့်ပေး၊ ကိုယ့်သွေးသူ့သွင်းသလို ဖြစ်သွားတော့ရာ ပြည်သူ့ထည့်ဝင်ငွေနှင့် တပ်ပေါင်းစုတို့ ထိုက်တန်ကြောင်း အထူးပြောနေစရာပင် မလိုတော့ချေ။
နယ်မြေအလိုက် ဒေသအလိုက် MODအောက်က တပ်ရင်းအချင်းချင်းရော၊ လိုကယ်တပ်ရင်းတွေရော ပေါင်းစည်းပြီးတိုက်လာကြသဖြင့် ရလာသည့်အောင်ပွဲပေါင်းလည်း မရေမတွက်နိုင်သလို မပေါင်းစည်းနိုင်သဖြင့် မတိုက်နိုင်ဘဲ စစ်ကြောင်းလာလျှင် ပြည်သူနှင့်ရောပြေးနေရသည့်၊ မီးရှို့ဖမ်းဆီးသတ်ဖြတ်တာကို လက်ပိုက်ကြည့်နေရသည့် အားမတန်လို့ မာန်လျှော့နေရသည့်အဖွဲ့များလည်း ဒုနဲ့ဒေးပင်။ အဲသည်လိုအဖွဲ့များကိုတော့ လူထုသည် အမြင်မကြည်ကြတော့ပေ။ ထမ်းထားရသည့် ဒုက္ခဝန်နောက်တထုပ်ဟု ထင်လာကြသည်။ ဆန္ဒပြ မောင်းထုတ်ခံရသည့်အဖွဲ့များပင် ရှိလာသည်။
ယခုအခါ ယူနစ်အစိုးရများ ပေါ်ပေါက်လာပြီး သီးခြားကာကွယ်ရေးဝန်ကြီး၊ စီမံဘဏ္ဍာဝန်ကြီးစသည်ပါလာတော့ရာ အခွန်အခများ အလေအလွင့်မဖြစ်အောင် စီမံနိုင်တော့မည့်အပြင် ကိုယ့်ဒေသတွင် ဘယ်အဖွဲ့က စစ်တကယ်တိုက်နေသည်၊ ဘယ်အဖွဲ့က မတိုက်ဘဲနေသည်ကိုသိသည့်အလျောက် စစ်သုံးစားရိတ်များကိုလည်း မှန်မှန်ကန်ကန် မျှမျှတတ ချမှတ်နိုင်တော့မည်ဖြစ်သဖြင့် စစ်ရေးအတွက် အားတက်စရာပင်။ စစ်ရေးအနိုင်ရဖို့ ဦးတည်လုပ်ဆောင်ရမည်မှန်းအားလုံးလက်ခံထားပြီးဖြစ်ရာ စစ်ရေးအောင်မြင်မှု ထိခိုက်စရာများ ရှောင်ကြဉ်နိုင်ဖို့ ကုန်ခဲ့သည့်ငါးနှစ်မှ သင်ခန်းစာများ တပုံတပင်ကြီးရှိပါသည်။ အထူးသဖြင့် စစ်ကောင်စီနှင့်တပ်တူကျနေသည့် အနိုင်ကျင့်မှုများ၊ အကျင့်ပျက်ချစားမှုများ၊ ဘက်လိုက်မှုများ၊ ဆေးပြားရောင်းဝယ်ထုတ်လုပ်မှုများ၊ လောင်းကစားလုပ်ငန်းများကို တော်လှန်ရေးအစိုးရဟူသည့် ပသုံးလုံးများက ပြုလုပ်နေသည်ကို လူထုက အော့နှလုံးနာစပြုလာပြီ။ စိတ်ပျက်နေကြပြီ။ တော်လှန်ရေးအပေါ် မျှော်လင့်ချက် ပျက်လာကြသည်။ ခံရသည့်ဒုက္ခနှင့် မတန်ဟု တွက်လာကြသည်။
NUG နှင့် မြေပြင် အချိတ်အဆက်မမိမှု၊ လက်လှမ်းမမီမှု၊ ရပ်ရွာက မကြိုက်ဘဲ ကိုယ့်လူကိုယ်သာခန့်ထားမှု၊ တော်လှန်ရေးတွင် ဟုတ်တ်ပတ်တိ မပါသူ၊ တော်လှန်ရေးသိက္ခာ အားနည်းသူကို ခန့်ထားမှု၊ မိုးကျရွှေကိုယ် ရာထူးရယူမှုတို့ကို ယူနစ်အစိုးရများက ပြုပြင်ကိုင်တွယ်နိုင်ပြီး လူထုကိုအားတက်စေကာ လူထုနှင့်အတူ လူထုတော်လှန်ရေးအရှိန်ကို မီးပေါင်မြှင့်၍ မကြည်ပြာနိုင်ငံသားအဖြစ်မှ လွတ်မြောက်အောင် လုပ်ပေးရန် ဖြစ်သည်။ နောက်တခုက စစ်အုပ်စုက လူငယ်တွေကို မဟားဒယားဆွဲပြီး နည်းမျိုးစုံနဲ့ စစ်သား စုဆောင်းနေတာကိုသိရက်နှင့် မြို့နယ်အလိုက် ဒေသအလိုက် မကယ်တင် မစောင့်ရှောက် မစုစည်း မသွတ်သွင်း မခေါ်ထားနိုင်ခြင်းပင်။ စစ်မှုထမ်းဥပဒေနှင့် စစ်အုပ်စုအသက်ဆက်နေတာကိုလည်း သိကြသည်ပင်။
ကနေ့ တော်လှန်ရေးသည် လူထုတော်လှန်ရေးသာ ဖြစ်ပါသည်ခင်ဗျား။ စစ်သားစုဆောင်းမှုကိုအကြောင်းပြုပြီး လူထု နှစ်ခြမ်းကွဲသွားလို့ မဖြစ်ပါခများ။ NON CDM ကျောင်းသားလို့ သတ်မှတ်ပြီး ထပ်ခြမ်းခွဲတဲ့ မူဝါဒကိုလည်း ပြန်လည်သုံးသပ်ပြင်ဆင်သင့်ပါသည် ခင်ဗျား။ တကယ်တော့ ကျောင်းသားတို့ လူငယ်တို့ဟူသည် ကျောင်းသားစိတ် လူငယ်စိတ်နှင့် အုံကြွစရာရှိက အုံကြွ၊ ပုန်ကန်စရာရှိက ပုန်ကန်၊ ခေတ်အဆက်ဆက် တော်လှန်သူများသာ ဖြစ်ပါကြောင်း။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar