Breaking News

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာရီယာကိုရီနာမာချာဒို ဗင်နီဇွဲလားမှ ရှောင်တိမ်း လွတ်မြောက်လာမှု


 

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာရီယာကိုရီနာမာချာဒို ဗင်နီဇွဲလားမှ ရှောင်တိမ်း လွတ်မြောက်လာမှု -  ထိတ်လန့်ဖွယ် လှိုင်းများ ရေများကြားကညသန်းခေါင်ယံပင်လယ်ခရီးရှည်

CBS သတင်းဌာန။ (ဘာသာပြန် အမေရိကန်သာဂိ) ဒီဇင်ဘာ ၁၂၊ ၂၀၂၅


မာရီယာ ကိုရီနာ မာချာဒို (Maria Corina Machado) ဗင်နီဇွဲလားမှ အာဏာရှင်တို့လက်မှာထွက်ပြေးလွတ်မြောက်မှုသည် မှောင်မည်းသော ညသန်းခေါင်တွင် ထိတ်လန့်ဖွယ် လှိုင်းများ ရေများကြားက ပင်လယ်ကို ဖြတ်ကျော်ခဲ့ရကြောင်း ယင်းစစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်ဟု ဆိုသူ အမေရိကန်နိုင်ငံသားတစ်ဦးက ပြောသည်။


ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် အမျိုးသမီး နော်ဝေနိုင်ငံတွင် နိုဘယ်ငြိမ်းချမ်းရေးဆု အခမ်းအနားသို့ အားလုံး အံ့အားသင့်ဖွယ် ရောက်ရှိလာပြီးနောက် ကြာသပတေးနေ့တွင် အကျိုးအမြတ်မယူသော ကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခု၏ အကြီးအကဲ ဘရိုင်ယန် စတန်း (Bryan Stern) က CBS News အင်တာဗျူးတစ်ခုတွင် အဆိုပါ မစ်ရှင်ကို အသေးစိတ်ပြောပြခဲ့သည်။


"ဒါက အန္တရာယ်များတယ်။ ကြောက်စရာကောင်းတယ်" ဟု အမေရိကန် အထူးတပ်ဖွဲ့ဝင် စစ်မှုထမ်းဟောင်း စတန်းက ပြောကြားခဲ့သည်။ သူက မှောင်မည်းပြီး လှိုင်းကြမ်းတမ်းသည့် အခြေအနေများသည် ထွက်ပြေး လွတ်မြောက်ရန် အဆင်ပြေသော အကာအကွယ်ကိုလည်း ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။


သူက သမ္မတ နီကိုလက်စ် မာဒူရို (Nicolas Maduro) နှိပ်စက်ညှဉ်းပန်းမှုကို ကြောက်ရွံ့၍ ဇန်နဝါရီလမှစတင်ကာ ပုန်းအောင်းနေခဲ့သည့် မာချာဒိုနှင့် ဗင်နီဇွဲလားမှ ထွက်ခွာပြီးနောက် ပင်လယ်ပြင်တွင် တွေ့ဆုံခဲ့ပုံကို ပြန်ပြောင်းပြောပြခဲ့သည်။


CBS ဖော်ပြချက်အရ လေးရက်သာ ကြိုတင်စီစဉ်ထားသည့် မစ်ရှင်တစ်စိတ်တစ်ပိုင်းအနေဖြင့် သူမသည် စတန်း၏လှေပေါ်သို့ တက်ရောက်ပြီးနောက် လေယာဉ်စီးရန်အတွက် ဖော်ပြမထားသည့် နေရာတစ်ခုသို့ ၁၃-၁၄ နာရီကြာ ခရီးနှင်ခဲ့ရသည်။


"ပင်လယ်ပြင် အခြေအနေတွေက ကျွန်တော်တို့အတွက် သင့်တော်ပေမယ့်၊ သင်နေချင်တဲ့ ရေပြင်မျိုးတော့ မဟုတ်ပါဘူး... လှိုင်းတွေ မြင့်လေလေ၊ ရေဒါက မြင်ဖို့ ခက်လေလေပါပဲ" ဟု စတန်းက ပြောသည်။


"ဒါက ညသန်းခေါင်ယံမှာ ဖြစ်ခဲ့တာ၊ လမသာသလောက်ပဲ၊ တိမ်အနည်းငယ်ပဲ ဖုံးနေတယ်၊ မြင်ဖို့အရမ်းခက်တယ်၊ လှေတွေမှာလည်း မီးတွေမရှိဘူး။"


"ကျွန်တော်တို့အားလုံး ရေတွေ ရွှဲစိုကုန်တယ်။ ကျွန်တော့်အဖွဲ့နဲ့ ကျွန်တော်ဆို တစ်ကိုယ်လုံး စိုရွှဲနေတယ်။ သူမလည်း တော်တော်အေးပြီး စိုနေတယ်။ သူမ တကယ်ကို ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်သန်းခဲ့ရတာပါ။"


"သူမ အရမ်းပျော်နေတယ်။ အရမ်းစိတ်လှုပ်ရှားနေတယ်။ အရမ်းလည်း ပင်ပန်းနေတယ်" ဟု စတန်းက ပြောကြားခဲ့ပြီး သူ၏အဖွဲ့မှ လူအယောက် ၂၀ ခန့် တိုက်ရိုက်ပါဝင်ခဲ့ကြောင်း ထပ်လောင်းပြောသည်။


- ' ရက်ရောသော အလှူရှင်များ' -

မာချာဒို၏ ကိုယ်စားလှယ်တစ်ဦးက အင်္ဂါနေ့တွင် စတင်ခဲ့သည့် အဆိုပါစစ်ဆင်ရေး၏ နောက်ကွယ်တွင် စတန်း၏ကုမ္ပဏီ Grey Bull Rescue Foundation က ရှိကြောင်း အတည်ပြုခဲ့သည်ဟု CBS က ဆိုသည်။


အဆိုပါ ဖြစ်စဉ်သည် Wall Street Journal မှ အခြားသတင်းဖော်ပြချက်ကို နောက်ဆက်တွဲဖြစ်ပေါ်လာခြင်းဖြစ်ပြီး မာချာဒိုသည် ဗင်နီဇွဲလား မြို့တော် ကာရာကပ်စ် (Caracas) ဆင်ခြေဖုံးရှိ သူမပုန်းအောင်းရာမှ ထွက်ပြေးရန် ဆံပင်တုနှင့် အသွင်ပြောင်းဝတ်စုံကို ဝတ်ဆင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။


စတန်းသည် ဗင်နီဇွဲလားရှိ ၎င်းအဖွဲ့အစည်း၏ အနာဂတ်စီမံကိန်းများကို ငဲ့ညှာပြီး ကုန်းပေါ်မှ စစ်ဆင်ရေးအကြောင်း အသေးစိတ်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။


မာချာဒို၏ မစ်ရှင်ကို အမေရိကန်အစိုးရအဖွဲ့ဝင်များ မပါဝင်ဘဲ "ရက်ရောသော အလှူရှင်အချို့" က ရန်ပုံငွေထောက်ပံ့ခဲ့ကြောင်း သူက CBS ကို ပြောကြားခဲ့သည်။


"အမေရိကန်အစိုးရက ဒီစစ်ဆင်ရေးအတွက် တစ်ပြားတစ်ချပ်မှ ထည့်ဝင်ခဲ့ခြင်းမရှိပါဘူး၊ အနည်းဆုံးတော့ ကျွန်တော်သိသလောက်ပေါ့" ဟု စတန်းက ပြောသည်။


သို့သော်လည်း လေကြောင်းတိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်ခြင်းမှ ရှောင်ရှားရန်အတွက် သူ၏အဖွဲ့သည် နေရာချထားမှုနှင့် စီမံကိန်းများအတွက်တော့ အမေရိကန်စစ်တပ်နှင့် "တရားမဝင် ပူးပေါင်းဆောင်ရွက်ခဲ့သည်" ဟု သူက ပြောကြားခဲ့သည်။


မာချာဒိုက ကြာသပတေးနေ့တွင် ဗင်နီဇွဲလားမှ ထွက်ခွာရန်အတွက် အမေရိကန်၏ ထောက်ခံမှုကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ သူမ မည်သို့နှင့် မည်သည့်အချိန်တွင် ပြန်သွားမည်ကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း၊ နေရပ်ပြန်ရန် အစီအစဉ်များကို ကြေညာထားသည်။


စတန်းက သူ၏အဖွဲ့သည် လူများကို နိုင်ငံများထဲသို့ ပြန်ပို့ခြင်းကို လုပ်ဆောင်ခြင်းမရှိဘဲ ထွက်ခွာစေရန်သာ လုပ်ဆောင်သည့်အတွက် အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်မည်မဟုတ်ကြောင်း ပြောသည်။


"အဲဒါ သူမဆုံးဖြတ်ဖို့နဲ့ သူမလုပ်ဖို့ ကိစ္စပါ။ ဒါပေမဲ့ သူမ ပြန်မသွားသင့်ဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ သူမက ပြန်သွားချင်တယ်။ မာရီယာက တကယ်ကို စိတ်ဓာတ်တက်ကြွစေသူပါပဲ" ဟု သူက ပြောကြားခဲ့သည်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar