မကွေးတိုင်းက ဆင်ဖြူကျွန်းမြို့ သိမ်းဖို့ PDF တပ်တွေပြင်ဆင်နေတဲ့အနေအထားနဲ့ ဧရာဝတီအနောက်ဘက်ခြမ်းဗျူဟာ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၅ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၅ ၊ ၂၀၂၅
မကွေးတိုင်းက ဆင်ဖြူကျွန်းမြို့ သိမ်းဖို့ PDF တပ်တွေ ပြင်ဆင်နေတဲ့ အနေအထားနဲ့ ဧရာဝတီအနောက်ဘက်ခြမ်းဗျူဟာ
မကွေးတိုင်းထဲက ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းမှာ မေးတင် တည်ရှိနေတဲ့ ဆင်ဖြူကျွန်းမြို့ကို PDF တပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဖော်ဆောင်မှာဖြစ်လို့ မြို့နေလူထုကို တိမ်းရှောင်ကြဖို့ နှိုးဆော်ထားကြောင်း သတင်းတွေအရ သိရပါတယ်။ လက်ရှိ ထိန်းချုပ်ထားတဲ့ အာဏာသိမ်းစစ်တပ်ဘက်ကလည်း မြို့ကို လေကြောင်းက ဗုံးအလုံးရေ ဆယ်ဂဏန်းကနေ ရာဂဏန်းနီးပါးအထိ ကြဲချနေတယ်လို့ ဒေသသတင်းတချို့က ဆိုကြပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့ခံ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားကြောင်းလည်း ဘီဘီစီမြန်မာပိုင်းသတင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဆင်ဖြူကျွန်းမြို့ပေါ်က စစ်တပ်ရှိတဲ့နေရာတွေကို တိုက်ခိုက်မှာဖြစ်လို့ မြို့ခံတွေ အနေနဲ့ ဆင်ဖြူကျွန်းမြို့ရဲ့ တောင်ဘက်မှာ တည်ရှိတဲ့ စလင်းမြို့နယ်ဘက်ကို ရှောင်တိမ်းကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။ စလင်းပကဖက ထုတ်ပြန်ချက်ထဲမှာ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့ ပေါ်က စစ်တပ်စခန်းအားလုံးကို တိုက်ခိုက်ပြီး အပြီးသတ် သိမ်းယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
သတင်းအချို့မှာတော့ မြို့ပြင်မှာ PDF တပ်တွေချထားတဲ့ မြေမြှုပ်မိုင်းတွေလည်း ရှိပြီး စစ်တပ်ရဲ့ လေကြောင်တိုက်ခိုက်မှုနဲ့ မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြို့ကနေထွက်ခွာသူတွေအနေနဲ့ မြေမြှုပ်မိုင်းတွေကိုလည်း သတိထားနေရတဲ့ အနေအထားဖြစ်နေတယ်လို့ ဆိုပါတယ်။ မြို့အဝင်အထွက်လမ်းတွေကို သစ်ပင်တွေလှဲပြီး ပိတ်ဆို့ထားတာကြောင့်လည်း မြို့ခံတွေ အနေနဲ့ သစ်ပင်အတားအဆီးတွေကို ဖယ်ရှားပြီး မြို့ကနေ ထွက်ခွာတိမ်းရှောင်ဖို့ ကြိုးစားနေကြရတယ်လို့ ဆိုပါတယ်။ မြို့ခံတွေ အနေနဲ့ ကုန်းလမ်းခရီးထက် ရေလမ်းခရီးနဲ့ မြို့ကနေ တိမ်းရှောင်နေကြရတယ်လို့လည်း သတင်းတွေမှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။
မကွေးတိုင်းထဲက မြောက်ဘက်ပိုင်းဖြစ်တဲ့ ပခုက္ကူမြို့နယ်၊ မြိုင်၊ ရေစကြိုနဲ့ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်း ဆိပ်ဖြူ၊ စလင်း အစရှိတဲ့နေရာတွေဟာ PDF အားကောင်းတဲ့ ဒေသတွေဖြစ်ပါတယ်။ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း နဲ့ အရှေ့ဘက်ခြမ်းမှာ ရေနံချောင်းမြို့နယ်၊ ချောက်မြို့နယ်၊ ညောင်ဦးမြို့နယ်တို့အထိ ဆက်စပ်ပြီး ကျေးရွာတွေမှာ စိုးမိုးထားကြတဲ့ အနေအထားလည်းဖြစ်ပါတယ်။
ပြည်တွင်းပြည်ပ ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာဖြစ်တဲ့ ပုဂံ၊ ညောင်ဦးဒေသနဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ PDF တပ်တွေ၊ ဒေသခံ ကာကွယ်ရေး LPDF တွေက စိုးမိုးထားကြတာဖြစ်ပါတယ်။ ကျောက်ပန်းတောင်းနဲ့ ပုဂံ ညောင်ဦးအကြား ကားလမ်း၊ ညောင်ဦး-ပခုက္ကူသွားကားလမ်းတွေ ရဲ့ အစိတ်အပိုင်းအချို့ကိုလည်း LPDF တွေက စိုးမိုးထားကြတာတွေ ရှိနေပြီး အချို့ ဖြစ်ရပ်တွေမှာတော့ ပုဂံ၊ ညောင်ဦး နဲ့ ပုပ္ပါး ခရီးသွားအချို့ ပြန်ပေးဆွဲခံရတဲ့ ဖြစ်ရပ်တွေလည်း ကြားလာရတဲ့ အနေအထားဖြစ်ပါတယ်။
အခုလို စလင်းပကဖ တပ်ဖွဲ့က ဆင်ဖြူကျွန်းမြို့ကို သိမ်းဖို့ ကြိုတင်အသိပေးကြေညာပြီး စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်တာကို အချို့ကလည်း ရန်သူဘက်က ကြိုတင်ပြင်ဆင်မှုရအောင် လုပ်သလိုဖြစ်လိမ့်မယ်လို့ မြင်ကြတာတွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ် အနေနဲ့ အခုရက်ပိုင်း စလင်းPDF တပ်ဖွဲ့ရဲ့ ခြေလှမ်းက ဘယ်လိုရည်ရွယ်ချက်ဆိုတာ သိပြီးဖြစ်နိုင်ပါတယ်။ ဒီလို သတင်းထုတ်ပြန်ချက် မလုပ်တဲ့တိုင် ဘယ်နေရာတွေကို ရည်ရွယ်ချက်ထားပြီး တိုက်ခိုက်နေသလဲ ဆိုတာ အာဏာသိမ်းစစ်တပ်ဘက်က သိပြီးဖြစ်ပါလိမ့်မယ်။
ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ စတဲ့နယ်တွေက ဧရာဝတီမြစ်နောက်ဘက်ခြမ်း ပုသိမ်-မုံရွာ ကားလမ်းတလျှောက် မှာ ရှိတဲ့နယ်တွေဖြစ်ပြီး မြစ်အနောက်ဘက်ခြမ်း ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ မင်းဘူး၊ အမ်းနယ်ဘက်က AA ရဲ့ ထိုးစစ်ဆင်နေတဲ့ ဂုတ်ကြီး၊ နတ်ရေကန် စတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အခြေစိုက်စခန်းတွေ ကို အထက်ဘက်က ထောက်ပံ့ရေးလမ်းကြောင်း ဆက်သွယ်ရေး လမ်းကြောင်းတွေပေါ်မှာတည်ရှိနေတာလည်း ဖြစ်ပါတယ်။
မကွေးတိုင်းထဲက နတ်ရေကန်၊ ဂုတ်ကြီးတို့နဲ့ ပဲခူးတိုင်းအနောက်မြောက်ဘက် ညောင်ကျိုး စတဲ့နေရာတွေက ရခိုင်ပြည်နယ်ဘက်က ဝင်လာတဲ့ AA ရဲ့ ထိုးစစ်ကို အာဏာသိမ်းစစ်တပ်က ခုခံနေရတဲ့ နေရာတွေဖြစ်ပါတယ်။ AA အနေနဲ့ ရခိုင်ပြည်နယ်ကို အာဏာသိမ်း စစ်တပ်ရောက်မလာနိုင်အောင် ရခိုင်ပြည်နယ် နယ်နိမိတ်ကို ကျော်လွန်ပြီး ထိုးစစ်ဆင်ထားတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
တဖက်မှာလည်း ဒီဒေသတွေမှာ ရှိနေကြတဲ့ PDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်ဖို့ အကူအညီပေးတာ၊ စစ်ရေးအရ ဦးဆောင်မှုပေးတာတွေလည်း ရှိနိုင်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်က KIA ၊ ရှမ်းမြောက်က TNLA နဲ့ ရခိုင်ပြည်နယ်က AA တို့အနေနဲ့ ၄င်းတို့နယ်မြေတွေမှာ ရှိတဲ့ စစ်တပ်အခြေစိုက်စခန်းတွေ၊ မြို့တွေကို ထိုးစစ်ဆင် သိမ်းယူတာနဲ့အတူ ဆက်စပ်နယ်မြေဒေသတွေမှာပါ ကြားခံဒေသအဖြစ် အဲဒီဒေသတွေက PDF တပ်ဖွဲ့တွေကို မဟာမိတ်ဖွဲ့ကာ ကူညီပေးပြီး ပင်မဒေသတွေက စစ်ဆင်ရေးတွေနဲ့ ချိတ်ဆက် လုပ်ဆောင်ကြတာလည်း တွေ့ရပါတယ်။
ဒီလို စစ်ရေးမဟာဗျူဟာက စစ်တပ်ကို ရင်ဆိုင်ရမယ့် စစ်မျက်နှာ ပိုမိုကျယ်ပြန့်စေသလို စစ်တပ်ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ကိုပါ ဖြတ်တောက်၊ တားဆီးထားနိုင်တဲ့ အကျိုးရလဒ်ရစေတာ ဖြစ်ပါတယ်။ ဒီလို နယ်မြေ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆင်ရေးလုပ်နိုင်ဖို့ ငွေကြေးနဲ့ လက်နက်ခဲယမ်း အရင်းအမြစ်တွေ ပိုလိုအပ်တာတော့ အမှန်ပဲ ဖြစ်ပါတယ်။ TNLA အနေနဲ့ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ တို့မှာ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ရာမှာ ဒေသခံ PDF တပ်ဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ပြီး မဟာဗျူဟာတခုထည်းအောက်မှာ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး အဲဒီစစ်ဆင်ရေးတွေအတွက် ကုန်ကျရတဲ့ ရံပုံငွေတွေအတွက် မိုးကုတ်မြို့တို့လို မှာ ကျောက်မျက် သယံဇာတ အပူတပြင်း ရှာဖွေတူးဖော်ရတဲ့ အနေအထားတွေလည်း ဖြစ်လာခဲ့တာပါ။ အာဏာသိမ်းစစ်တပ် အနေနဲ့တော့ ကျယ်ပြန့်တဲ့ စစ်မျက်နှာတွေ အနက် ရှမ်းမြောက်မှာ TNLA နဲ့ အပစ်ရပ် သဘောတူညီမှုယူနိုင်လိုက်တဲ့ အနေအထားက ဧရာဝတီမြစ် အနောက်ဘက်ခြမ်းတွေဆီ အင်အားတချို့ ထုတ်နုတ်သုံးစွဲလာနိုင်တဲ့ အလားအလာတွေလည်း ရှိကောင်းရှိလာနိုင်တာ တွေ့မြင်နေရတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar