နတ်မှူး - ရိုဆက်တီ၏ သိုးများ
နတ်မှူး
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၆
၁
၁၈ရာစုက ခရစ္စတီနာ ရိုဆက်တီ( Christina Rossetti )မည်သော အင်္ဂလိပ် ကဗျာဆရာမ တယောက်ရှိသည်။နေသာသောတနေ့မှာ သူက ကောင်းကင်ကို မော့ကြည့်မိသည်။အပြာရောင်နောက်ခံတွင် ဝါဂွမ်းကဲ့သို့ ဖြူဖွေးနေသော တိမ်စိုင်တိမ်ခဲများကို တွေ့ရသည်။လေငြိမ်ချိန်မှာ သူတို့က အိန္ဒြေရစွာရပ်တန့်နေပြီး လေတိုက်ချိန်မှာ တဖြည်းဖြည်း ရွေ့လျားနေသည်။သို့ဖြင့်သူက ကဗျာတပုဒ်ရေးလိုက်သည်။
တိမ်များ
သိုးဖြူတွေ၊ သိုးဖြူတွေ
တောင်ပြာတန်းပေါ်နေ
လေငြိမ်ချိန်မှာ သူတို့ရပ်
လေလာ လှုပ်ခတ်ခတ်။
သိုးဖြူတွေ၊ သိုးဖြူတွေ
ဖြည်းဖြည်းလမ်းလျှောက်နေ
ဘယ်ရပ်ဌာနေ ဘယ်ဆီမြန်း
ငါလေသိချင်စမ်း။
ခရစ္စတီနာ ရိုဆက်တီ
ကလေးကဗျာအမျိုးအစားဖြစ်ပြီး ကဗျာဆရာမက သက်မဲ့တိမ်ကို သက်ရှိသိုး အဖြစ်ဖန်ဆင်းလိုက်သည်။ ကောင်းကင်နှင့်တိမ်တို့၏သဘာဝကို အသက်ဝင်အာင်ရေးဖွဲ့ထားသဖြင့် ကဗျာက အလွန်လှသည်။ ကဗျာကိုဖတ်ပြီး ကလေးများသာမက လူကြီးများပါ ကောင်းကင်ကို မော့ကြည့်ချင်စိတ်ပေါ်လိမ့်မည်။ ကျွန်တော်က တိမ်လေးများကို တကယ့်သိုးဖြူလေးတွေအဖြစ် ထင်မြင်လာမိသည်။
၂
ထိုကဗျာလေးကိုဖတ်နေရင်း ကျွန်တော်၏အတွေးထဲမှာ မြို့မ၏ သီချင်းတပုဒ်က ဖျတ်ခနဲ ပေါ်လာသည်။ အခြားမဟုတ် မြို့မ ဦးဘိုခင်နှင့် ဦးရင်လေးတို့ရေးပြီး အဆိုတော်ကြီး ဒေါ်မေလှမြိုင်သီဆိုသည့် “သံသရာခရီးသည်” သီချင်းဖြစ်သည်။ ကျွန်တော်နှင့်အတူ နားထောင်ကြည့်ရအောင်။
“ ကာမဘုံသား ဆုံလည်နွားသို့နှယ်၊ အနမတက္ကဘဝတွေမယ် ကျင်လည်ခဲ့ကြရာဝယ်၊ မဆုံးနိုင်ကြတယ် တဝဲလည်လည်၊ သမုဒယဆိုသောတဏှာရယ်၊ ငြိလာတယ် သံယောဇဉ်ကတွယ်၊သားရယ်သမီးရယ်၊ ဇနီးသည် ခင်ပွန်းလင်သည်၊ ဆွေရယ်မျိုးရယ်ချစ်ကြိုးသွယ်သွယ် နှောင်ဖွဲ့ချည်တယ်၊ မရုန်းနိုင်မထွက်နိုင် မြဲခိုင်လှတဲ့ သံသရာခရီးသည် “
ရိုဆက်တီ၏ တိမ်များကဗျာထဲက တောင်ပြာတန်းပေါ် တရွေ့ရွေ့သွားနေသည့် သိုးအုပ်ကြီးက သံသရာခရီးသည် သီချင်းထဲက ခရီးသွားလူသားများနှင့် တူနေသည်ကို သတိထားမိသည်။ ထိုသိုးအုပ်သည် မိသားစုတွေဖြစ်နိုင်သည်။ မိဘ သားသမီး၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်း၊မိတ်ဆွေအပေါင်းအသင်းများဖြစ်လိမ့်မည်။ အစုအဖွဲ့ဆိုသည် စိတ်ဓာတ်မတူဘဲ၊ သံယောဇဉ်မရှိဘဲ မပေါင်းစီးနိုင်။ လူတွေလိုပင် သူတို့မှာ ချစ်ခြင်းမေတ္တာရှိသည်။ သံယောဇဉ်နှောင်တွယ်မှုရှိသည်။ သို့ဖြင့် စားအတူ သွားအတူ အုပ်စုဖွဲ့နေကြခြင်းဖြစ်လိမ့်မည်။
“ ဖြစ်လွယ်ပျက်လွယ်သဘောရယ်၊ လောကဝယ်ပြောလို့မဆုံးဖွယ်၊ သင်္ခါရအတောမသတ်တော့ မတည်မြဲလေတယ်…”
လူက အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားနှင့်မကင်းနိုင်။ အသက်အိုးအိမ်နှင့် စည်းစိမ်ဥစ္စာတို့သည် အချိန်မဆိုင်း သေကြေပျက်စီးသွားနိုင်သည်။ ကံဆုံချိန် ကြုံကြပြီး ကံခွဲတော့ လွဲကြရသည်။ တိမ်လေးများ သို့မဟုတ် ရိုဆက်တီ၏ သိုးကလေးများနှင့် တူလေစွ။ ပါးလွှာသော တိမ်တွေက အကောင်အထည်ရှိသော လူသားတွေထက် ပိုပြီး လွင့်ပြယ်လွယ်လိမ့်မည်။
၃
တောင်ပြာတန်းပေါ်မှာ သူ၏သိုးလေးတွေ ဖြည်းဖြည်းချင်း ခရီးနှင်နေသည်ကိုကြည့်ပြီး ရိုဆက်တီက သူ့သိုးလေးတွေ ဘယ်သွားမည်ကို သိချင်နေသည်။ ခရီးတခုဆိုတာသာသိပြီး ဘယ်ဆီ ဘယ်သောင်ကမ်းဆိုက်မည်ဆိုတာ သူမသိ။ သံသရာခရီးသည်ဖြစ်သည့် လူတို့သည်လည်း ဘာ ထူးသနည်း။ သေလွန်ပြီးနောက် ခရီးတခုကိုဆက်ရမည်။ ဘယ်ဘုံဘယ်ဘဝရောက်မည်မှန်းမသိ။ သိုးလေးတွေထက်သာသည်မှာ လူက သီလ၊ သမာဓိ၊ ပညာနှင့် မေတ္တာတရားကိုသိသည်။ ထိုအရာများကို စောင်ထိန်းကြိုးကုတ်ပါက နောင်ဘဝကောင်းရာဘုံသို့ ရောက်မည်ဟု မျှော်လင့်နိုင်ခြင်းဖြစ်သည်။
သို့သော်အရာရာ လူက သာသည်ဟု ပြောပါက သိုးလေးတွေ စဉ်းစားတွေးခေါ်တတ်ပြီး စကားတတ်လျှင် စောဒကတက်လိမ့်မည်။
“ ကျုပ်တို့သိုးတွေက လူတွေထက် ငါးပါးသီလ ပိုလုံတယ်ဗျ၊ အသားမစားတော့ သူ့အသက်မသတ်ဘူး၊ သူ့ဥစ္စာမခိုးဘူး၊ လိမ်ညာမပြောဘူး၊ တိရစ္ဆာန်တွေဆိုတော့ ကာမပိုင်ဆိုတာမရှိဘူး၊ ကြုံသလို ကာမေသုလို့ရတယ်။ နောက် လမ်းပေါ်မှာ အရက်မူးနေတဲ့ သိုးဖြူတွေ၊ စိတ်ကြွဆေးရောင်းတဲ့ သိုးမည်းတွေမရှိဘူး။ ဒီအလုပ်တွေကို လူဆိုတဲ့ သတ္တဝါတမျိုးကသာ လုပ်တယ်။ ဒါ့ကြောင့် လူ့ပြည်မှာ တရားဥပဒေတွေ၊ ရုံးတွေဂါတ်တွေ၊ အကျဉ်းထောင်တွေရှိနေတာပေါ့။”
နောက်သမာဓိတည်ကြည်ဖို့ ဆိုတာ တိရစ္ဆာန်တွေရဲ့ဦးနှောက်က လူတွေလောက် မဖွံ့ဖြိုးတော့ လူတွေလိုအားမထုတ်နိုင်ဘူး။ ဒါပေမယ့် တိတွေရဲ့ဘဝမှာ အိပ်စားကာမ ဤသုံးဝပဲရှိတယ်။ စိတ်ပျံ့လွင့်စရာကလည်း ဤသုံးဝပဲ။ အဲဒီသုံးဝနဲ့ကို သမာဓိ မထိန်းနိုင်ဘူး။ လူတွေလည်း စားဝတ်နေရေးဆိုတဲ့ တို့တာဝန်အရေးသုံးပါးရှိတယ်။ သုံးပါးပေမယ့် လိုချင်တပ်မက်စရာတွေများတော့ တချို့က သမာဓိမရှိတော့ဘူး။ လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်လာတယ်။ သီလတရားတွေ ပျက်လာတယ်။ ကိုယ့်အတ္တတခုအတွက် သတ်ဖြတ်တယ်၊ ခိုးဝှက်လုယက်တယ်၊ လိမ်ညာတယ်၊ ကျားဖြန့်လုပ်တယ်၊ ကာမေလည်း စိတ်ကြိုက်သုကြတယ်။ သူရာမှာဆို အရက်တင်မကဘူး မူးယစ်ဆေးအမျိုးမျိုး ပေါ်လာတယ်။
ပညာမှာတော့ လူကတိရစ္ဆာန်တွေထက် အပုံကြီးသာတယ်။ လူတွေက ဉာဏ်အလွန်ကောင်းတယ်။ လူတွေတီထွင်လိုက်တဲ့ အရာတွေက လူ့လောကကို နတ်ပြည်အဖြစ်ဖန်ဆင်းနိုင်သလို ငရဲအဖြစ်လည်းပြောင်းလဲနိုင်တယ်။ လူတွေက ပညာတတ်တော့ ဉာဏ်ရောင်စုံကွန်မြူးနိုင်တယ်။ အထူးသဖြင့်လူ့ဦးနှောက်က ပိုထုတ်နိုင်တဲ့ ဉာဏ်နှစ်မျိုးရှိတယ်၊ ဉာဏ်အနီနဲ့အနက်ပဲ”
“ကျွန်မသိုးတွေက စကားမတတ်ဘူး၊ အဲလိုလည်း ဆရာကြီးမလုပ်တတ်ဘူး။ ရှင်ကရှေ့နေလား” ဟု ရိုဆက်တီက ကျွန်တော့်ကိုမေးသည်။ ကျွန်တော်က ရှက်ရယ် ရယ်ပြီး” သာမန်ဆရာဝန်တယောက်ပါဗျာ၊ တချို့လူတွေက အရှက်မရှိဘူးလေဗျာ။ ဒါ့ကြောင့် သိုးနေရာက မခံချင်စိတ်နဲ့ပြောလိုက်တာပါ” ဟု ပြန်ပြောမိသည်။
၄
“ တကယ်လို့ ရှင်က ရှင်တို့တာဝတိံသာနတ်ပြည်ရဲ့တံခါးမှူးဖြစ်ပါပြီတဲ့။ ကျွန်မရဲ့ သိုးကလေးတွေ ရှင့်ဆီရောက်လာပြီး “ကျွန်တော်တို့က လူတွေထက် သီလလုံခြုံပါတယ်၊ သနားသောအားဖြင့် နတ်ပြည်ကို ဝင်ခွင့်ပေးပါလို့တောင်းဆိုခဲ့ရင် ရှင်ဘယ်လိုဆုံးဖြတ်မလဲ” ဟုရိုဆက်တီက မေး သည်။
“ နတ်ပြည်ဆိုတာ လူတွေအတွက် သီးသန့်ထားတဲ့ ဘုံတခုကွ။ တိရစ္ဆာန်တွေနဲ့ လားလားမှမဆိုင်ဘူး။ ငါးပါးသီလ လုံရုံနဲ့နတ်ပြည်ဝင်ခွင့်မရဘူး။ မင်းတို့ ငါးပါးသီလလုံတယ်ဆိုတာ သဘာဝရဲ့ဗီဇကြောင့် လုံရတာ၊ မင်းသူတပါးအသက်မသတ်တာ အသားမစားဘဲ အသီးအရွက်စားလို့ပဲ။တကယ်လို့သာ ခြင်္သေ့ဖြစ်ခဲ့ရင် မင်းလည်းသတ်မှာပဲ။ သီလကောင်းရုံနဲ့ နတ်ဖြစ်ရရင် နတ်ပြည်မှာ ကျွဲ နွား သိုး ဆိတ် စတဲ့သတ္တဝါတွေနဲ့ ပြည့်ကုန်မှာပေါ့။
နတ်ပြည်ရောက်ဖို့ သီလအပြင် သမာဓိ၊ပညာနဲ့ မေတ္တာတရားတွေလည်းရှိဖို့လိုတယ်ကွ၊သမာဓိဆိုတာ စိတ်ရဲ့တည်ကြည်မှုပဲ။ လူမှာ ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုတဲ့ ကံသုံးပါးရှိတယ်။အဓိကဦးဆောင်သူက မနောကံဆိုတဲ့ စိတ်ပဲ။ ကောင်းတဲ့စိတ်က နတ်ပြည်ကိုထိုးတင်နိုင်သလို မကောင်းတဲ့စိတ်က ငရဲကို ဆွဲခေါ်သွားနိုင်တယ်။ သမာဓိကသာ လူ့ရဲ့စိတ်ကိုအကောင်းဘက်မှာ ရပ်တည်နိုင်အောင်ထိန်းကျောင်းပေးနိုင်တယ်၊ တိရစ္ဆာန်တွေမှာ ဒီလိုသမာဓိမရှိနိုင်ဘူး။
နောက် ပညာဆိုတာ အသိနဲ့အတတ်ကိုခေါ်တယ်။ အတတ်ပညာတင်မကဘူး အသိပညာဖြစ်တဲ့ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ တရားမတရား စောကြော သိရမယ်။ ဒါမှ ကုသိုလ်နဲ့အကုသိုလ်ကို ခွဲခြားနိုင်မယ်။ အဲဒီပညာက လူတွေမှာသာ ရှိပြီး တိရစ္ဆာန်တွေမှာမရှိဘူး။ ဒါဖြင့် လူ့လောကမှာ ဘာ့ကြောင့် မတရားမှုတွေ၊ ကြီးနိုင်ငယ်ညှဉ်းတွေရှိနေရတာလဲလို့ မင်းမေးလိမ့်မယ်။ ရှင်းပါတယ် အဲဒီလူတွေက လူ့အရေခွံခြုံထားတဲ့ တိရစ္ဆာန်တွေမို့လို့ပဲ။
နောက် ချစ်ခြင်းမေတ္တာကလည်း အရေးကြီးတယ်။ ကျုပ်မိန်းမနဲ့ကလေးတွေ၊ ကျုပ်နောက်လိုက်ငယ်သားတွေကိုချစ်ပြီး သူတို့ကောင်းကျိုးကိုဆောင်ရွက်တာ မေတ္တာမဟုတ်လား လို့မင်းမေးလိမ့်မယ်။ မင်းတို့လို တိရစ္ဆာန်တွေအတွက်တော့ ဟုတ်တယ်။ ငါတို့လူသားတွေအတွက်တော့ မဟုတ်ဘူး။ ငါတို့ကိုးကွယ်တဲ့ ဗုဒ္ဓရှင်တော်ဘုရားက “ အတ္တတ္ထစရိယ …မိမိကောင်းကျိုး၊ ဉာတတ္ထစရိယ…ဆွေမျိုးများကောင်းကျိုး.၊ နောက် လောကတ္ထစရိယ…လောက ကောင်းကျိုးကို ဆောင်ရွက်ပါလို့ ဟောကြားတော်မူခဲ့တယ်။ အဲဒီလောကတ္ထစရိယက မေတ္တာတရားပဲ။ ဒီတရားတွေကိုလုပ်ဆောင်ဖို့ လူတမျိုးတည်းကသာ တတ်နိုင်တယ်။ လူသားအချင်းချင်းတင်မကဘူး မင်းတို့လို တိရစ္ဆာန်တွေ အပေါ်မှာတောင် မေတ္တာထားနိုင်တယ်။ ဒီမေတ္တာတရားကို မင်းတို့သတ္တဝါတွေ နားမလည်နိုင်ဘူး၊ လုပ်လည်းမလုပ်နိုင်ဘူး…လို့ပြောပြီး လက်ခါပြရုံသာရှိတာပေါ့ဗျာ”ဟုကျွန်တော်ကပြောသည်။
ရိုဆက်တီက “ရှင်ပြောတဲ့ စကားတွေ၊တရားတွေကို ကျွန်မရဲ့သိုးလေးတွေနားမလည်ပေမယ့် ကျွန်မနားလည်တဲ့အတွက် သိုးလေးတွေနတ်ဖြစ်ဖို့ နောက်ဘဝလူဖြစ်ပါစေလို့ ဆုတောင်းရမှာပေါ့” ဟုပြောပြီး နှုတ်ဆက်ပျောက်ကွယ်သွားသည်။
၅
သိုးလေးတွေက ခေါင်းငိုက်ဆိုက်ချပြီး ကျွန်တော့်ကို ကျောခိုင်းထွက်ခွါသွားသည်။ ကျွန်တော် အတော်စိတ်မကောင်း ဖြစ်မိသည်။။ ဦးမာဃဆိုသော သိကြားမင်းကို ကျွန်တော်အမြင်မကြည်။ သူလူ့ဘဝက မာဂဓတိုင်း၏ မစလရွာသားဖြစ်သည်။ မယားလေးယောက်ရှိသည်။ထိုအချက်ကိုထောက်၍ သူက အတော်သရမ်းသူဖြစ်မည်။ တည်ဆောက်ပြုပြင် မာဂဓတခွင်လုပ်ရုံလေးနှင့် တာဝတိံနတ်ပြည်ကို သိမ်းပိုက်ထားသည်မှာ ကမ္ဘာတည်သမျှဖြစ်သည်။ တကယ်တော့ သူ့နေရာမှာ မိုက်ကရိုဆော့ဖ် သူဌေးကြီး ဘီးလ်ဂိတ်ကို အစားထိုးသင့်သည်။ မာဂဓလို နေရာသေးသေးလေးထက် ကမ္ဘာကြီး၏ကောင်းကျိုးကို ဆောင်ရွက်သူက ပိုပြီးသိကြား မဖြစ်ထိုက်ပေဘူးလား။
ထားပါတော့ ရိုဆက်တီက ကျွန်တော့်ကို နတ်ပြည်၏ တံခါးမှူးတာဝန်ပေးခဲ့ပြီ။ ကျွန်တော်က သိုးလေးတွေကို လှမ်းအော်ခေါ်ပြီး နတ်ပြည်ထဲ သွင်းလိုက်သည်။ သိကြားမင်း သိလည်းဘာဖြစ်လဲ။ နတ်မိဖုရားလေးပါးက နတ်ဝတ်တန်ဆာတွေ မဝတ်ချင်တော့ဘူး၊ အပြောင်းအလဲအဖြစ် သိုးမွေးအင်္ကျီဝတ်ချင်လို့ သိုးမွေးခိုင်းလို့ပါဟု လျှောက်လိုက်မည်။
နောက်လူ့ပြည်က ငမိုက်သားတွေ တက်လာခဲ့သော် ရိုဆက်တီ၏ နတ်သိုးလေးတွေကိုပြပြီး “ ငါတို့နတ်ပြည်က ငါးပါးသီလလုံရင် လူမပြောနဲ့ သိုးတောင်လက်ခံတယ်ကွ၊ ငါးပါးသီလကို ဝေရာမဏိဖြုတ်ပြီး အသုပ်စုံလုပ်စားတဲ့ကောင်တွေ ခုချက်ချင်း ငရဲကိုဒိုးစမ်း” ဟု ပြောရသည်မှာ စိတ်ကူးရုံဖြင့် အရသာရှိလှသည်။
မိဘပြည်သူများ ဘေးကင်းရန်ကွာ စိတ်ချမ်းသာပါစေ ...
ချစ်ခင်စွာ…
နတ်မှူး
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
