အမေရိကန်စစ်တပ်က ဗင်နီဇွဲလား သမ္မတကို ဖမ်းဆီးခြင်းနဲ့ ကမ္ဘာ့နဲ့ မြန်မာအပေါ် သက်ရောက်နိုင်ခြေ
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၃ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၄ ၊ ၂၀၂၆
အမေရိကန်စစ်တပ်က ဗင်နီဇွဲလား သမ္မတကို ဖမ်းဆီးခြင်းနဲ့ ကမ္ဘာ့နဲ့ မြန်မာအပေါ် သက်ရောက်နိုင်ခြေ
၂၀၂၆ ခုနှစ်ကူးပြောင်းပြီး ၃ ရက်မြောက်နေ့ ဖြစ်တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ နံနက်မှာ ဗင်နီဇွဲလားနိုင်ငံ သမ္မတကို အမေရိကန် တပ်ဖွဲ့က ယင်းနိုင်ငံမြို့တော် ကာရကတ်စ်မှာ သွားရောက်ဖမ်းဆီးပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တော်ကို ခေါ်ဆောင်လာနေပြီလို့ သတင်းဌာနတွေက breaking news အဖြစ်နဲ့ ဖော်ပြနေကြပါတယ်။ သမ္မတ မာဒူရိုကို ဖမ်းဆီးခြင်း မပြုမီမှာ ကာရကတ်စ် မြို့တော်ကို ရုတ်တရက် လေကြောင်းတိုက်ခိုက်မှုတွေကို အမေရိကန်စစ်တပ်က လုပ်ဆောင်ခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
ကမ္ဘာမှာ အကြီးမားဆုံး ရေနံသယံဇာတ အရင်းအမြစ်တွေ ရှိတဲ့ ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်ပြည်ထောင်စုဆီ မူးယစ်ဆေးတင်ပို့နေတဲ့ နိုင်ငံအဖြစ် သမ္မတ ထရန့်က လအတန်ကြာကတည်းက စွပ်စွဲပြောဆိုနေခဲ့ပြီးနောက် မကြာသေးတဲ့ လအနည်းငယ်မှာတော့ ကာရစ်ဘီယန် ပင်လယ်ထဲက မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်တဲ့ လှေတွေလို့ အမေရိကန် စစ်တပ်က ပြောဆိုတဲ့ လှေအစင်းများစွာကို လေကြောင်းကနေ ပစ်ခတ်နှစ်မြှုပ်နေခဲ့တာ ဖြစ်ပြီး ရက်ပိုင်းအလိုမှာတော့ ဗင်နီဇွဲလားနိုင်ငံက ရေနံတင်ဆောင်လာတဲ့ ရေနံတင်သင်္ဘော ၂ စီးကိုလည်း အမေရိကန် ရေတပ်က တားဆီး ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို အမေရိကန်ပြည်ထောင်စုအနေနဲ့ သမ္မတတဦးကို ဖမ်းဆီးခြင်းဟာ ဗင်နီဇွဲလားနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီး တပ်စွဲကာ အစိုးရသစ်ဖွဲ့စည်းရေးတွေအထိ ပါဝင်စွက်ဖက်တဲ့ အထိ ရည်ရွယ်ချက် ရှိ၊ မရှိတော့ ရှင်းရှင်းလင်းလင်း မသိရှိနိုင်သေးပါဘူး။ အမေရိကန်ပြည်ထောင်စုနဲ့ ကာရစ်ဘီယန် ပင်လယ်ခြားပြီး တောင်အမေရိကတိုက် အရှေ့တောင်ဘက်မှာ တည်ရှိတဲ့ လက်တင်အမေရိကနိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်တာ၊ နိုင်ငံတနိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှု ဆိုတဲ့ နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး မူးယစ်ဆေးဝါးမှောင်ခို တင်ပို့ရာမှာ တာဝန်ရှိသူအဖြစ် ပုံဖော်ကာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လုပ်ရပ်က တောင်အမေရိက နိုင်ငံတွေ၊ ကာရစ်ဘီယန် နိုင်ငံတွေကို တုန်လှုပ်စေမှာ ဖြစ်ပါတယ်။
သမ္မတထရန့်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ နိုင်ငံရေး အယူဝါဒ၊ အာဏာရှင် စနစ်၊ ဒီမိုကရေစီ စနစ်စတဲ့အရာတွေကို အလေးထားခြင်းထက် သယံဇာတ၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး အကျိုးအမြတ်တို့ကိုသာ အဓိကထားတယ်ဆိုတဲ့ အချက်ကို အများက သိရှိသဘောပေါက်ထားပြီး ဖြစ်ပါတယ်။ အခု ဗင်နီဇွဲလားနိုင်ငံ သမ္မတကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းရဲ့ အကြောင်းရင်းဟာ အာဏာရှင်ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မဆိုင်ဘဲ ကမ္ဘာမှာ အကြီးမားဆုံး ရေနံအရင်းအမြစ်ရှိတဲ့ ဗင်နီဇွဲလားနိုင်ငံ ရဲ့ သယံဇာတတွေကနေ အမေရိကန်ကုမ္ပဏီကြီးတွေ စီးပွားရေး ရင်းနှီးမြှုပ်နှံနိုင်ဖို့ အခွင့်အလမ်းရဖို့ ဦးတည်တယ်ဆိုတာ ထင်ရှားတဲ့ အချက်ဖြစ်ပါတယ်။
အမေရိကန် နဲ့ ခိုင်မာတဲ့ မဟာမိတ်နိုင်ငံတွေ ဖြစ်တဲ့ ကနေဒါ၊ ဒိန်းမတ်တို့လို နိုင်ငံတွေကိုတောင် အမေရိကန် ကုမ္ပဏီကြီးတွေရဲ့ အကျိုးစီးပွားအတွက် နိုင်ငံကို လက်အောက်ခံ ပြည်နယ်အဖြစ် ပူးပေါင်းဖို့၊ ဂရင်းလန်းကျွန်းကို ငှားရမ်းဖို့ အထိ မျက်နှာပြောင်ပြောင်နဲ့ ပြောဆိုခဲ့တဲ့ အဖြစ်ကိုကြည့်ရင် ဗင်နီဇွဲလားနိုင်ငံလို မဟာမိတ်နိုင်ငံလည်း မဟုတ်ဘဲ၊ အုပ်ချုပ်ရေးအရ အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတဲ့ သမ္မတကို ဖြုတ်ချခြင်းရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ဟာ သယံဇာတ အကျိုးအမြတ်သာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။
သမ္မတ ထရန့်လက်ထက်မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ အခြား နိုင်ငံတနိုင်ငံကို စစ်ရေးအရ ကျူးကျော်ဝင်ရောက်ကာ တိုက်ခိုက်လိမ့်မှာ မဟုတ်ဘူးလို့ ယူဆချက်တွေကို ခုဖြစ်ရပ်က မှားယွင်းကြောင်း သက်သေပြလိုက်သလို ဖြစ်စေပြီး နကိုကတည်းက ကမ္ဘာ့ကြီးမှာ မတည်မငြိမ်ဖြစ်ပွားနေတဲ့ နေရာတွေ များပြားလာနေချိန်၊ နိုင်ငံ အတော်များများက စစ်ရေး အသုံးစရိတ်တွေ တိုးမြှင့်သုံးစွဲကာ လက်နက်ပစ္စည်းတွေ၊ စစ်သားစုဆောင်းမှုတွေ လုပ်နေချိန်မှာ အခုဖြစ်ရပ်က မီးလောင်ရာ လေပင့်ဖြစ်စေနိုင်တာ အသေအချာပဲ ဖြစ်ပါတယ်။
ကမ္ဘာမှာ စစ်ရေး၊ စီးပွားရေး အင်အားကြီးနိုင်ငံတွေ ၁ နိုင်ငံ ၂ နိုင်ငံထဲ မဟုတ်တော့ဘဲ အများအပြားဖြစ်လာနေချိန်မှာ နိုင်ငံတွေ ပေါင်းစုဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေက ချမှတ်သဘောတူထားချက်တွေကို ချိုးဖောက်ကာ အင်အားသာလျှင် အဆုံးအဖြတ်ဖြစ်တယ်ဆိုတဲ့ အယူအဆကို အားပေးသလို ဖြစ်စေမှာလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်နှာ ရုရှားက ယူကရိန်းကို စစ်ရေးအရ ဝင်တိုက်တဲ့ အဖြစ်အပျက်ကို ပြီးဆုံးဖို့ ကြိုးစားနေချိန်၊ အရှေ့အာရှမှာ ထိုင်ဝမ်ကို တရုတ်က စစ်ရေးအင်အားနဲ့ ပြန်လည်ပေါင်းစည်းရေး လုပ်မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေချိန်၊ ဂျပန်နိုင်ငံက စစ်အင်အား တိုးမြှင့်ဖို့ အသုံးစရိတ်တွေ ပိုသုံးစွဲဖို့ ဆုံးဖြတ်လာတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတာပါ။ အရှေ့ အလယ်ပိုင်းမှာ အီရန်၊ အစ္စရေးလ်၊ ဂါဇာအရေး စတာတွေကြောင့် မတည်မငြိမ် ဖြစ်နေချိန်မှာ အခုဖြစ်ရပ်က ပိုမိုပြီး စစ်ရေးအရ၊ နိုင်ငံရေးအရ အုပ်စုဖွဲ့ကြဖို့ စေ့ဆော်သလို ဖြစ်စေမှာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုက အခုလို နိုင်ငံတနိုင်ငံရဲ့ သမ္မတကို ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဟာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်အဖို့ စိုးရိမ်စရာအဖြစ်အပျက်တခု အဖြစ်နဲ့ ရှုမြင်မှာ အသေအချာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နိုင်ခြေရှိတယ်ဆိုတဲ့ ကောက်ချက်မျိုး မချနိုင်ပေမယ့် ကမ္ဘာ့အင်အားကြီးနိုင်ငံ တွေအနေနဲ့ အခြားနိုင်ငံ တနိုင်ငံရဲ့ သမ္မတလိုမျိုးကို ဖြုတ်ချချင်ရင် ဖြတ်ချနိုင်တယ်ဆိုတဲ့ သာဓကက အာဏာရှင်ခေါင်းဆောင်တွေကို စိုးရိမ်မှုတခု ဖြစ်စေတဲ့ သဘောဖြစ်ပါတယ်။ အခြားတဖက်မှာလည်း ဒီလို အလားအလာမျိုး မကြုံတွေ့ရအောင် မြန်မာစစ်တပ်အနေနဲ့ အခြားအင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ ရုရှား၊ တရုတ်တို့လို နိုင်ငံတွေကို သံတမန်ရေး၊ စစ်ရေးအရ ပိုအားကိုးဖို့ တွန်းပို့သလို ဖြစ်စေနိုင်ပါတယ်။
ဖြစ်နိုင်ခြေ တခုက တရုတ်နိုင်ငံနဲ့ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့၊ ပြည်တွင်းစစ် တိုက်ခိုက်နေရာမှာလည်း တရုတ်နိုင်ငံထံမှ စစ်လက်နက်ပိုမို ဝယ်ယူဖို့ အနေအထားတွေဆီ တွန်းပို့စေနိုင်တာလည်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံက မဟာဗျူဟာအရ အရေးမကြီးတဲ့ အနေအထားဖြစ်ခြင်းက အာဏာသိမ်းစစ်တပ် အနေနဲ့ စိတ်သက်သာရစေလိမ့်မှာ ဖြစ်ပါတယ်။ ရေနံ သယံဇာတမရှိ၊ မြေရှားထွက်ရှိရာ ကချင်ပြည်နယ်က တရုတ်နယ်စပ်နဲ့ ထိစပ်နေတာကြောင့် ဒီအနေအထားထိ တိုးဖို့ အလားအလာနည်းပါးခြင်းတွေက တနည်းအားဖြင့် စိတ်သက်သာရ ရစေမယ့် အကြောင်းအချက်တွေ ဖြစ်နိုင်ပါတယ်။
သို့ပေမဲ့ လတ်တလော ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေ ကိစ္စက အမေရိကန်ပြည်ထောင်စုအတွက် မြန်မာ့အရေးမှာ စွက်ဖက်ဖို့ အကြောင်းပြချက်တခု ဖြစ်စေနိုင်တာကိုလည်း အာဏာသိမ်းစစ်တပ် အနေနဲ့ မေ့ထားလို့မရတာ အသေအချာ ဖြစ်ပါတယ်။ ကျားဖြန့်နှိမ်နှင်းရေးကို ပိုမိုအားစိုက်လုပ်ဆောင်ပြီး အမေရိကန် အကျိုးစီးပွားထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက် အားနည်းအောင် လုပ်ဆောင်နိုင်ခြေလည်း ရှိနေတယ်လို့ ဆိုနိုင်မယ့် အနေအထားဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar