Breaking News

လေခဏီ - စစ်တပ် နိဋ္ဌိတံချိန်

လေခဏီ - စစ်တပ် နိဋ္ဌိတံချိန်

မိုးမခ ၊ ဇန်နဝါရီ ၄ ၊ ၂၀၂၅


စစ်တပ်က တပြည်လုံးကို သူ ပိုင်သည်ဟု ထင်ရုံမက ငါပိုင်ဟုလည်း ကျကျနနပင် မှတ်တမ်းထိုးကြသည်။ ထို့ကြောင့် ဘယ်သူ့အသက် သတ်သတ် သတ်ခွင့်ရှိပြီး ထိုသို့ သတ်ခြင်းကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းဟု ကင်ပွန်းတပ်ကြသည်။ ထိုနည်းတူ လူသတ်လက်နက်ဖြစ်သောသေနတ်ကိုလည်း သူတို့သာ ကိုင်ဆောင်ခွင့်ရှိသည်ဟု သဘောထားသေးသည်။ သူများကိုင်လျှင် ဥပဒေနှင့်မညီဟု သတ်မှတ်ပြီး သူတို့ကို ပြန်ခုခံသတ်ဖြတ်လျှင်လည်း လူသတ်မှု၊ အစုအဖွဲ့နှင့်တိုက်ခိုက်သည်မျိုးဆိုလျှင် အကြမ်းဖက်မှုအဖြစ် တထစ်ချမှတ်ယူသည်။ ရွာတွေ ရပ်တွေ မြို့တွေကို မီးရှို့လို့ရသည်၊ ဖြိုဖျက်လို့ရသည်ဟုလည်း မှတ်ပြန်သေးသည်။ အသို့ ရှို့ခြင်း ဖျက်ဆီးခြင်းသည် စစ်ကြောင်းထိုးခြင်း၊ နယ်မြေရှင်းလင်းခြင်း၊ တိုင်းပြည်ကို စောင့်ရှောက်ခြင်းဟု သမုတ်ပြန်သည်။ လူသတ်လက်နက် သေနတ်ချင်းအတူတူ သူတို့မို့ကိုင်လျှင် တိုင်းပြည်ကာကွယ်ရေးဟု အတိအလင်းဆိုကာ သူများကိုင်လျှင်တော့ တိုင်းပြည်ဖျက်ဆီးရေးဟု ဆိုင်းဘုတ်တင်တတ်သည်။ အကြမ်းဖက်လက်နက်ကိုင်ဟု သုံးနှုန်းသေးသည်။ သူတို့ ကိုင်ထားလျှင်တော့ ဆေးထိုးအပ်ထက်ပင် အသက်ကယ်နိုင်သယောင်ယောင်။ အရပ်သားတွေ နေထိုင်သည့် မြို့ရွာများကို ထင်သလို လက်နက်ကြီးနှင့် ပစ်နေသည့် စိတ်ဓာတ်၊ စာသင်ကျောင်းတွေ ဆေးရုံတွေ၊ ဘုန်းကြီးကျောင်းတွေမချန် ထင်သလို ဗုံးကြဲနေသည့်စိတ်ဓာတ်၊ ဤသို့ မွေးကင်းစကလေးငယ်ပါမချန် သတ်ဖြတ်နေသည့် လေတပ်ကို စစ်အင်အားတိုးပေးအုံးမည် ပြောသည့် စိတ်ဓာတ်ကလည်း တိုင်းပြည်ကို ငါတို့ပိုင်သည်၊ ပြည်သူပြည်သားကိုလည်း အကြိုက်သတ်ခွင့်ရှိသည်ကနေ လာသည်ပင်။

စစ်ခေါင်းဆောင်အဆက်ဆက် တိုင်းပြည်ကို သူတို့ ပိုင်သည်ဟု တက်တူးထိုးထားသည့်အတွက်ကြောင့် သယံဇာတ ဆိုလျှင်လည်း မူလ နေထိုင်နေသူတို့နှင့် ဘာမှမဆိုင် သူတို့ချိုင်ချင်လျှင် ချိုင်လို့ရ၊ သူတို့ ခုတ်စေချင်သူ ခုတ်လို့ရ၊ သူတို့ တူးချင်လျှင် တူးလို့ရ၊ သူတို့ ရောင်းချင်သည့် ဈေးနှင့်ရောင်းချင်သလို ရောင်းလို့ရသည်ဟုလည်း သဘောထားကာ သယံဇာတမှ ရငွေကိုလည်း သုံးချင်သလို သုံးလိုက်သေးသည်။ သူများ တူးလျှင် ခုတ်လျှင် ခိုးသည်ဟု ယူဆကာ သေဒဏ် ထောင်ဒဏ်ပင် ခတ်လိုက်ပြီး ထိုသို့လုပ်သည်ကလည်း တိုင်းပြည်ကို စောင့်ရှောက်ကာကွယ်ခြင်းအမှု ဖြစ်ပြန်သေးသည်။ ခုလည်း မြစ်ဆုံစီမံကိန်းကို သူ လုပ်ချင်လျှင် လုပ်မည်၊ မည်သည့် ပြည်သူ့ဆန္ဒ ဒေသခံဆန္ဒကိုမျှ နားထောင်စရာမလို ဆိုသည့်သဘော။ 

ဘယ်လောက် မောင်ပိုင်စီးသနည်းဟူမူ လယ်မြေ ယာမြေအဖြစ် သူ သတ်မှတ်ပေးလို့ရသည်။ ခိုင်းသည့်အတိုင်း စိုက်ပျိုးရသည်။ ထွက်လာသည့်သီးနှံကိုလည်း သူ တောင်းသလောက်ကို သူပေးသလောက်ဈေးနှင့်ရောင်းရသည်။ တိုင်းရင်းသားနယ်မြေများကိုလည်း သူ သတ်မှတ်တိုင်းထွာပေးမှရသည်ဆိုပြီး ဘယ်၍ဘယ်မျှက ဘာနယ်၊ ဘာလူမျိုးနှင့်ဆိုင်သည်ဆိုကာ ခွဲတမ်းချပေးသည်။ မင်းကိုဖြင့် ပြည်နယ်ပေးမည်။ သင်းကိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပဲ ပေးမည်။ ဒင်းကိုတော့ ဘာမျှမပေး စသဖြင့် သူ မွေးထားသည့် ကလေးများ မုန့်ခွဲဝေပေးသလို လုပ်ပြန်သေးသည်။ ဘယ်နေရာကတော့ဖြင့် တပ်ပိုင်၊ ဘယ်ဒေသမှာဖြင့် တပ်မြို့၊ ဘယ်မှာတော့ဖြင့် တပ်ကုန်း၊ ဘယ်ဆီဖြင့် တပ်နယ်၊ ဘယ်အရပ်က အကျိုးကုန်း၊ ဘယ်ဝယ် မုဆိုးမရွာ၊ ဘယ်၌ ဗိုလ်ချုပ်ရွာ စသဖြင့်လည်း အခန့်သင့်ယူလိုက်သေးသည်။ 

ဤနိုင်ငံတွင် မွေး၍ ဤဒေသတွင် ကြီးပြင်းပါသော်လည်း နိုင်ငံသားဖြစ်ခြင်းကလည်း သူ ခွင့်ပြုမှရသယောင်လုပ်ပြန်သေးသည်။ သူခွင့်ပြုလျှင်တော့ အင်္ဂါဂြိုဟ်မှာမွေးလည်း နိုင်ငံသားပင်။ တချို့ မွေးကတည်းကနေ အသက်ခြောက်ဆယ် ခုနှစ်ဆယ်သက်တမ်းသာကုန်သွားရော၊ နိုင်ငံသားဖြစ်မသွားကြရှာ။ တချို့ကတော့ မြန်မာပြည် မရောက်ဖူးခင်ကတည်းက နိုင်ငံသားဖြစ်နှင့်သည်။

စစ်တပ်လို့သာဆိုသည်၊ နိုင်ငံရေးစနစ် ဆိုလျှင်လည်း သူ ချပေးသည့် ဘုရားစူး မြန်မာ့နည်းမြန်မာ့ဟန် တပါတီ ဆိုရှယ်လစ်စနစ်၊ ပါတီစုံဒီမိုကရေစီစနစ် ဆိုသဟာများနှင့် နှစ်ပါးသွားရသည်။ တက်လာသည့် အရပ်သားအစိုးရများကို ဖြုတ်ချချင်သည့်အချိန် ဖြုတ်ချပြီး ရွေးကောက်ပွဲနိုင်လျှင်လည်း အာဏာမလွှဲတတ်သော်ငြား ရွေးကောက်ပွဲကလည်း ခနခန လုပ်ပြန်သေးသည်။ စစ်လည်းတိုက် မဲလည်းထည့်ဟု မင်းသားခေါင်းစွပ်ထားသည့် ဘီလူးပီပီ မီးတဖက် ရေတဖက် စကားကို လှည့် ဆိုနေပြန်သေးသည်။ 

ဤသို့လျှင် နိုင်ငံရေးကိုလည်း စစ်တပ်ပိုင်လုပ်ငန်းခွဲတခုဟု သဘောထားပြီး ငြိမ်းချမ်းရေးလည်း ထိုနည်းနှင်နှင်ပင်။ သူ မငြိမ်းချမ်းစေချင်လျှင် ဘယ်သူမှ ငြိမ်းချမ်းလို့မရ။ သူ ငြိမ်းချမ်းစေချင်သလောက်သာ ငြိမ်းချမ်းရမည်။ စစ်ပြေးစစ်ရှောင် ဆိုသည်များ နယ်စပ်တိုင်းမှာ နှစ်ပေါင်းများစွာကြာပေပြီ။ တဖက်နိုင်ငံသား ဖြစ်သွားသူများဒုနဲ့ဒေး၊ တခြားနိုင်ငံသား ဖြစ်သွားသူများ မရေနိုင်၊ စစ်ကြောင့် သူတပါးနိုင်ငံ သွားအလုပ်လုပ်နေကြသူများကတော့ ဆယ်သန်းပင်ကျော်ရော့မည်။ ပြည်တွင်း ကျန်သူများအဖို့လည်း ငရဲပြည် ရောက်နေရသည်နှင့် မခြားပင်။ အခုဆို လူငယ်လူရွယ်မှန်သမျှ စစ်တပ်အတွက် အသက်အငှားလိုက်နေရသည်။ နိုင်ငံကိုသာမက နိုင်ငံသားများကိုပါ သူပိုင်လုပ်ထားသည်။ ဘယ်နေ့ ဘယ်သူ အသေခံသင်တန်းတက်ရမည်။ မြန်မြန်မသေချင်လျှင် များများသတ်ရမည်။ သတ်ရမည်ကလည်း ကိုယ့်အရပ်သားအချင်းချင်း၊ ကိုယ့်ဆွေကိုယ်မျိုးချင်း၊ ကိုယ့်အပေါင်းအသင်းချင်း ဖြစ်သည်။ အပြင်ထွက်သွားသည့် နိုင်ငံသားများကိုတော့ အလုပ်လုပ်ပြီး ငွေပြန်ပို့ခိုင်းသည်။ ပို့သည့်ငွေဖြင့် ပို့သူတို့ မိသားစုဆွေမျိုးများကို သတ်ရန် ဖြစ်သည်။

ခုတော့ မျိုးဆက်သစ်လူငယ်များက စတင်ပြီး စစ်တပ်၏သဘောထားကို ပြောင်းပြန်လှန်ပေးလိုက်ပြီ။ နိုင်ငံကို ပိုင်ဆိုင်ခွင့်မပေးတော့။ နိုင်ငံသည် တပ်နှင့်မဆိုင် တပ်ပိုင်မဟုတ်၊ တပ်သည်သာ နိုင်ငံပိုင် ဖြစ်သည်။ တို့ပြည် ဒို့အုပ်မည်။ တို့တိုင်း တို့သဘော။ တို့မြို့ တို့ပိုင်သည်။ တို့လူမျိုးကိစ္စ တို့စီမံမည်။ တို့နယ်အရေး တို့တွေးမည်။ သင်နှင့် ဘာဆိုဘာမှ မဆိုင်။ တို့သယံဇာတလည်း မင်းမိဖပိုင် မဟုတ်။ ခွတုတ်ဖို့ မစဉ်းစားနှင့်တော့။ သင်းတို့ကို တိုင်းပြည်က မွေးထား ကျွေးထားတာကို သိစေဖို့ လည်ပင်းနင်း နုတ်ထုတ်ပြပြီ။ သင်းတို့ကို ကာကွယ်ရေးတပ်ဟု မသတ်မှတ်တော့။ လူသတ်ရာဇဝတ်ဂိုဏ်းဟု သဘောထားလိုက်ပြီ။ ရှိသမျှလူမျိုးပေါင်းစုံက ကိုယ့်ရပ်ကိုယ့်ဒေသ ကိုယ့်သယံဇာတ ကိုယ့်လူမျိုး ကိုယ့်ရိုးရာ ကိုယ့်ယဉ်ကျေးမှုကို ကာကွယ်ဖို့ တပ်အသီးသီး ဖွဲ့စည်းလိုက်ကြပြီး ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်နေကြပြီ။ တပြည်လုံးအပေါ် လွှမ်းမိုးထားသည့် မကောင်းဆိုးဝါးစစ်တပ် မရှိမှ ကိုယ့်လူ့ဘဝကို လူလိုနေရတော့မည်မှန်း အားလုံး လက်ခံထားကြပြီ။ စစ်ရှောင်စစ်ပုန်းစစ်ပြေးအဖြစ် မျိုးဆက်ဒုက္ခ ဖြတ်တောက်ကြတော့မည်။ စစ်တပ်ကို နိုင်ငံ့အရေးနှင့်ဆိုဖို့ ပိုင်ဖို့မပြောနှင့်၊ စစ်တပ်အဖြစ် နိုင်ငံတွင်းမှာပင် ဆက်လက် မထားနိုင်ကြတော့။

စစ်တပ် နိဋ္ဌိတံချိန်ကျပေပြီတကား။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar