Breaking News

ဖလော်ဒါဟန် - တူညီသည့် ပြယုဂ်များ

ဖလော်ဒါဟန် - တူညီသည့် ပြယုဂ်များ

မိုးမခ ၊ ဇန်နဝါရီ ၂၄ ၊ ၂၀၂၆


ဆောင်းအကုန် နွေအကူးလေးမှာ မမိုးရင် မြို့တက်ခဲ့တယ်။

အသိမိတ်ဆွေများရဲ့ သတင်းစကားလေးအရ စစ်ရှောင်လေးတွေ နေတဲ့ နေရာမှာ သူတို့အတွက် အသုံးဝင်ပေမဲ့ ငွေကြေးအခက်အခဲကြောင့် ပါလာတဲ့ပစ္စည်းလေးတွေကို ပြန်ရောင်းနေကြတယ်။

မြကန်သာ ဆိုသည်မှာ မြို့နဲ့မနီးမဝေးပါဘဲ။ သို့ပေမဲ့ လက်နက်ကြီး ထုတာရယ်၊ လေယာဉ်ဗုံးဆန်ရယ်၊ စစ်ကြောင်းများကြောင့် ပြေးလာရတဲ့စစ်ရှောင်တွေ အနီးဝန်းကျင် နေရာအနှံ့မှာ ရောက်နေပါပြီ။

မမ်ုးရင်ကလည်း ငွေကြေးပြည့်စုံတဲ့ထဲ မပါပေမဲ့လည်း ဘဝတူချင်းမှာ အဆင်မပြေတာချင်း တူရင်တောင် အခက်အခဲမရှိ နေထိုင်နေရတဲ့ အချိန်လေးမှာ တယောက်ကိုတယောက် ကူညီနိုင်ဖို့ကြိုးစားမိတယ်။

မမိုးရင်လည်း အိမ်ဈေးဆိုင်လေးနဲ့ တရက်ဝင်ငွေ ဈေးဖိုးလေးရဖို့ မနည်းရုန်းကန်းရတယ်။

တလောက မိခင်ကြီး ပစ္စည်းလေး ထုခွဲပြီး ရေခဲသေတ္တာအဟောင်းလေး ဝယ်နိုင်ဖို့ ကြိုးစားမိချိန်အခုလို စစ်ရှောင်မိတ်ဆွေများဆီကနေ‌ လက်ကျပစ္စည်းလေးတွေကို ဝယ်ခဲ့တယ်။

ပြည့်ကြပ်နေတဲ့ ကျောင်းဆောင်ပေါ်မှာ မိသားစတွေ ရရာအလုပ် ကြုံရာအလုပ်ဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေကြတယ်။

ကမ္ဘာကြီးက အရှေ့ နောက် တောင် မြောက်မှာ အဆင်ပြေသူများကလည်း တဖက်ခြမ်းမှာ မဟုတ်ပါဘူး။ အနီးအနားမှာရှိနေကြပေမဲ့ မသိသူတွေ အများကြီးပါ။

အိုးအိမ်ပစ်ခဲ့ရလို့ စီးပွားလည်းပျက် ရွာမပြန်နိုင်သူတွေ အခုဆို နေရာအနှံ့မှာ ရှိနေကြပါပြီ။ အဆင်ပြေသလို နေကြရင်း ဘဝအသစ်မဟုတ်တဲ့ ဘဝရဲ့ စနစ်ပျက်ခေတ်ကြီးကို ဖြတ်ကျော်ကြရတယ်

တလောက နွားထိုနဲ့ မြို့သာကြားမှာရှိတဲ့ ဘောလုံးကစား‌နေကြတဲ့ ဘောလုံးကွင်းကို ဗုံးကြဲခံရတယ်။

ရွာမှ ပညာတတ်များစွာအပြင် ကျောင်းသားလူငယ်များစွာ မွေးထုတ်ပေးနေသည့် စံပြရွာကိုတောင် အပြစ်မရှိ အပြစ်ရှာပြီး လူသားစွမ်းအားအရင်းအမြစ်များကို ဖျက်ဆီးပစ်နေခြင်းသည် လူမဆန်သည့် မြန်မာစစ်တပ်ရဲ့ လုပ်ရပ်များပါ။

မမိုးရင်ရဲ့ ဘဝ စားဝတ်နေရေးသည် ရာသီစက်ဝန်းတခုမှ တခု ကူးပြောင်းခဲ့ရသလို အခုလို စစ်ရှောင်များရဲ့ ဘဝကို ကိုယ်ချင်းစာနာစိတ် အပြည့်ဖြင့် မိမိတတ်နိုင်သည့် အနေအထားလေးဖြင့်ကူညီဖြည့်တည်းပေနိုင်ခဲ့လို့ ပီတိဖြစ်ရသလို အခန်ကျဉ်း အခန်းငယ်လေးထဲမှာ ပတ်ဝန်းကျင် ဆိုသည်ကို မဝင်ဆံ့ရဲတဲ့ တောသူတောင်သားများဘဝအခြေအနေတွေကိုလည်း မြင်ယောင်ရင်း။

အသက်ဘေးမှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းနေမိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar