စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းပြီးဆုံး
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၅ မြင်ကွင်း
မိုးမခ ၊ ဇန်နဝါရီ ၂၆၊ ၂၀၂၆
စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းပြီးဆုံး
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ကျင်းပပေးတဲ့ ရွေးကောက်ပွဲ တတိယ နဲ့ နောက်ဆုံးအပိုင်း ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ရှိတဲ့အနက် ပထမပိုင်းမှာ ၁၀၂ မြို့နယ်၊ ဒုတိယပိုင်းမှာ ၁၀၀ နဲ့ တတိယပိုင်းမှာ ၆၃ မြို့နယ် ကျင်းပတယ် ဆိုတာကြောင့် စုစုပေါင်း ၂၆၅ မြို့နယ်ကျင်းပတယ်လို့ ဆိုပြီး ကျန် ၆၅ မြို့နယ်မှာတော့ လုံးဝကျင်းပခြင်း မရှိပါဘူး။ သို့ပေမဲ့လည်း အဆိုပါ ၂၆၅ မြို့နယ်ထဲက အချို့သော မြို့နယ်တွေမှာ ကျင်းပတယ်ဆိုရုံမျှ သဘောမျိုးသာ လုပ်ခဲ့တာဖြစ်ပါတယ်။ လုံခြုံရေးအနေအထားကြောင့် ရွေးကောက်ပွဲကို တနိုင်ငံလုံး မကျင်းပနိုင်တဲ့အပြင် တပြိုင်နက်ထဲလည်း မကျင်းပနိုင်ခဲ့ပါဘူး။ တော်လှန်ရေး လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေ၊ ပြည်နယ်တွေ၊ ကျေးရွာတွေမှာ လုံးဝကျင်းပနိုင်ခြင်း မရှိသလို တော်လှန်ရေး လက်နက်ကိုင်တွေလည်း ကောင်းကောင်း မထိန်းချုပ်နိုင်သလို စစ်တပ်ကလည်း ကောင်းကောင်း မထိန်းချုပ်နိုင်တဲ့ နယ်တွေမှာလည်း ကျင်းပနိုင်ခြင်း မရှိတာတွေ့ရပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ဘာကြောင့် ၃ ပိုင်းခွဲကျင်းပရသလဲလို့ မေးရင် ရွေးကောက်ပွဲ ကျင်းပတဲ့ ဧရိယာတွေကို ချထားမယ့် လုံခြုံရေးတပ်အင်အား အလုံအလောက် မရှိတာကြောင့် တနေရာကျင်းပပြီးနောက် အဲဒီလုံခြုံရေးအင်အားကို နောက်တပိုင်းကျင်းပမယ့် နေရာကို ရွှေ့ပြောင်းရတာကြောင့်လို့ ယူဆရပါတယ်။ ဆယ်စုနှစ် ခုနှစ်ခုကျော်ကာလအတွင်းမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေ အနက် ကျင်းပနိုင်တဲ့ နယ်မြေအရေအတွက် ကျယ်ပြန့်မှု အနည်းဆုံး ရွေးကောက်ပွဲ တခုအဖြစ်လည်း သမိုင်းမှာ မှတ်တမ်းတင်ရမှာ ဖြစ်သလို လွတ်လပ်မှုမရှိဆုံး ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတခုအဖြစ်လည်း မှတ်တမ်းတင်ကြရမှာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အကြောင်းပြုကာ စစ်တပ်က အာဏာသိမ်းခဲ့ရာက ၅ နှစ်အကြာမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က ကြီးကြပ်ပြီးကျင်းပတဲ့ ရွေးကောက်ပွဲဟာ ထွက်စေချင်တဲ့ ရလဒ်ရအောင် ကြိုတင်စီစဥ် လုပ်ဆောင်တဲ့ ရွေးကောက်ပွဲ တခုအဖြစ် မြန်မာနိုင်ငံတွင်းကရော နိုင်ငံတကာကပါ ရှုမြင်ကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လပိုင်းကမှ စစ်တပ်က အနားယူပြီး ကြံ့ခိုင်ရေးပါတီထဲ ဝင်ရောက်သွားကြသူတွေ ခေါင်းဆောင်မယ့် အစိုးရအဖွဲ့နဲ့ မကြာမီလပိုင်းမှာ ဖွဲ့စည်း ထွက်ပေါ်လာလိမ့်မှာလည်း ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲက မဲမသမာမှုတွေရှိတယ် မဲစာရင်းမှားယွင်းမှုတွေ ရှိခဲ့တယ်လို့ စစ်တပ်က စွပ်စွဲခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ် ကျင်းပတဲ့ ရွေးကောက်ပွဲက လွတ်လပ်ရေးရပြီးနောက် မြန်မာ့သမိုင်းမှာ လွတ်လပ်မှု မရှိဆုံး၊ အကြမ်းဖက်တိုက်ခိုက်မှု အခံရဆုံး၊ ကျင်းပနိုင်တဲ့ နယ်မြေအကျယ်အဝန်း အနည်းဆုံး ရွေးကောက်ပွဲတခု အဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့ပြီ ဖြစ်ပါတယ်။
လွတ်လပ်ရေး ရပြီးနောက် ရွေးကောက်ပွဲတွေထဲမှာ အကြမ်းဖက်မှု အများဆုံးလို့ ဆိုကြတဲ့ ဖဆပလ ခေတ်က တည်မြဲ သန့်ရှင်း ကွဲပြီးနောက် ရွေးကောက်ပွဲတွေထက် လူအသက်ထိခိုက်သေဆုံးမှု အများဆုံး ရွေးကောက်ပွဲလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အတွက်ဆိုပြီး သန်းခေါင်စာရင်း စတင်ကောက်ယူစဥ်ကတည်း သန်းခေါင်စာရင်း ကောက်ယူတဲ့ ဝန်ထမ်းတွေ ဖမ်းဆီးခံရတာ ဖောက်ခွဲ ပစ်ခတ်ခံရတာတွေကြောင့် ဒဏ်ရာရတာ သေဆုံးတာတွေ ရှိခဲ့ပြီး၊ မဲစာရင်းကောက်ယူတဲ့ အဆင့် နဲ့ မဲပေးတဲ့ အဆင့်တွေမှာလည်း ရွေးကောက်ပွဲ လုပ်ငန်းစဥ်ထဲ ပါဝင်တဲ့ အရပ်ဖက် ဝန်ထမ်းတွေ၊ ဝင်ရောက်ယှဥ်ပြိုင်တဲ့ နိုင်ငံရေးပါတီဝင်တွေ ကိုယ်စားလှယ်လောင်းတွေ အထိ ပစ်ခတ်ခံရတာ သတ်ဖြတ်ခံရတာတွေ ရှိခဲ့တာကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုရင် ဆယ်ဂဏန်းကနေ ရာဂဏန်းထိ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ဖဆပလခေတ် ရွေးကောက်ပွဲတွေမှာတုန်းကထက် ပိုပြီး သွေးထွက်သံယိုများတဲ့ ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် ဘယ်လို နိုင်ငံရေး အပြောင်းအလဲတွေ ရရှိစေမှာပါလဲ။ ဘယ်လို အကျိုးရလဒ်တွေ ထွက်ပေါ်စေမှာလဲလို့ မေးခွန်းရှိနေတာ ဖြစ်ပါတယ်။ ပြည်တွင်းက ပြည်သူလူထုအနေနဲ့လည်း လွတ်လပ်မှုမရှိတဲ့ နိုင်ငံရေး ပတ်ဝန်းကျင်၊ ကျယ်ပြန့်စွာတောက်လောင်နေတဲ့ ပြည်တွင်းစစ်ကာလထဲမှာ မိမိရွာ၊ မြို့မှာ နေထိုင်နိုင်ခြင်း မရှိဘဲ တခြားမြို့ရွာ၊ တောထဲ တောင်ထဲမှာ စစ်ဘေးရှောင်နေရချိန် ကျင်းပတဲ့ ရွေးကောက်ပွဲကို ပါဝင်ခြင်း မပြုရလို့လည်း အခွင့်အရေး ဆုံးရှုံးတယ်လို့လည်း မခံစားကြရသလို ဒီလို အနေအထား အခြေအနေအောက်မှာ ရွေးကောက်ပွဲကျင်းပတာထက် ပြည်တွင်းစစ်မီးငြိမ်းဖို့ မိမိတို့နေရပ်ကို ပြန်လည် နေထိုင် လုပ်ကိုင်စားသောက်နိုင်ဖို့ သားသမီးတွေ စစ်ပွဲထဲ အတင်းအဓမ္မ ဆွဲသွင်းမခံရဖို့၊ ရွာတွေ မြို့တွေ ဖြတ်သန်းတိုင်း ဝင်ငွေမရှိတဲ့ အချိန်မှာ အခွန်အခတွေ မပေးဆောင်ရဖို့၊ သားသမီးတွေ ပညာသင်ယူနိုင်ဖို့၊ နာမကျန်းဖြစ်တဲ့ မိသားစုဝင်တွေ ဆေးကုသခွင့် ရှိဖို့ ဆေးဝါးကုသမှု ရယူနိုင်တဲ့ ဆေးရုံတွေ ၊ သားသမီးတွေ စာသင်ယူနိုင်တဲ့ စာသင်ကျောင်းတွေ ဗုံးဒဏ်၊ အမြှောက်ဒဏ် မခံစားကြရဖို့ ကိုသာ ဆန္ဒရှိကြမှာ အသေအချာ ဖြစ်ပါတယ်။
အခု ကျင်းပပြီးစီးသွားတဲ့ရွေးကောက်ပွဲမှာ နည်းမျိုးစုံသုံးကာ အာဏာရလာမယ့် ကြံ့ခိုင်ရေးပါတီ အစိုးရနဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်တို့က အထက်က ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်တာ သေချာပါတယ်။ တဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်က PDF တပ်ဖွဲ့တွေ၊ အခြား အမည်အမျိုးမျိုးနဲ့ ရပ်တည် လှုပ်ရှားနေကြတဲ့ PDF တပ်ဖွဲ့တွေက ဆောင်ကျဥ်းပေးနိုင်မလားလို့ မေးစရာ ရှိပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီက မလုပ်ပေးနိုင်သလို တော်လှန်ရေး အင်အားစုတွေလို့ ခြုံပြီးခေါ်ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်က PDF တပ်တွေ၊ ပကဖတွေနဲ့ အခြားသော အမည်အမျိုးမျိုးနဲ့ သီးခြားရပ်တည်နေကြတဲ့ လက်နက်ကိုင် တပ်တွေအနေနဲ့လည်း ဖြည့်ဆည်းပေးနိုင်မဲ့ အလားအလာ မမြင်ကြရသေးပါဘူး။ လက်နက်ကိုင် အဖွဲ့အများစုက အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်မယ်လို့ ယေဘုယျဆန်တဲ့ သဘောတူညီမှုမျိုး ရှိကြပေမယ့် ဘယ်လိုနည်းလမ်းနဲ့ စစ်အာဏာရှင်တပ်ကို အနိုင်ရအောင် တိုက်မလဲဆိုတဲ့ ဘုံသဘောတူညီမှုမျိုး၊ လုပ်ငန်းလမ်းစဥ်မျိုး ရှိမနေသေးတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ကို မုန်းတဲ့အမုန်း တရားတခုထည်းနဲ့တော့ အနာဂတ် ပြည်ထောင်စုနိုင်ငံ ထူထောင်ဖို့ မလုံလောက်သေးဘူးလို့ ဆိုရင် စကားလုံးအားဖြင့် နားဝင်မချိုသော်လည်း လက်တွေ့ အရှိတရားတရပ် ဖြစ်ပါတယ်။ မတူကွဲပြားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးအင်အားစုတွေအကြား တူညီတဲ့ ပန်းတိုင်အတွက် ဖြစ်နိုင်ခြေ အရှိဆုံး လမ်းစဥ်တရပ်ကိုလည်း ရှာဖွေနိုင်ကြဖို့ လိုအပ်ပါတယ်။
အာဏာသိမ်း စစ်တပ်က ၄င်းတို့ လိုချင်တဲ့ ရလဒ်ရအောင် ၄င်းတို့ရွေးချယ် စီစဥ်ထားတဲ့ ရွေးကောက်ပွဲ ကျင်းပပြီး မကြာခင် လအနည်းငယ်အတွင်း လွှတ်တော် ခေါ်ယူကာ နိုင်ငံကို ၄င်းတို့ဖြစ်စေချင်တဲ့ လမ်းကြောင်းပေါ် မောင်းနှင်ဖို့ ကြိုးပမ်းပါလိမ့်မယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေ အနေနဲ့ မိမိတို့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိဖို့ မတူကွဲပြားနေတဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား တူညီတဲ့ လမ်းစဥ်တရပ် အမြန်ဆုံးပေါ်ထွက်လာပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ ကြိုးပမ်းကြရမယ့် အချိန်တန်ပြီလို့ တိုက်တွန်းလိုက်ရပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar