လွတ်လပ်ရေးနဲ့ နိုင်ငံရေးရပ်တည်ချက်
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၅ မြင်ကွင်း
မိုးမခ ၊ ဇန်နဝါရီ ၆၊ ၂၀၂၆
လွတ်လပ်ရေးနဲ့ နိုင်ငံရေးရပ်တည်ချက်
၁၉၅၆ ခုနှစ် အရှေ့ဥရောပနိုင်ငံတနိုင်ငံဖြစ်တဲ့ ဟန်ဂေရီ နိုင်ငံမှာ ဆန္ဒပြမှုများ၊ အစိုးရခေါင်းဆောင် အပြောင်းအလဲနှင့် ဆိုဗီယက်ရုရှရဲ့ စစ်တပ်တွေ ဟန်ဂေရီနိုင်ငံထဲမှ ဆုတ်ခွာပေးရေး လှုပ်ရှားမှုဖြစ်ပွားခဲ့ပါတယ်။ လအနည်းငယ်ကြာမြင့်ခဲ့သည့် ဟန်ဂေရီတော်လှန်ရေးဟု ခေါ်ဆိုသည့် လှုပ်ရှားမှုကို ၁၉၅၆ ခုနှစ် နိုဝင်ဘာလမှာ ဆိုဗီယက်တပ်တွေ မြို့တော် ဘူဒါပက်စ်ကို ဝင်ရောက်လာပြီး အင်အားသုံး နှိမ်နှင်းခဲ့ကြပါတယ်။ လှုပ်ရှားမှုအတွင်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသူ ပြုပြင်ပြောင်းလဲရေး ဝါဒီ အင်မရေးနာဂျီ ကို ဆိုဗီယက်တပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး ၄င်းတို့သြဇာခံ အစိုးရကို တင်မြှောက်ခဲ့ပါတယ်။
အဲဒီ အဖြစ်အပျက်ဖြစ်ပွားခဲ့စဥ်က မြန်မာနိုင်ငံရှိ လက်ဝဲဝါဒ ယုံကြည်ကြတဲ့ နိုင်ငံရေးသမားအများစုက ဟန်ဂေရီအရေးအခင်းမှာ ဆိုဗီယက်တပ်တွေ ဝင်ရောက်တာကို ထောက်ခံခဲ့ကြတာပါ။ ဆိုဗီယက်ပြည်ထောင်စု အနေနဲ့ ဟန်ဂေရီနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို ခွင့်မပြုနိုင်၊ ဝါဆောစာချုပ် (အရှေ့ဥရောပနိုင်ငံများနဲ့ ဆိုဗီယက်ပြည်ထောင်စု တို့ပါဝင်တဲ့ စစ်ရေးစာချုပ်) အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ခြင်းကို လက်မခံနိုင်တာတွေကြောင့် လိုအပ်ချက်အရ ဆိုဗီယက်တပ်တွေ ဝင်ရောက်ကာ နှိမ်နှင်းရတာ ဖြစ်တယ်လို့ ယူဆပြီး ထောက်ခံခဲ့ကြတာပါ။ အဲဒီကာလက လက်ဝဲအယူဝါဒ ယုံကြည်သူတွေ အနက် စာရေးဆရာ ဒဂုန်တာရာ တဦးထည်းကသာ ဟန်ဂေရီ အရေးမှာ ဆိုဗီယက်တပ်တွေ ဝင်ရောက်ခြင်းကို လက်မခံနိုင်ဟု ရေးသားပြောဆိုခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှုကို အခြားနိုင်ငံတနိုင်ငံက စစ်တပ်အင်အားနဲ့ ဝင်ရောက်စွက်ဖက်က ဖြုတ်ချတဲ့ ဖြစ်ရပ်ကို မူ အရ လက်မခံနိုင်တာကြောင့် ဆရာဒဂုန်တာရာက ဆိုဗီယက်လုပ်ရပ် မှားယွင်းကြောင်း ၄င်းရဲ့ အမြင်ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီခေတ် အဲဒီအခါက မြန်မာနိုင်ငံမှာသာမက အခြားသော လွတ်လပ်ပြီးစနိုင်ငံတွေက လက်ဝဲဝါဒ ထောက်ခံသူတွေထဲမှာလည်း ဆိုဗီယက်ရုရှားရဲ့ တပ်တွေ ဟန်ဂေရီထဲဝင်ရောက်ကာ အင်အားသုံး နှိမ်နှင်းဖြိုခွဲခဲ့တာကို လိုအပ်ချက်အရ လုပ်ဆောင်တာဖြစ်တယ်လို့ ထောက်ခံသူ အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဆယ်စုနှစ်အတန်ကြာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲချိန် စစ်အေးခေတ်ပြီးဆုံးချိန်မှာ သမိုင်းအဖြစ်အပျက်တွေကို ပြန်လည်သုံးသပ်ကြတဲ့အခါ စတာလင်ဝါဒ၊ အာဏာရှင်စနစ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အရှေ့ဥရောပနိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေကို ဝင်ရောက်စွက်ဖက်မှုတွေကို မှားယွင်းတဲ့ လုပ်ရပ်တွေ အဖြစ်ပြန်လည် သုံးသပ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဆရာဒဂုန်တာရာဟာ နိုင်ငံရေးသမား အဖြစ်ရပ်တည်ခဲ့သူ မဟုတ်သော်လည်း လက်ဝဲဝါဒကို ယုံကြည်သက်ဝင်သူ၊ လက်ဝဲအယူအဆ စာပေ သဘောတရား၊ အနုပညာသဘောတရားတွေကို ရေးသားခဲ့သူ၊ သက်တမ်းကြာရှည်စွာ ထုတ်ဝေနိုင်ခဲ့ခြင်း မရှိသည့်တိုင် စစ်ပြီးခေတ် မြန်မာစာပေနယ်ပယ်မှာ သြဇာကြီးမားသည့် တာရာမဂ္ဂဇင်းကို ထုတ်ဝေခဲ့သူ တဦးဖြစ်ပြီး အချို့သော နိုင်ငံရေးသမားတွေလို ရလဒ်အခြေပြုတဲ့ ရပ်တည်ချက် နဲ့ ပြောဆိုသူ တဦးမဟုတ်ခဲ့ပါဘူး။ မူဝါဒအပေါ် ခိုင်ခိုင်မာမာ ရပ်တည်သူ၊ မိမိယုံကြည်၍ လက်ခံထားတဲ့ မူကို အခြားသော အကျိုးစီးပွား၊ ရလဒ်တွေကြောင့် မိမိကိုယ်တိုင် ပြန်လည်ချိုးဖျက်တာမျိုးကို လက်မခံသူ အဖြစ် အများက လေးစားခံရသူ တဦး ဖြစ်ပါတယ်။
ခုရက်ပိုင်း ဗင်နီဇွဲလားသမ္မတကို အမေရိကန်က ဝင်ရောက်ဖမ်းဆီးပြီး ၄င်းတို့နိုင်ငံထဲကို မူးယစ်ဆေးဝါး တရားမဝင်တင်ပို့တယ် ဆိုတဲ့ အမှုနဲ့ တရားရုံးတင် အရေးယူတဲ့ အဖြစ်အပျက်၊ ဗင်နီဇွဲလား ရဲ့ အုပ်ချုပ်ရေးကို စီမံလုပ်ဆောင်မယ် ဆိုတဲ့ ပြောဆိုချက်တွေအပေါ် မြန်မာ့ နိုင်ငံရေးနယ်ပယ်၊ တော်လှန်ရေးနယ်ပယ်မှာ အမြင်အမျိုးမျိုး၊ သဘောထားအမျိုးမျိုး ရှိနေကြတာ ဖြစ်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသမားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ အဖွဲ့ချုပ်) နဲ့ အခြားသော ကျောင်းသားသမဂ္ဂ ၄ ခုနဲ့ သွေးစွန်းငွေ ဖြတ်တောက်ရေး အဖွဲ့၊ စစ်ငြိမ်းပန်းဖောင်ဒေးရှင်းတို့က အမေရိကန်ရဲ့ ဗင်နီဇွဲလား သမ္မတကို ဖမ်းဆီးတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန် နယ်ချဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြဆိုတဲ့ ခေါင်းစဥ်နဲ့ ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ကြေညာချက်က လက်ဝဲအယူအဆ ရပ်တည်ချက်ကနေ ရေးသားထားသည့်တိုင် အမေရိကန် ရဲ့ လုပ်ရပ်ဟာ ကျူးကျော်စစ်တရပ် ဆင်နွှဲလိုက်တာ ဖြစ်တယ်၊ဖက်ဆစ် လုပ်ရပ်ဖြစ်တယ်၊ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် ကြီးမားတဲ့ စိမ်ခေါ်မှု တရပ်ဖြစ်တယ်ဆိုပြီး ဖေါ်ပြထားတာတွေ့ရပါတယ်။ အမေရိကန် နယ်ချဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြဖို့ နှိုးဆော်ထားတာလည်း ဖြစ်ပါတယ်။
ဒီကြေညာချက် အပေါ် နွေဦးတော်လှန်ရေးထဲက အချို့သော အင်အားစုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက မြန်မာနိုင်ငံရေးမှာ တရုတ်နိုင်ငံရဲ့ စွက်ဖက်မှုကို မကန့်ကွက် မဆန့်ကျင်ရဲပဲ အမေရိကန်ရဲ့ အခုလုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချတာတွေက အဓိပ္ပါယ်မရှိဘူးလို့ လည်း ဝေဖန် စောဒက တက်ကြပါတယ်။ တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးမှာ ပါဝင်စွက်ဖက်မှုတွေနဲ့ နိုင်ငံတနိုင်ငံရဲ့ မြေထဲ၊ လေပိုင်နက်ထဲ စစ်တပ် ဝင်ရောက်ပြီး ဖမ်းဆီးတာ တရားစီရင်ခွင့်ရှိတယ်လို့ မှတ်ယူပြီး ခေါ်ဆောင်သွားတာတွေကို တန်းညှိပြောဆိုကြတာလည်း တွေ့ရပါတယ်။
ကျောင်းသားသမဂ္ဂ အဖွဲ့တွေက ခေတ်အဆက်ဆက် လက်ဝဲအယူအဆဘက် ယိမ်းကြတာ သဘာဝတခု ဖြစ်ပါတယ်။ ဗြိတိသျှ ကိုလိုနီခေတ် လွတ်လပ်ရေး လှုပ်ရှားမှုကာလ၊ စစ်ပြီးခေတ် ဖဆပလ အစိုးရခေတ်၊ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးစ ဆဲဗင်းဇူလိုင် အရေးအခင်းကာလနဲ့ ၁၉၇၀ ခုနှစ်ကျော်ကာလတွေမှာ ကျောင်းသားလှုပ်ရှားမှုတိုင်းဟာ လက်ဝဲ အယူအဆ၊ အငွေ့အသက် လွှမ်းမိုးခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေမှာ လက်ဝဲဝါဒ အယူအဆရှိတာဟာ ပြဿနာတရပ်တော့ မဟုတ်ပါဘူး။ ကျောင်းသားသမဂ္ဂတွေဟာ ဘယ်တုန်းကမှ နိုင်ငံရေး အာဏာရယူဖို့ ရည်မှန်းခဲ့ကြတာ မဟုတ်ဘဲ၊ အာဏာရယူနိုင်ရေးအတွက် ရပ်တည်ချက်တွေကို ပြုလွယ်ပြင်လွယ်လုပ်ပြီး အာဏာရှင်တွေနဲ့ အလျှော့ပေးကာ ပေါင်းခဲ့ကြသူတွေလည်း မဟုတ်ပါဘူး။ နိုင်ငံရေး ရည်မှန်းချက်၊ အာဏာရဖို့ ရည်မှန်းချက် မရှိတာကြောင့် အကျိုးစီးပွားအတွက် ရပ်တည်ချက်ကို လဲလှယ်ကြသူတွေ မဟုတ်၊ အာဏာ ထိုင်ခုံမှာ ထိုင်ကြမယ့်သူတွေလည်း မဟုတ်လို့ သူတို့အမြင်တွေကို သဘောမတူသည့်တိုင် စွပ်စွဲပုတ်ခတ်ကာ တရုတ်ရဲ့ လက်ဝေခံ၊ တရုတ်ရဲ့ ပါဝင်စွက်ဖက်မှုကိုတော့ မပြောရဲဘဲ အမေရိကန် ရဲ့ လုပ်ရပ်ကို မဝေဖန်နဲ့လို့ ဆိုတဲ့ မြန်မာနိုင်ငံက အချို့သောတော်လှန်ရေးသမားနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ရပ်တည်ချက်က အံ့အားသင့်စရာ ကောင်းလှပါတယ်။
မြန်မာ့သမိုင်းမှာ ဗြိတိသျှကိုလိုနီလက်အောက်က လွတ်မြောက်လိုဇောနဲ့ ဂျပန် ဖက်ဆစ်နဲ့ ပူးပေါင်းခဲ့တဲ့ သမိုင်းသင်ခန်းစာတွေလည်း ရှိခဲ့ပြီးဖြစ်ပါတယ်။ ဖက်ဆစ်ဂျပန်က ပေးတဲ့ ရွှေရည်စိမ်လွတ်လပ်ရေးလည်း ဒုတိယ ကမ္ဘာစစ်ပွဲကာလတွင်း ရယူခဲ့ဖူးတာ ဖြစ်ပါတယ်။ အယူဝါဒရေးရာအရ အကဲဖြတ်မှု၊ မိမိယုံကြည်တဲ့ မူကို စွဲစွဲမြဲမြဲ ကိုင်စွဲရပ်တည်မှုတွေ အားနည်းခဲ့ပြီး လွတ်လပ်ရေးရယူမှု သမိုင်းလမ်းကြောင်း ရှည်လျားခဲ့ရတဲ့ သင်္ခန်းစာလည်း ယူတတ်ရင် ရခဲ့သင့်တာပါ။ ဒုတိယ ကမ္ဘာစစ်အပြီး ဂျပန်နဲ့ ပူးပေါင်းတိုက်ခဲ့တဲ့ မြန်မာနိုင်ငံလွတ်လပ်ရေး ရသလို ဂျပန်နဲ့ ပူးပေါင်း မတိုက်ခဲ့တဲ့ အိန္ဒိယနိုင်ငံလည်း လွတ်လပ်ရေး ရခဲ့ပါတယ်။ မြန်မာ့သမိုင်းမှာ ဖက်ဆစ်ဂျပန်တပ်တွေကို မြန်မာနိုင်ငံထဲ ခေါ်သွင်းခဲ့တဲ့ အဖြစ်က သမိုင်းအရ ကြီးမားတဲ့ သင်ခန်းစာတရပ်လည်း ဖြစ်ပါတယ်။
ယမန်နေ့က ကျရောက်တဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ မြန်မာ့သမိုင်းကို ပြန်လည်သုံးသပ်ရင် စစ်အာဏာရှင် စနစ်အောက်က လွတ်လပ်ရေး၊ အစဥ်အလာနယ်ချဲ့ ဝါဒ၊ ခေတ်သစ်နယ်ချဲ့ဝါဒ အားလုံးအောက်က လွတ်လပ်ဖို့ အတွက် ဆိုရင် နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ တော်လှန်ရေးသမားတွေ အနေနဲ့ လွတ်လပ်တဲ့ အတွေးအမြင်၊ လွတ်လပ်တဲ့ ရပ်တည်ချက်၊ လွတ်လပ်တဲ့ အယူအဆတွေ ရှိဖို့ အရေးကြီးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar