Breaking News

တော်လှန်ရေးအင်အားစုတွေ အချင်းချင်း တိုက်ခိုက်မှုနဲ့ ဖမ်းဆီးမှုတွေရဲ့ နောက်ခံအကြောင်းရင်း

မြန်မာနွေဦးခရိုနီကယ် - မေ ၁ မြင်ကွင်း

(မိုးမခ) မေ ၂ ၊ ၂၀၂၆


တော်လှန်ရေးအင်အားစုတွေ အချင်းချင်း တိုက်ခိုက်မှုနဲ့ ဖမ်းဆီးမှုတွေရဲ့ နောက်ခံအကြောင်းရင်း

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့က ကရင်နီဒေသ မိုးဗြဲ ဒေသန္တရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မိုးဗြဲ Local PDF) အဖွဲ့ခေါင်းဆောင်နဲ့အတူ တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ကားကို မိုးဗြဲဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အမှတ် ၁ အယ်လ်ဖာ စစ်ဒေသ) ချုံခိုတိုက်ခိုက်ခဲ့လို့ မိုးဗြဲ Local PDF အဖွဲ့ခေါင်းဆောင်နဲ့ တပ်ဖွဲ့ဝင် စုစုပေါင်း ၉ ဦးခန့် သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းတပုဒ် ထွက်ပေါ်လာခဲ့ပါတယ်။ 

အဆိုပါ အဖြစ်အပျက်နဲ့ ပတ်သက်လို့ သတင်းဌာနအများအပြားက ဖော်ပြကြတာတော့ မတွေ့ရပါဘူး။ TM Media က အဖြစ်အပျက်ဖြစ်ပြီး နောက်တရက်မှာ သတင်းဖော်ပြခဲ့ပြီးနောက် ရက်အနည်းငယ်မှာမှ နောက်သတင်းဌာနတခုက အမှတ် (၁) အယ်လ်ဖာ စစ်ဒေသက ပြောဆိုချက်ကို အခြေခံပြီး မိုးဗြဲ Local PDF နဲ့ ပတ်သက်တဲ့ကိစ္စကို စစ်ခုံရုံးက တဆင့်ဖြေရှင်းသွားမယ်လို့ ဖော်ပြထားတာသာ တွေ့ရတာဖြစ်ပါတယ်။ ဒုတိယသတင်းမှာတော့ ချုံခိုတိုက်ခိုက်မှု အနေနဲ့ ဖော်ပြထားတာ မဟုတ်ဘဲ မိုးဗြဲ Local PDF တပ်ဖွဲ့ကို လက်နက်ဖြုတ်သိမ်းတဲ့ အစီအမံ လုပ်ဆောင်တာလို့သာ ဖော်ပြထားပါတယ်။ မိုးဗြဲ Local PDF အဖွဲ့ခေါင်းဆောင် ဆရာအောင်မင်း ပါဝင်တဲ့ ကားကို ချုံခိုတိုက်ခိုက်တဲ့ အဖြစ်အပျက် အဖြစ်နဲ့ ဖော်ပြထားတာ မတွေ့ရပါဘူး။ 

ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ အဖြစ်အပျက်အမှန်က ဘာလဲဆိုတာတော့ လောလောဆယ်မှာ ယတိပြတ် မသိနိုင်သေးပေမယ့် အခုဖြစ်ရပ်နဲ့ အလားသဏ္ဌာန်တူတဲ့ အဖြစ်အပျက်တွေက မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေမှာလည်း ဖြစ်ပျက်ခဲ့၊ ဖြစ်ပျက်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ထုတ်ပြရရင် ပုလဲ၊ ယင်းမာပင်နယ်က ဗိုလ်နဂါးနဲ့ NUG အစိုးရလက်အောက်က PDF တပ်ဖွဲ့တွေအကြား ဖြစ်ပျက်တဲ့ အဖြစ်အပျက်၊ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်ထဲက ရေမျက်နီရွာမှာ သားရှင်ပြုသွားတဲ့ စစ်ဒေသရုံးအမည်နဲ့ ခွဲထွက်ရပ်တည်နေတဲ့ တပ်ဖွဲ့က ဗိုလ်ကြီး ကောင်းကောင်းနဲ့ အခြားတဦးကို YDF ယောကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ 

ဒါ့အပြင် အထက်က အဖြစ်အပျက်နဲ့ သဘောသဘာဝ အနည်းငယ်ကွဲလွဲသည့်တိုင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း ပွတ်တိုက်မှု၊ တိုက်ခိုက်မှုတွေလည်း ဖြစ်ပျက်တာတွေ ရှိနေကြတာ ဖြစ်ပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်းအကြားမှာ သော်လည်းကောင်း သို့မဟုတ် ဒေသန္တရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ NUG ရဲ့ လက်အောက်က PDF တပ်ဖွဲ့တွေ အကြားမှာ သော်လည်းကောင်း ဖြစ်ပွားနေကြတဲ့ အနေအထားဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အကြားက ပဋိပက္ခတွေကို သီးခြားထားပြီး ကျန်ဒေသတွေမှာ ဖြစ်ပွားတဲ့ အဖြစ်အပျက်တွေကို သုံးသပ်ကြည့်ရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုချိန်ထိ ကာလကို ပြန်လေ့လာကြည့်ပြီး ဘာအကြောင်းရင်းခံက အခုလို တော်လှန်ရေး အင်အားစုတွေအကြား လက်နက်နဲ့ တိုက်ခိုက်ကြရတဲ့အထိ ဖြစ်စေသလဲဆိုတာကို သတ္တုချနိုင်မဲ့ အကြောင်းရင်းတွေ တွေ့ရှိနိုင်မယ်လို့ ယူဆပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ကို ငြိမ်းချမ်းစွာဆန္ဒပြတာ၊ မြို့တွေမှာ မြေပေါ်နိုင်ငံရေးလုပ်တာထက် လက်နက်ကိုင် တော်လှန်ရေးလုပ်ကြမှ ရမယ်ဆိုတဲ့ အယူအဆကို ပေါ်ထွက်စေခဲ့တာ ဖြစ်ပါတယ်။ ဒါကလည်း မြန်မာနိုင်ငံ သမိုင်းအဆက်ဆက် အလားတူ လက်နက်ကိုင် တော်လှန်ရေးလမ်းစဥ်တွေ ရှိခဲ့တဲ့ သမိုင်းကြောင်းတွေ အပေါ် အခြေပြုပြီး ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့ကြတာလို့ ဆိုနိုင်ပါတယ်။ 

ဒီလို လက်နက်ကိုင် တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ကြရာမှာ နယ်မြေအလိုက် သီးခြားစီ ကမကထလုပ်ကာ တည်ထောင်ခဲ့ကြတဲ့ ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့တွေ အများအပြားပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒေသ အလိုက် ရပ်ရွာခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေကလည်း လက်နက်ကိုင်တပ်ဖွဲ့တွေကို ဦးဆောင်ဖွဲ့စည်းသူတွေ ဖြစ်လာကြပြီး အမည်အမျိုးမျိုးနဲ့ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေ ပေါ်ထွက်လာခဲ့တာပါ။ 

အခု မိုးဗြဲ Local PDF တပ်ဖွဲ့ဟာလည်း အထက်ပြောသလို ကက်သလစ် ဘာသာရေး ခေါင်းဆောင်တဦး ဖြစ်တဲ့ ဆရာအောင်မင်း ဆိုသူက ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပါတယ်။ အညာမှာဆိုရင်လည်း ၂၀၂၁ ခုနှစ် နှောင်းပိုင်း ယင်းမာပင်နယ်မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကနေ လက်နက်ကိုင် အဖွဲ့ကို ဦးဆောင်သူ ဗိုလ်သံမဏိ ဖြစ်လာတဲ့ အဖွဲ့နဲ့ အလားသဏ္ဌာန်အားဖြင့် တူညီပါတယ်။ 

ဒီအခြေအနေတွေက အညာမှာ၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီနယ် အစပ်၊ ယောနယ်၊ ဂန့်ဂေါနယ်၊ မကွေးတိုင်း စတဲ့ဒေသတွေမှာ ဖြစ်ပွားနေကြတဲ့ အလားသဏ္ဌာန်တူတဲ့ နောက်ခံအခြေအနေ ဖြစ်ပြီး တော်လှန်ရေး နှစ်ကြာလာချိန်မှာ ဒီအဖွဲ့တွေကို စုစည်းဖို့ ပေါင်းစည်းဖို့ လမ်းကြောင်းတခု ဖြစ်လာတဲ့ သဘောလို့ ဆိုရင်မှားမယ် မထင်ပါဘူး။ 

နိုင်ငံရေးအရ ဘယ်လို စည်းရုံးကြမလဲ၊ စစ်ရေးအရ ဘယ်လို သိမ်းသွင်းစုစည်းကြမလဲ ဆိုတာက အဓိက မေးခွန်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ သီးခြားစီ ပေါ်ထွက်လာတာ စီးပွားရေး အသွင်သဏ္ဌာန်တခုနဲ့ နှိုင်းယှဥ်ရင် ဖရန်ချိုက်စ် စနစ်နဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အသီးသီး ဖော်ဆောင်နေကြတဲ့ အသွင်မျိုးလို့ နှိုင်းယှဥ်တွေးကြည့်မိပါတယ်။ 

စီးပွားရေး လုပ်ကိုင်ကြရာမှာတော့ ဖရန်ချိုက်စ် စနစ်ဟာ အောင်မြင်တဲ့ မိုဒယ်တရပ် ဖြစ်ပေမဲ့ စစ်ရေး နဲ့ လက်နက်ကိုင် တော်လှန်ရေးမှာတော့ ဖရန်ချိုက်စ်လို စနစ်မျိုးက ပြဿနာအမျိုးမျိုး ထွက်ပေါ်စေနိုင်တာလည်း ဖြစ်ပါတယ်။ တခုတည်းသော အမိန့်အောက်မှာ မရှိတာ၊ စစ်ရေးအရ စုစည်းမှုအင်အား မရှိတာ၊ အာဏာ နဲ့ ငွေကြေး အလွဲသုံးစားလုပ်တာတွေ ရှိခဲ့ရင် ထိန်းကျောင်းကြပ်မတ်မယ့် အဖွဲ့အစည်း ယန္တရား ရှိမနေတဲ့ ပြဿနာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ ဒေသန္တရ အဖွဲ့တိုင်း အဲလို အလွဲသုံးမှုတွေ ရှိတယ်ဆိုတဲ့ သဘောမျိုး ဆိုလိုတာမဟုတ်ဘဲ NUG/MOD လက်အောက်မှာ ရှိတယ်လို့ ဆိုသည့်တိုင် ဗဟို ချုပ်ကိုင်မှု လျော့ရဲတဲ့အနေအထားမှာ အောက်ခြေအဖွဲ့အချို့လည်း အာဏာ၊ ငွေကြေး အလွဲသုံးမှုတွေ ရှိနေ ဖြစ်နေကြတဲ့ သဘောမျိုး လို့ဆိုရမှာပါ။ 

အခုလို သီးခြားနာမည်တွေနဲ့ ဖွဲ့ထားကြတဲ့ လက်နက်ကိုင် အဖွဲ့တွေကို အမိန့်တခုတည်းအောက်၊ အလံတခုထည်းအောက် သိမ်းသွင်းဖို့ အစီအစဥ်မျိုးကို ခုလို ၅ နှစ်ကာလ မတိုင်ခင်ကတည်းက ရှိသင့်တာဖြစ်ပါတယ်။ စည်းရုံးသိမ်းသွင်းကြရာမှာ လက်နက်နဲ့ တိုက်ခိုက်တာမျိုးထက် ပိုပြီး ကောင်းမွန်တဲ့ စည်းရုံးရေးနည်းလမ်းတွေနဲ့ လုပ်ဆောင်ကြဖို့ လိုပါတယ်။ ဗိုလ်နဂါး အဖြစ်အပျက်၊ မကွေး ယူနစ်အစိုးရလက်အောက်က ဗိုလ်လက်ယာစီမံခန့်ခွဲတဲ့ ရေနံမှော်တွေကို PDF တပ်ရင်းတွေ ဝိုင်းတဲ့ အဖြစ်အပျက်၊ အခု မိုးဗြဲ Local PDF တပ်ဖွဲ့ ခေါင်းဆောင်ကို ချုံခိုတိုက်ခိုက်တဲ့ အဖြစ်အပျက်တွေလိုမျိုး မဖြစ်ရအောင် စည်းရုံးရေးနည်းနဲ့ သွားနိုင်ကြရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ 

အဲဒီလို မသွားနိုင်ဘဲ အချင်းချင်း တိုက်တာ၊ တပ်နဲ့ ဝိုင်းဝန်းပိတ်ဆို့တာတွေက တော်လှန်ရေးကို ထောက်ခံပါဝင်နေကြသူတွေ အချင်းချင်း အကြားမှာ စည်းလုံးညီညွတ်မှုကို ထိခိုက်လျော့ကျစေမဲ့အရေးလည်း အထူးသတိပြုကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar