ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်ပြောင်းရွှေ့ပြီး ဆက်လက်ပြစ်ဒဏ်ကျခံစေဖို့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၃၀ မြင်ကွင်း
(မိုးမခ) မေ ၁ ၊ ၂၀၂၆
ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်ပြောင်းရွှေ့ပြီး ဆက်လက်ပြစ်ဒဏ်ကျခံစေဖို့ ဓာတ်ပုံနဲ့ တကွထုတ်ပြန်
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အရုဏ်မတက်ခင် ဖမ်းဆီးထိန်းသိမ်းခံရပြီး တရားစွဲဆိုကာ အမှုများစွာနဲ့ ထောင် နှစ် ၃၀ ကျော် ချမှတ်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ် အားဖြင့်၊ လူသားချင်းစာနာ ထောက်ထားမှုနဲ့ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသော အားဖြင့် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နေပြည်တော် အကျဥ်းထောင်မှာ အကျဥ်းကျခံနေရရာက သတ်မှတ်ထားတဲ့ နေအိမ်မှာ ပြောင်းလဲကျခံစေဖို့ သတ်မှတ်ပေးလိုက်တယ်လို့ ဧပြီလ ၃၀ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဥပဒေ ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုတဲ့ကာလတွေမှာ တရားခွင်မှာ သမ္မတဦးဝင်းမြင့်နဲ့အတူ ထိုင်နေတဲ့ သတင်းဖေါ်ပြမှုတွေ ဖေါ်ပြခဲ့ပြီးနောက် နှစ်အတန်ကြာ အတွင်း အခုလို သတင်းဓါတ်ပုံနဲ့ သတ်မှတ်နေအိမ်မှာ အကျဥ်းကျခံဖို့ ဆိုတဲ့ ထုတ်ပြန်ချက် ပထမဆုံး အကြိမ်အဖြစ်နဲ့ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
အခုလို သတ်မှတ်နေအိမ်မှာ ကျန်ရှိတဲ့ ပြစ်ဒဏ်ကို ဆက်လက်ကျခံစေဖို့ ပြောင်းလဲ သတ်မှတ်ခြင်းကို အချို့သော သတင်းဌာနတွေကတော့ နေအိမ်အကျယ်ချုပ် အဖြစ်သုံးနှုန်းဖေါ်ပြပေမယ့် နေအိမ်အကျယ်ချုပ် ဆိုတဲ့ အသုံးအနှုန်းနဲ့ စစ်အစိုးရက၄င်းတို့ သတ်မှတ်တဲ့ နေအိမ်မှာ ဆက်လက်ပြစ်ဒဏ်ကျခံရတာ သဘောသဘာဝတော့ မတူညီကြပါဘူး။ နေအိမ်အကျယ်ချုပ်ရဲ့ သဘောသဘာဝက မိမိနေအိမ်မှာပဲ ထားရှိပြီး မိသားစု သို့မဟုတ် အနီးကပ်အတူနေသူတွေနဲ့ အတူနေထိုင်နိုင်တဲ့ အနေအထားမျိုး၊ အကျဥ်းဦးစီးဌာနအောက်မှာ မဟုတ်ဘဲ၊ ရဲ သို့မဟုတ် တပ် လုံခြုံရေး အစောင့်အကြပ်အောက်မှာ နေထိုင်ရတဲ့ သဘောမျိုးဖြစ်ပြီး အခု ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၅၄၁ အပိုဒ်ခွဲ (၁) အရ သတ်မှတ်နေအိမ်မှာ ကျန်ရှိပြစ်ဒဏ်ကို ဆက်လက်ကျခံစေရန် ဆိုတာက ဒေါ်အောင်ဆန်းစုကြည်အဖို့ ယခင်နေအိမ် အကျယ်ချုပ်ကျခံစဥ်နဲ့ မတူခြားနားတဲ့ အခြေအနေ ကန့်သတ်ချက် အများအပြားထားရှိတဲ့အခြေအနေကို ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။
အကျဥ်းထောင်ထဲမှာ မထားရှိတော့တဲ့တိုင် ကျန်းမာရေး၊ လူမှုရေးအရ မိသားစုဝင်၊ ဆွေမျိုးသားချင်း သို့မဟုတ် ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ အဆက်အသွယ် လုပ်ခွင့် ရှိ/မရှိ မသေချာသလို ပြည်ပမှာနေထိုင်တဲ့ သားဖြစ်သူနဲ့ စာအားဖြင့် ဖြစ်စေ၊ ဖုန်းအဆက်အသွယ်အားဖြင့် ဖြစ်စေ ဆက်သွယ်ခွင့် ခုချိန်ထိ ခွင့်မပြုခဲ့တာကြောင့် အခုလို “သတ်မှတ်နေအိမ်”ဆိုတာကို ပြောင်းရွှေ့ပြီးနောက်မှာလည်း ရဖို့ မသေချာပါဘူး။
အခုလို ရွေးကောက်ပွဲလည်း ပြီးစီးကာ ကြိုတင်စီစဥ် လုပ်ဆောင်ခဲ့တဲ့အတိုင်း သမ္မတရာထူးကိုလည်း ရယူပြီးနောက် စိတ်ကြိုက်အစိုးရ အဖွဲ့ဖွဲ့ပြီးနောက်မှာ နိုင်ငံရေးအရ အင်အားအကြီးဆုံး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်လို့ မခေါ်ဆိုနိုင်တဲ့ သတ်မှတ်နေအိမ်မှာ ချမှတ်အပြစ်ဒဏ်ခံစားဖို့ ထုတ်ပြန်လိုက်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို ထောက်ခံတဲ့ လူထုတွေကို စိတ်ပျက်သွားစေတာ ဖြစ်ပါတယ်။
ဦးဝင်းမြင့်ကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးပြီး ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လွှတ်မပေးရဲတာပါလဲ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့ မြေပေါ် နိုင်ငံရေး စုစည်းမှုကို ရင်ဆိုင်နိုင်တဲ့ အင်အား နဲ့ ကြံ့ခိုင်မှုမျိုး မင်းအောင်လှိုင် အစိုးရနဲ့ စစ်တပ်မှာ ရှိမနေတာ၊ ယုံကြည်မှု ရှိမနေတာလို့ ဆိုနိုင်ပါတယ်။ ၁၉၉၀ ခုနှစ်တွေကနေ ၂၀၁၀ ခုနှစ်အကြား ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မခံထားရချိန်တွေမှာ လူထုနဲ့ တွေ့ဆုံမှုတွေ၊ စည်းရုံးရေးခရီးတွေ၊ ဟောပြောမှုတွေနဲ့ အကြမ်းမဖက်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး အလားတူ လူထုလှုပ်ရှားမှု နိုင်ငံရေး လုပ်ဆောင်မှုတွေကို မင်းအောင်လှိုင် အစိုးရအနေနဲ့ ရင်မဆိုင်လိုတာ၊ ရင်မဆိုင်ရဲတာလို့ ယူဆရပါတယ်။
ဒါပေမယ့် အခု ၂၀၂၁ နောက်ပိုင်း ၂၀၂၆ နောက်ပိုင်း အခြေအနေဟာ ၁၉၉၀ ကနေ ၂၀၁၀ ကြားအခြေအနေနဲ့ အများကြီး ကွာခြားချက်တွေ ရှိနေပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းကာလမှာ အတိုက်အခံ အင်အားစုတွေအများစုက လက်နက်ကိုင် တိုက်ခိုက်တဲ့ လမ်းကြောင်းပေါ်မှာ ရပ်တည်နေကြပြီး မြို့တွေပေါ်မှာ အကြမ်းမဖက်တဲ့ နိုင်ငံရေး လှုပ်ရှားမှုက အားမရှိတဲ့အနေအထားမျိုး လို့ဆိုရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးလမ်းစဥ်ကို လက်ခံ သလား လက်မခံဘူးလားဆိုတာလည်း ယတိပြတ်ဘယ်သူမှ မပြောနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်နက်ကိုင် လမ်းစဥ်ကို အားမပေးခဲ့ဘူးဆိုရင် အဲဒီရပ်တည်ချက်ဟာ ပြည်တွင်းစစ်ထဲမှာ နစ်နေတဲ့ အာဏာသိမ်းစစ်အစိုးရအတွက် အကျိုးအမြတ်ရစေနိုင်တာလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မပါဘဲ လွှတ်ပေးခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဥ်ကို လက်ခံတာ ဒါမှမဟုတ် လက်မခံဘူး ဆိုတာကို ထုတ်ဖေါ်ပြောဆိုရမယ့် အနေအထားဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်အဖို့ ဒီအနေအထားကို ရွေးခြယ်ဖို့ ခက်ခဲနေတဲ့အနေအထားမျိုး သို့မဟုတ် မစွန့်စားလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားခြင်းက ၄င်းတို့အတွက် အန္တရာယ် ပေါ်ပေါက်နိုင်ခြေနည်းပါးကာ မြေပေါ် နိုင်ငံရေးလှုပ်ရှားမှု ကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတဲ့ အခြေအနေတွေလည်း ရင်ဆိုင်စရာမလိုတာကြောင့် လက်ရှိအနေအထားအတိုင်း ဆက်လက် ထိန်းသိမ်းထားတာလို့ ကောက်ချက်ချရပါတယ်။
တဖက်မှာတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအား၊ တိုက်တွန်းမှု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား နိုင်ငံရေးသမားတွေကို အကျဥ်းချထားခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖယ်ကျဥ်မှုကို ရင်ဆိုင်နေရတဲ့ အခြေအနေကို လျော့ပါးစေချင်တာက နောက်မျက်နှာစာ တဖက်ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ရဲ့ နေပြည်တော်ခရီးစဥ် အတွင်း ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ချထားတာနဲ့ ပတ်သက်လို့ သံတမန်ရေးအရ ဖေါ်ပြမေးမြန်းခဲ့တာမျိုးတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ခုလို သတ်မှတ်နေအိမ်မှာ ပြောင်းရွှေ့ထားဖို့ မဆုံးဖြတ်ခင် တရက်က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေဟောင်းဖြစ်ပြီး သူ့အခြေအနေနဲ့ ပတ်သက်လို့ အမြဲတမ်း ဂရုစိုက် စောင့်ကြည့်နေကြောင်း သတင်းထောက်တဦးမေးမြန်းချက်ကို ဖြေကြားရင်း ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ ရေရှည် ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်မှုကို ထောက်ခံကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
အခုလို တရုတ်နိုင်ငံရဲ့ မှတ်ချက်က အာဏာသိမ်းစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်ပြီးတစုံတရာ လျော့ပေါ့ပေးမှုတွေ မလုပ်မဖြစ် လုပ်ဆောင်ပေးလာရတဲ့ တွန်းအားတခုလည်း ဖြစ်နိုင်တယ်လို့ အများက ကောက်ချက်ချ နေကြတာလည်း တွေ့ရပါတယ်။
အာဏသိမ်းစစ်အစိုးရ အဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ အသိအမှတ်ပြုခံရဖို့၊ ဖိအားတွေ လျော့ပါးအောင် လုပ်ဆောင်ပေးနိုင်တဲ့ ဖဲချပ်တချပ် ဖြစ်နေတဲ့ သဘောမျိုးလို့ ဆိုရမလို ဖြစ်နေတာပါ။ အသက် ၈၀ ရောက်ရှိလာနေပြီး သူ့သက်တမ်းတလျှောက်မှာ ဆယ်စုနှစ် တခုမက အကျဥ်းထောင်နဲ့ နေအိမ် အကျယ်ချုပ်နေထိုင်ခဲ့ရပြီး ၂၀၁၀ ကနေ ၂၀၂၀ ခုနှစ် အကြားဆယ်စုနှစ် တခုမှာသာ လွတ်လပ်စွာနိုင်ငံရေး လုပ်ခွင့်ရခဲ့ပြီးနောက် အခုလို ၅ နှစ်ကြာ အကျဥ်းထောင်ထဲ အဆက်အသွယ်အားလုံး ဖြတ်တောက်ခံထားရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အကျဥ်းထောင်ထဲ ၅ နှစ်တိုင် သတင်းအချက်အလက် မထုတ်ပြန်ဘဲ ကန့်လန့်ကာချခံထားရသည့်တိုင် မြန်မာ့နိုင်ငံရေးမှာ သူ့ရဲ့ အခန်းကဏ္ဍက အရေးကြီးနေဆဲဖြစ်တာကို တွေ့မြင်နေကြရတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar