Breaking News

မောင်လူမွှေး - ဘဝမှာ ခဏတာသာ အိပ်မက်မက်ခွင့်ရခဲ့သူတွေ

မောင်လူမွှေး - ဘဝမှာ ခဏတာသာ အိပ်မက်မက်ခွင့်ရခဲ့သူတွေ

မိုးမခ ၊ မေ ၂ ၊ ၂၀၂၆


မောင်လူမွှေး ခဏတာရောက်နေတဲ့ ဒေသက ရေရှားတဲ့ တောင်ကုန်းတောင်ကြားဒေသဆိုတော့ ရေချိုးရင် ချောင်းထဲကို ဆင်းရတယ်။ နွေရာသီဆိုတော့ ချောင်းထဲမှာ ရေမစီးတော့ဘူး။ ဆောင်းရာသီနှောင်းပိုင်း ချောင်းရေစီးမရပ်ခင် ချောင်းထဲမှာ ဆည်တွေပိတ်ပြီး ရေကို ဆည်ထားကြရတယ်။ ချောင်းထဲက တစ်ဖက်ပိတ်ဆည်တွေထဲက ရေတွေဟာ ရေသေတွေမို့ ချိုးလို့မကောင်းဘူး။ ဆည်တွေရဲ့ဘေးမှာ လက်ယက်တွင်းလေးတွေ တူးပြီး အဲဒီလက်ယက်တွင်းက ရေတွေကို ခပ်ပြီး ချိုးကြရတယ်။

မောင်လူမွှေး ရေချိုးသွားတဲ့အခါ လူရှင်းမဲ့အချိန်ကို ရွေးပြီး သွားတတ်တယ်။ မောင်လူမွှေးလို လူရှင်းချိန် ရေလာချိုးတတ်တဲ့ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ ရေတွင်းမှာ ဆုံလေ့ရှိတယ်။

"အရင်တုန်းက တအားခက်ခဲတာ။ ဘယ်သွားသွား လမ်းတွေလည်း မကောင်းဘူး။ ပြီးခဲ့တဲ့ ဆယ်နှစ်လောက်ကမှ တစ်ရွာနဲ့တစ်ရွာ လမ်းတွေ ကောင်းသွားတာ။ လမ်းတွေလည်းကောင်းရော ခေတ်က ပျက်သွားတော့ပါပဲ" လို့ ခေါင်းလျှော်ဖို့ တရော်ခေါက်လေးကို ကျောက်ခဲနဲ့ထုနေတဲ့ အဘွားက မောင်လူမွှေးကို ပြောတယ်။

အဘွားတို့ ငယ်ငယ်ကစလို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ထိ အဘွားတို့ဒေသမှာ လမ်းတွေဟာ မကောင်းခဲ့ဘူး။ အချို့လမ်းတွေဆို နွားလှည်းတောင် မောင်းလို့မရဘူး။

"ကျမတို့ ငယ်ငယ်က ဆန်တစ်စိတ်တစ်ခွဲ လိုချင်ရင်တောင် ဆန်ရောင်းတဲ့ရွာကို ခြေလျင်သွားပြီး ခေါင်းပေါ်ရွက်ပြန်ခဲ့ရတာ။ တစ်နေကုန်နီးပါး ခရီးပဲ" လို့ နောက်အဒေါ်ကြီးတစ်ယောက်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့ပုံကို ဖြည့်ပြီး ပြောပြပါတယ်။

သူတို့ဒေသရဲ့ ရွာချင်းဆက်လမ်းတွေ၊ ရွာထဲက ကျောက်ချောလမ်းတွေဟာ ၂၀၁၅ ခုနှစ် NLD အစိုးရလက်ထက်မှာ ဖြစ်ပေါ်တိုးတက်ခဲ့တာတွေ ဖြစ်ပါတယ်။

"ရွာထဲကို အိမ်တိုင်ရာရောက် အဆင်သင့်သုံးဖို့ စိမ့်စမ်းရေရတာ၊ ဖုန်းတာဝါတိုင်တွေနဲ့ လျှပ်စစ်မီးတွေ ရတာတွေရော ဒေါ်အောင်ဆန်းစုကြည် လက်ထက်ကျမှ ရခဲ့တာ" လို့ ရေခွက်ကို မနိုင်တနိုင် တုန်တုန်ရီရီနဲ့ မပြီး ရေခပ်ချိုးနေတဲ့ အဘိုးတစ်ယောက်က ပြောပါတယ်။

နောက်တစ်ခုက ချောင်ကျတဲ့ သူတို့ဒေသလေးမှာ ကျေးလက်ဆေးခန်းတွေ ရှိနေတာဖြစ်တယ်။ ကျေးလက်ဆေးခန်းတွေဟာလည်း NLD အစိုးရလက်ထက်မှာ ဆောက်ထားတာမို့ အဆောက်အဦတွေဟာ အသစ်တွေ။ အဲဒီထဲက အချို့ကိုတော့ စစ်တပ်က မီးရှို့ဖျက်ဆီးထားတာကို တွေ့ရတယ်။

မောင်လူမွှေးနဲ့ ရေချိုးရင်း ဆုံတဲ့ အဘိုး၊ အဘွားတွေဟာ သူတို့ဘဝ တလျှောက်လုံး အာဏာရှင်အောက်မှာ ဆင်းရဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရတယ်။ အသက်ရှစ်ဆယ်ဝန်းကျင်ရှိပြီဖြစ်တဲ့ အဘိုးဟာ ကားတာယာဖိနပ်လေးကို စီးလို့။ တစ်ခေါင်းလုံး ဖြူနေတဲ့ အဘွားအိုဟာ ဖိနပ်အမြီးတိုလေးကို စီးလို့။

သူတို့ဘဝတွေရဲ့ နေဝင်ခါနီးအချိန်မတိုင်ခင်မှာ သူတို့ဟာ အသစ်တွေကို ရခဲ့တယ်။ လမ်းအသစ်တွေ၊ ရွာအစည်းအဝေးခန်းမသစ်တွေ၊ ဆေးခန်းအသစ်တွေ၊ စာကြည့်တိုက်အသစ်တွေ၊ ကျောင်းဆောင်သစ်တွေကို NLD အစိုးရလက်ထက်မှာ သူတို့ ရခဲ့ကြတယ်။

အသစ်တွေရပြီး မကြာမီမှာ စစ်အုပ်စုက အာဏာသိမ်းတယ်။ အသစ်တွေကို ဖျက်ဆီးပစ်တယ်။ သူတို့ဟာ စစ်အာဏာရှင်လက်အောက်မှာ တဘဝလုံးနီးပါး ဖြတ်သန်းလာပြီးမှ တိုးတက်မှုရဲ့ ရောင်ခြည်ကို မြင်တွေ့ခဲ့ရတယ်။ ပြီးနောက် ရုတ်တရက်ပဲ တခေတ်လုံး အမှောင်ကျသွားတာကို မြင်ရတော့ သူတို့ အံ့အားသင့်သွားကြမလား။ ကလေးတစ်ယောက် သူ လိုချင်တဲ့ အရုပ်အသစ်လေး ရပြီးခါစမှာ လူရမ်းကားတစ်ယောက်က သူ့အရုပ်ကို လုယူကိုင်ပေါက် ဖျက်ဆီးပစ်လို့ ကြေကွဲဝမ်းနည်းတဲ့ ခံစားမှုမျိုး သူတို့ ခံစားကြရမလား။ မောင်လူမွှေး တွေးနေမိတယ်။

တဘဝလုံး ခက်ခဲခဲ့တဲ့ သူတို့အတွက် တိုးတက်တဲ့ ဒီနှစ်ပိုင်းလေးဟာ ခဏတာ မက်ခွင့်ရတဲ့ အိပ်မက်လိုပဲ ဖြစ်မယ်။ သူတို့ဘဝရဲ့ နောက်ဆုံး အိပ်မက်ကောင်းလေးတစ်ခုလည်း ဖြစ်မယ်။ နိုင်ငံရဲ့ အခြေအနေအရ သူတို့ဘဝမှာ ဒီလိုအိပ်မက်မျိုး ထပ်မကြုံရနိုင်တော့တာ သေချာသလောက်ပဲ။

အဘိုးအိုဟာ ကားတာယာဖိနပ်ကို စီး၊ ပခုံးပြောင်ပြောင်မှာ ရေလဲဝတ် ပုဆိုးစုတ်လေးကို တင်၊ တောင်ဝှေးတစ်ချောင်းကို ထောက်ပြီး ကုန်းတက်လမ်းကို တကိုယ်လုံး တုန်တုန်ရီရီနဲ့ တက်နေရှာတယ်။ တခေါင်းလုံး ဖြူနေတဲ့ အဘွားအိုဟာ ရေစိုထဘီ ထည့်ထားတဲ့ ရေပုံးလေးကို ဆွဲပြီး ကုန်းပေါ်ကို တက်နေတယ်။ သူတို့ဘဝတစ်ခုလုံးရဲ့ ငြိမ်းချမ်း၊ စိတ်ချမ်းသာရတဲ့ အချိန်ဟာ အခု ရေချိုးသလောက် ကြာခဲ့ရဲ့လား။ ဘဝနေဝင်ချိန်မှာမှ တဘဝလုံး တောင့်တလာခဲ့တဲ့ အိပ်မက်တွေကို ရိုက်ချိုးခံလိုက်ရတဲ့ သူတို့အတွက် မောင်လူမွှေး ကြေကွဲရပါတယ်ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar