ထိုက်သူနိုင် - နိုင်ဝင်းဆွေဆီ ပို့ပေးပါ
နိုင်ဝင်းဆွေဆီ ပို့ပေးပါ
ထိုက်သူနိုင်
(မိုးမခ) မေ ၁၊ ၂၀၂၆
မာနယ်ပလော (KNU ဌာနချုပ်) ၁၉၉၃ ခုနှစ်။
ကရင်အမျိုးသားအစည်းအရုံး KNU ပြန်ကြားရေးဌာနဝန်ထမ်း ကိုပန်းခက်နဲ့ သူ့အမျိုးသမီး မခိုင်တို့ဖွင့်ထားတဲ့ ထူးရာစိုးလက်ဖက်ရည်ဆိုင်ကနေလှမ်းကြည့်ရင် ဆရာနိုင်ဝင်းဆွေနေတဲ့ အိမ်ကို ဒိုးယိုပေါက် လှမ်းမြင်ရပါတယ်။ ဒိုးယိုးပေါက်လို့ ကျနော်သုံးနှုန်းရတာက ကိုပန်းခက်ရဲ့ လက်ဖက်ရည်ဆိုင်က လမ်းဘေးကုန်းအမြင့်မှာ။ ဆရာနိုင်ဝင်းဆွေအိမ်က ကုန်းအောက်မှာ၊ ကာထားတဲ့ ခြံစည်းရိုးက လမ်းလျှောက်ရင်း ကျော်ဝင်လို့ရနိုင်သည့်အနေအထား၊ ဖြစ်ရုံကာထားတာပါ။ ခြံထဲမှာ တဲတလုံးရှိပြီး အခန်းနှစ်ခန်းနဲ့ မီးဖိုချောင်တခုပါပါတယ်။ ဒါကြောင့် ကုန်းမြင့်ဖြစ်တဲ့ လဘက်ရည်ဆိုင်ထဲက ကြည့်ရင် ဆရာနိုင်ဝင်းဆွေရဲ့တဲထဲအထိ လှမ်းမြင်ရတဲ့အတွက် ဒိုးယိုးပေါက်လို့ သုံးနှုန်းတာပါ။
ကိုပန်းခက် လက်ဖက်ရည်ဆိုင်ဆိုတာလည်း စားပွဲအသေး သုံးလေးလုံးနဲ့ လူဆယ်ရောက်လောက်လာထိုင်ရင် ထပ်ထိုင်စရာ နေရာ မလုံလောက်တော့တဲ့ မည်ကာမတ္တလက်ဖက်ရည်ဆိုင်ပါ။
လက်ဖက်ရည်ဆိုင်ဘေး မြေနီလမ်း လမ်းမပေါ် KNU ရဲဘော်တချို့စီးသွားတဲ့ အမိုးဖွင့်ဟိုင်းလတ် ကားတွေ ဖြတ်မောင်းသွားရင် ဖုန်မှုန့်တွေ လက်ဖက်ရည်ဆိုင်ထဲကိုဝင်လာတတ်သလို ဆရာနိုင်ဝင်းဆွေ အိမ်ထဲသို့ အလိပ်လိုက် လှိမ့်ဝင်သွားတတ်ပါတယ်။ ဆောင်းရာသီတွေမှာတော့ မာနယ်ပလောက ဖုန်ထ နည်းပါတယ်။
ကိုပန်းခက် လက်ဖက်ရည်ဆိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေအဖွဲ့ဝင်တွေ ဒေါ်အောင်ဆန်းစုကြည်လမ်းလို့ နာမည်ပေးထားသော လမ်းဆုံမှာရှိပြီး KNU စစ်ရေးပြကွင်းကနေ နာရီဝက်အတွင်း လမ်းလျှောက်သွားလို့ရတဲ့နေရာမှာ ရှိပါတယ်။
လမ်းဘေးမှာ ဆရာနိုင်ဝင်းဆွေရဲ့ တဲ၊ သူ့တဲနဲ့ကပ်ရက်တခြားတဘက်မှာတော့ မဲတုကီချောင်းသေးလေးရှိပြီး ချောင်းတဘက်က ရဟန်းပျိုသမဂ္ဂ အရှင်ခေမာစာရရဲ့ ကျောင်းရှိပါတယ်။
ဆရာနိုင်ဝင်းဆွေနဲ့ အတူနေတဲ့ ကဗျာဆရာ ကိုတိုက်အောင်က ဆရာက ခင်ဗျားကို တွေ့ချင်လို့
လာခဲ့ပါအုံး လို့ ကျနော် လာခဲ့တာပါ။ ကျနော် မာနယ်ပလောကနေ ခြောက်လကျော်လောက်
ပျောက်သွားပြီး (ကရင်နီဘက်ကိုရောက်နေပြီး) ပြန်ရောက်လာတာကိုသိတဲ့အတွက် စကားပြောဖို့ တကုတက လှမ်းခေါ်တာလို့ နားလည်ပါတယ်။
ဆရာနိုင်ဝင်းဆွေ တဲကိုရောက်သည့်အချိန် ခစစောင့်နော်ဆရာ တရားထိုင်နေလို့ ဆိုပြီး ကိုတိုက်အောင်ကပြောလို့ ကျနော် သူ့တဲအဝင်မှာ ထိုင်စောင့်နေပါတယ်။ ဆရာနိုင်ဝင်းဆွေ တရားနေထိုင်နေတာကို ကျနော်ထိုင်နေတဲ့နေရာက လှမ်းမြင်ရပါတယ်။ ကျနော် သူ့နောက်ကျောကို ကြည့်ပြီး စောင့်နေပါတယ်။
ကွန်မြူနစ်တွေအသက်ကြီးလာရင် ဘာသာရေးတွေ ပိုလုပ်ကြတယ်။ အာပတ်ဖြေတာပေါ့ကွာ
ဆိုပြီး ABSDF ခေါင်းဆောင်တယောက် ခပ်နောက်နောက် ာတာ သတိရလိုက်မိပါတယ်။
ဆရာနိုင်ဝင်းဆွေဟာ မယုံနိုင်လောက်အောင် ဘာသာရေး ကိစ္စတွေကို စွဲစွဲမြဲမြဲ လိုက်နာကျင့်ကြံနေသည်ကို သတိထားမိပါတယ်။ သိပ်မကြာခင် လပိုင်းကပဲ ကိုမိုးသီးဇွန်နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုမြင့်ဇော် (ကွယ်လွန်) တို့ သူ့ကို သင်္ကန်းစီးပေးခဲ့တဲ့သတင်းကို ကြားမိပါတယ်။
ဆရာနိုင်ဝင်းဆွေဟာ မဟူရာမေတ္တာ၊ ရေဆန်လမ်း၊ မသိန်းရှင်ဆီပို့ပေးပါ၊ နွေတည၊ မြစပယ်ရုံစတဲ့ ဝထ္ထုတွေနဲ့ မြန်မာစာပေလောကမှာ မေှာ်စရာတယောက်လို့ လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့၊ ထင်ရှားတဲ့သူတယောက်ဆိုတာ ကျနော်သိပါတယ်။
သူရေးတဲ့ကဗျာထဲကလို ကာဝိုင်းတောင်မကြီးထိပ်က ဝ, ဒိုင်နယ်ရုံးကလေးကနေ ဖလံတောင်ဝှေးတွေပေါက်တဲ့ မာနယ်ပလောကို သူ ဘယ်အချိန် ရောက်လာခဲ့တယ်ဆိုတာတော့ ကျနော်မသိပါ။
သူ့ အသက် ၄၀၊ ကလောင်သက် ၂၅ နှစ်၊ ၁၉၉၁ ခုနှစ်က ကလောင်ငွေရတု အထိမ်းအမှတ်ရေးဖွဲ့ခဲ့တဲ့ ကဗျာတပုဒ်မှာ ...
' အရွယ် '
ပြည့်ဝန်းတဲ့ နှစ်လေးဆယ်မှာ
တေးလေးတဖဲ့
အမှတ်တရနဲ့ ကျနော်
ရေးဖွဲ့ခဲ့ဖူးရဲ့။
အဲသည်တုန်းက
ပြီးတော့လည်း အမှတ်တမဲ့နဲ့ဘဲ
ပျောက်လည်း ပျောက်ကွယ်သွားဦးမယ့်
အချစ်မီးလေးတခဲ
ရင်ထဲမှာ စွဲငြိဆဲလေ … …
အချစ်ကိုချစ်
အလှကိုချစ်
အနုပညာကို ချစ်သူရဲ့
အချစ်တွေအုံဖွဲ့လို့။
‘အမြဲတမ်းမြူနှင်းတွေ
မှိုင်းပြပေနေတဲ့ ကာဝိုင်းတောင်မကြီးထိပ်က
ဝ,ဒိုင်နယ်ရုံးကလေး ရှေ့မှာ
က,မြူး ခုန်ပေါက်နေတဲ့
အမွှေးဖွား ခွေးကလေးနဲ့
ဆော့ကစားနေတဲ့ ကျနော်လေ … ’
‘အနုပညာကို ချစ်
ယုံကြည်ချက်ကို ချစ်
သစ္စာတရားကို ချစ်
လောကကို ငါချစ်တယ်
အချစ်ကြောင့်ပဲ ကွန်မြူနစ်လည်း ဖြစ်လာတယ်။'
* ငွေ ရွှေ ရတု (နိုင်ဝင်းဆွေ) ကဗျာထဲမှ
ပြီးခဲ့တဲ့ ခြောက်လလောက်က ကျနော် KNU ရဲ့ တပ်မဟာ ၃ ရှေ့တန်း ကျောက်ကြီးဘက်မှာ
တနှစ်လောက် တာဝန်ထမ်းပြီး ပြန်ရောက်တဲ့အချိန် ဆရာ နိုင်ဝင်းဆွေက တွေ့ချင်တယ်ဆိုလို့
ဒီတဲမှာပဲ တခါလာတွေ့ရပါတယ်။
အဲဒီတုန်းကလည်း သူ့တပည့် ကိုတိုက်အောင်ကပဲ ဆရာက ခင်ဗျားနဲ့ စကားပြောချင်လို့ဆိုပြီး လာခေါ်လို့ လာခဲ့တာပါ။ ဆရာနိုင်ဝင်းဆွေက မာနယ်ပလောမှာ စာပေနှင့်အနုပညာကလပ် (လွတ်မြောက်နယ်မြေ) ရဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့အချိန် သစ္စာရီဗျူးစာစောင်ထုတ်ဝေပြီး နိုင်ငံရေးစစ်တမ်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်း မိတ်ဆက်များ ဆောင်းပါးတွေနဲ့ သုံးဘက်မြင် အနုပညာစစ်တမ်းဆိုတာတွေ ရေးနေတဲ့အချိန်ပါ။
ကျနော်က အသက် ၂၁ နှစ်၊ ၂၂ နှစ် ဝန်းကျင်၊ စာပေနဲ့ အနုပညာကလပ်မှာ တက်တက်ကြွကြွပါဝင်ပြီး လူကြီးတွေ တခုခု ခိုင်းရင် ဖင်ပေါ့တာကလွဲလို့ ကြီးမား ကျယ်ပြန့်တဲ့ စာပေနယ်ဆိုတာ ကျနော်နဲ့ အလှမ်းဝေးပါတယ်။ စာဖတ်တယ်၊ ကဗျာဖတ်တယ်၊ ကြိုက်ရင် အလွတ်ကျက်ပြီး မကြာခန လူတွေကို ရွတ်ပြတတ်တယ်၊ ဒေါင်းအိုးဝေမှာတော့ တခါတလေ ဝတ္ထုတိုလေး၊ ဆောင်းပါးလေး၊ ကဗျာလေး ရေးပါတယ်။ စာပေကို တန်ဖိုးထား စိတ်ဝင်စားတဲ့အတွက် စာရေးတဲ့သူတွေနဲ့ အနေနီးပါတယ်။
သစ္စာရီဗျုးမှာ ဆောင်းပါးတွေရေးဖို့၊ ကျနော့ဆောင်းပါးတွေကို လိုအပ်ရင် သူပြင်ပေးမယ့်အကြောင်း ဆရာနိုင်ဝင်းဆွေ ကမ်းလှမ်းတာဟာ ကျနော့အတွက် နည်းတဲ့ အခွင့်အရေး မဟုတ်ပါဘူး၊ ခင်ဗျား ဒေါင်းအိုးဝေမှာ ရေးတဲ့ စာတွေ ကျနော်ဖတ်တယ်ဆိုပြီး ကျနော့ကို လူရာသွင်းပြီး တကုတကခေါ် စကားပြောတာလည်း ကျနော့အတွက် အင်မတန် တန်ဖိုးကြီးတဲ့ ဆုလာဘ်တခုဖြစ်ခဲ့ပါတယ်။
တောထဲမှာဆိုတော့ စာရေးနိုင်တဲ့သူ နည်းတော့ ကျနော့ကို သူ အာရုံစိုက်မိတာဖြစ်နိုင်ပြီး ကျနော်က စာပေနှင့် အနုပညာကလပ် အစည်းအဝေးမှန်မှန်တက်တဲ့သူ၊ လူကြီးတွေခိုင်းရင် ပေါ့ပေါ့ပါးပါး လုပ်တတ်တဲ့သူမို့ သူ သတိထားမိတာ ဖြစ်နိုင်ပါတယ်။ တခြားသူတွေက တာဝန်ကြီးကြီးယူတဲ့သူတွေဆိုတော့ သာမန်ရဲဘော်ဖြစ်တဲ့ ကျနော့ကို သူ့စာစောင်မှာ ခိုင်းရင် ပိုအဆင်ပြေမယ်ဆိုပြီး တွေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပြည်တွင်းမှာဆို ဆရာနိုင်ဝင်းဆွေနား ကပ်နိုင်ဖို့ လွယ်မှာ မဟုတ်ပါဘူး။
ဆရာက ဖြစ်နိုင်ရင် သူ့တဲမှာ သူနဲ့အတူ လာနေပြီး စာစောင်ထုတ်ဝေရေးကိစ္စတွေကို အတူတူလုပ်ဖို့ ပြောပါတယ်။ စားဖို့ သောက်ဖို့ မပူနဲ့၊ သူ့တပည့် ကိုတိုက်အောင်ကလည်း ခင်ဗျားလာနေမယ်ဆိုရင် ကျနော်လည်း အားရှိတယ်။ အတူတူလုပ်ကြမယ်ဆိုပြီး ဝမ်းပန်းတသာကြိုဆိုပါတယ်။
ကျနော် နှစ်ခါ မခေါ်ရပါဘူး၊ ချက်ချင်းပဲ လက်ခံပါတယ်။ ABSDF က ထွက်စာတင်ထားတယ်၊
ထွက်ခွင့်ရတာနဲ့ ပြောင်းလာခဲ့မယ်ဆိုပြီး ကျနော် ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ABSDF ရဲ့
အရုပ်ဆိုး အကျည်းတန်တဲ့ နိုင်ငံရေးမုန်တိုင်း၊ လှိုင်းဂရက်တွေကြားမှာ ကျနော်ဟာ ဘာမှန်းမသိတဲ့ အမှုတခုနဲ့ အရေးယူခံရသူတယောက် ဖြစ်နေခဲ့ပါတယ်။ နောက်ရက်ပိုင်းက စပြီး ကျနော့ကို အပြင်သွားလာခွင့် ပိတ်ပင်ပြီး အလုပ်ကြမ်းနဲ့ အကျယ်ချုပ် ချထားတဲ့အကြောင်း ၂၀၈ တပ်ရင်းမှူး ကိုမျိုးသန့် (ကွယ်လွန်) က ပြောပါတယ်။
ကိုမျိုးသန့်က ကိုမိုးသီးဇွန်ဉီးဆောင်တဲ့ ABSDF ရဲ့ စစ်ကော်မရှင် အတွင်းရေးမှူးပါ။ ရှေ့တန်းရဲ့
ညွှန်ကြားချက်အရ အခုလို ထိန်းသိမ်းတာ ဆိုပြီး ၂၀၈ တပ်ရင်းမှူး ကိုမျိုးသန့် က ပြောပါတယ်။
ကျနော့ကို ရန်သူသူလျှိုအဖြစ် သံသယရှိတဲ့အတွက် ဖမ်းဆီးလိုက်တာ ဖြစ်တဲ့အကြောင်း
ကျနော် နောက်ပိုင်းမှ နားလည်လာပါတယ်။ ကျနော်နဲ့ ရင်းနှီးတဲ့ ကိုလွမ်းဏီတို့ ကိုဇော်မင်းတို့ကိုယ်တိုင် ကျနော့ကို ကယ်ဖို့ အခြေအနေ မပေးတော့ပါဘူး။ ကိုမိုးသီးဇွန် ခရီးထွက်နေတဲ့အတွက်
ပြန်လာရင် ဒီကိစ္စ ပြေလည်အောင်ညှိနိုင်းပါ့မယ်။ လက်လွန်ခြေလွန်မဖြစ်စေရပါဘူး။
အေးအေးဆေးဆေး စခန်းထဲမှာပဲနေပြီး ခိုင်းတဲ့အတိုင်းနေဖို့ ကိုလွမ်းဏီအပါအဝင် တာဝန်ရှိသူတချို့က ဖျောင်းဖျပါတယ်။
၂၀၈ ကုန်းလို့ ခေါ်တဲ့ စခန်းကနေ အပြင်ထွက်ခွင့် မရတော့တဲ့အတွက် ကျနော် ဆရာနိုင်ဝင်းဆွေဆီ မရောက်ဖြစ်တော့ပါဘူး။ သစ္စာရီဗျုးထုတ်ဝေရေးမှာ ကျနော် မပါဝင်ဖြစ်တော့ပါဘူး။
လက်နက်ကိုင် အုပ်ချုပ်ခွင့်ရချိန်မှာ လူ့အခွင့်အရေးနဲ့ ရဲဘော်ရဲဘက်စိတ်ကို တန်ဖိုးထားဖို့
အားနည်းသွားတတ်တဲ့၊ အမိန့်ပေးရတာကို ပျော်မွှေ့သွားတတ်တဲ့ ခေါင်းဆောင်တချို့ရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်တဲ့အတွက် အသက်စွန့်ပြီး ကျနော် ထွက်ပြေးခဲ့ပါတယ်။
ကံကောင်းထောက်မစွာ လက်မသီလေး လက်လွတ်မြောက်သွားခဲ့ပါတယ်။ နောက် ၆ လလောက်အကြာမှ မာနယ်ပလောကို ပြန်ရောက်လာခဲ့ပါတယ်။
ဆရာနိုင်ဝင်းဆွေရေးတဲ့ မိုးမခဘူး ကဗျာထဲကလို ...
"ချိန်ခါတန်တော့လည်း
ဖုံးလွှမ်းရေများ၊ ကျသွား ထွက်ပြေး
မိုးမခ ပင်ဟာ
ရွှံ့နွံထဲက ကုန်းရုန်းထ
လှပ နေခြည်သစ်အောက်မှာ
ရွက်သစ်စိမ်းတွေ ဖားလျား ဖြန့်ဝေ။
အနည်းအပါးတော့ ယိုင်နဲ့ သွားခဲ့၊
အနည်းအပါးတော့ ညှိုးနွမ်းသွားခဲ့ရ၊
အနည်းအပါးတော့ ကျိုးပျက် ပဲ့ရွဲ့သွား။
“အသေးအနှုတ် အဖွဲ့ကလေးတွေ
ရေက တိုက်စားသွားခဲ့၊ သွားပါစေလေ”
ဒဏ်ရာတွေနဲ့
ဒါပေမဲ့ ပြုံးနေတဲ့ မျက်နှာကို
မိုးထက် ဝဠာ သို့ မော့လို့။ ...'
* မိုးမခဘူး (နိုင်ဝင်းဆွေ) ကဗျာထဲမှ ...
တော်လှန်ရေးခရီးဟာ သူ့ ကဗျာထဲကလောက်တော့ မချောမွေ့ခဲ့ပါဘူး၊ လူတွေရဲ့ ရှင်တန်မှု စက္ကန့် ပိုင်းအတွင်း ပြောင်းလဲသွားနိုင်တဲ့နေရာနဲ့ကာလမှာ အနည်းအပါးယိုင်နဲ့သွားတာမျိုးမဟုတ်တော့ ပြန်ရပ်တည်နိုင်ဖို့ ရှေ့ဆက်ဖို့ အချိန်ယူရပါတယ်။ ဘာပဲဖြစ်ဖြစ် ဘဝဆိုတာ သူ့ကဗျာထဲက မိုးမခပင်တွေလို ရွံနွံထဲက ကုန်းရုန်းထပြီး ရှေ့ဆက်နေကြရတာကို သတိထားမိပါတယ်။ မှတ်မှတ်ရရ သတိထားမိတာကတော့ ဆရာနိုင်ဝင်းဆွေဟာ ကျနော် မာနယ်ပလောနဲ့ဝေးသွားခဲ့တဲ့ ခြောက်လောက်အတွင်း တရားထိုင်တာ၊ သမာဓိတည်ဆောက်တာတွေ တော်တော်လုပ်နေပြီး တော်တော်လေး ပြောင်းလဲသွားတာ တွေ့ရပါတယ်။
သူတရားထိုင်တာပြီးအောင် စောင့်နေရတာ နာရီဝက်ကျော်ကျော် ကြာမယ်ထင်ပါတယ်။ ကျနော်
တဲရှေ့မှာ ထိုင်နေတုန်းမှာပဲ ဆရာနိုင်ဝင်းဆွေ တရားထိုင်ပြီးပါတယ်။ သူက ကိုထိုက်သူနိုင်လို့ပဲ
ကျနော့ ကလောင်နာမည်ကို ခေါ်ပါတယ်။
ခင်ဗျား ပြန်ရောက်လာတာ ကျနော် သိပ်ဝမ်းသာတယ်တဲ့၊ သတင်းတွေ အားလုံး ကျနော် ကြားတယ် (ထွက်ပြေးလွတ်မြောက်သွားတဲ့ သတင်းတေွ၊ ပစ်ခတ်ဖမ်းဆီးတဲ့ သတင်းတွေနဲ့အဝေးရောက်သွားခဲ့တဲ့ သတင်းတွေကို ဆိုလိုတာပါ)။ အိမ်မှာ မကျုံ (သူ့ဇနီး) မုန့်ဟင်းခါးချက်ထားတယ်၊ မီးဖိုးချောင်ထဲမှာ စားသွားလို့ ပြောပါတယ်။ ပြီးတော့ ကျနော့ကိုထားခဲ့ပြီး တနေရာကို ထွက်သွားပါတယ်။
ကျနော့ကို ကိုတိုက်အောင်က မီးဖိုချောင်ထဲခေါ်ပြီး မုန့်ဟင်းခါးကြွေးပါတယ်။ မုန့်ဟင်းခါးက ရှိတာနဲ့ ဖြစ်သလိုချက်ထားတဲ့ မုန့်ဟင်းခါးပါ။ မီးဖိုချောင်လို့ပြောပေမဲ့ ထိုင်စရာနေရာမရှိပါဘူး။
ကြမ်းပြင်ပေါ်မှာပဲ ထိုင်စားပါတယ်။ မီးဖိုချောင်ကြမ်းခင်းတွေက သတိထားပြီးမသွားရင် ခြေကျွံကျနိုင်လောက်တဲ့အထိ မညီမညာ ခင်းထားတာပါ။
ပိုဆိုးတာကတော့ မီးဖိုချောင် အပေါ်က အမိုးနေရာ တော်တော်များများ မလုံတော့ပါဘူး။
တောထဲမှာ အင်ရွက်တွေဒီလောက်ပေါတာ၊ မိုးရာသီဆိုရင် ဆရာ့ဇနီး ဒေါ်ကျုံ ဒီမှာ ဘယ်လိုချက် ပြုတ်မလဲ၊ အားတဲ့တရက် မီးဖိုချောင်ပြန်မိုးရအောင်ဗျာ၊ ကျနော့ကို ခေါ်လိုက်၊ ကျနော်ကူလုပ်ပေးမယ် ဆိုပြီး မုန့်ဟင်းခါးစားရင်း ကိုတိုက်အောင်ကို ပြောဖြစ်ပါတယ်။
ကိုတိုက်အောင်ကတော့ ဆရာက ခင်ဗျား ဘေးမသီရန်မခ ပြန်ရောက်လာတာကို သိပ်ဝမ်းသာနေတာ၊ သူက စာပေကလပ်ထဲက အဖွဲ့ဝင်တွေအပေါ် သိပ်သံယောဇဉ်ရှိတယ်။ အထူးသဖြင့် ခင်ဗျားကို မိသားစုဝင်တယောက်လို သဘောထားတာဆိုပြီး ပြောပါတယ်။ ခင်ဗျားထွက်ပြေးတဲ့အချိန်၊ ပစ်ခတ်ဖမ်းတယ်ဆီးတယ် သတင်းတွေကြားတော့၊ ထိုက်သူနိုင် ဘယ်ရောက်သွားပြီလဲ။ လွတ်ရဲ့လား၊ ဘာကြားသေးလဲ ဆိုပြီး စိုးရိမ်ပြီး ခဏခဏ မေးတယ်တဲ့။
ကျနော် ဆရာနိုင်ဝင်းဆွေကိုမတွေ့တော့ပဲ ကိုတိုက်အောင်နဲ့ပဲ စကားတွေ ပြောဖြစ်သွားပါတယ်။
ခင်ဗျားပြန်ရောက်လာတာ ကျနော်သိပ်ဝမ်းသာတယ် ဆိုတာ တခွန်းနဲ့၊ မုန့်ဟင်းခါးစားသွားဖို့ ပြောပြီး ဆရာနိုင်ဝင်းဆွေက အပြင်ကိုထွက်သွားလို့ အဲဒီနေ့က စကားဆက်မပြောဖြစ်ခဲ့ပါဘူး။
ဆရာက ဒီရက်ပိုင်း လူတွေနဲ့ စကားသိပ်မပြောတော့ဘူးလို့ ကိုတိုက်အောင်က ပြောပါတယ်။
အားရင် တရားထိုင်နေတာ၊ သူ့ဘာသာသူ တယောက်တည်းလမ်းလျှောက်နေတတ်တာများတယ်တဲ့။
ခင်ဗျား ပြန်ရောက်လာတယ်ကြားလို့ သူတွေ့ချင်လို့ဆိုပြီး တကုတက ခေါ်ခိုင်းတာပြန်တွေ့ချင်လို့ နှုတ်ဆက်ချင်လို့ ခေါ်တာတဲ့၊ သစ္စာရီဗျုးအတွက် စာတွေရေးမယ်ဆို ရေးထားဖို့ ပြောပါတယ်။
ခနနေတော့ ကိုတိုက်အောင်ကို နှုတ်ဆက်ပြီး ကျနော်လည်း ပြန်ခဲ့ပါတယ်။
ဆရာနိုင်ဝင်းဆွေကိုတော့ လိုက်မရှာဖြစ်တော့ပါ။
နောက်ပိုင်း ဒေါင်းအိုးဝေစာစောင်အတွက် စာမူစုတာ၊ ဒီမိုကရက်တစ်မြန်မာ့အသံအတွက် အသံသွင်းတာ၊ စစ်မြေပြင် သတင်းထောက်အဖြစ် သွားလာ သတင်းယူနေတာတွေကြောင့် သစ္စာရီဗျုးအတွက် စာတွေလည်း မရေးဖြစ်တော့ပါ။
တကယ်တော့ သစ္စာရီဗျုးမှာ ဆရာနိုင်ဝင်းဆွေရေးတဲ့ နိုင်ငံရေးစစ်တမ်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်း မိတ်ဆက်များ ဆောင်းပါးတွေ တော်တော်များများ ကျနော်မဖတ်ဖြစ်တဲ့ ဆောင်းပါးတွေ များပါတယ်။ ကျနော်က သူရေးနေကြ ဘဝသရုပ်ဖော်ဝထ္ထုတွေ၊ မသိန်းရှင်ဆီပို့ပေးပါလို၊ နွေတညလို ဘဝသရုပ်ဖေါ် ဝထ္ထုတွေကိုပဲ ရေးစေချင်ပါတယ်။
၁၉၉၃ ခုနှစ် မေလလောက်မှာ ကျနော် မာနယ်ပလောကို ကျောခိုင်းခဲ့ပါတယ်။ ဘန်ကောက်မှာ
ဒေါင်းအိုးဝေ စာစောင်အတွက် တာဝန်ယူလုပ်ကိုင်ဖို့သွားရင်း နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဒီမိုကရက်တစ်မြန်မာ့အသံအတွက် အသံလွှင့်ဖို့ လူလိုတဲ့အတွက် ကျနော်ကို စေလွှတ်ပါတယ်။
အင်တာနက်နဲ့ လူမှုကွန်ယက် မရှိသေး၊ ဖုံးပြောရင် တယ်လီဖုံးခ ဈေးကြီးလို့ စက္ကန့်သုံးလေးဆယ်အတွင်း ပြီးအောင်ပြောရတဲ့ အချိန်မှာ၊ နိုင်ငံရေး စစ်ရေး ယေဘုယျအခြေအနေတွေကလွဲလို့ ဆရာနိုင်ဝင်းဆွေရဲ့ သတင်းနဲ့ မိတ်ဆွေတချို့အကြောင်း လပေါင်းများစွာ ကျနော်အလှမ်း ဝေးနေခဲ့ပါတယ်။ ကိုငြိမ်းဝေ (ကဗျာ့အိုးဝေ) အော်စလို ရောက်လာမှ မာနယ်ပလောက သတင်းတေွ၊ မိတ်ဆွေတွေရဲ့ အကြောင်းတွေ မိုးလင်းမိုးချုပ်မေးရပါတယ်။ ဟဲ့ကောင်လေး အဲဒီအကြောင်း ငါပြောပြီးသား ဆိုပေမဲ့ ထပ်ပြောပါအုံးဆိုပြီး အဝ နားထောင်ရပါတယ်။သိပြီးသားအကြောင်းအရာတော်တော်များများ
ဂျီတိုက်ပြီး ကိုငြိမ်းကို ပြန်ပြောခိုင်းရပါတယ်။
.........
၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ နော်ဝေးနိုင်ငံ အော်စလိုမြို့ ပြတင်းပေါက်ကနေ နှင်းတွေ တဖွဲဖွဲကျနေတာကို ကြည့်ရင်း မာနယ်ပလောရဲ့ စစ်သတင်းတွေ ရသလောက် ကျနော်တို့ နားထောင်နေပါတယ်။
အီးမေး မပေါ်သေးတဲ့အချိန် အင်တာနက်မပေါ်သေးတဲ့အချိန်မို့ ထိုင်းဘက်က ဖုန်းလာတာကို စောင့် ရင်း ဘယ်သူတွေ ကျဆုံးသွားပြီ။ ဘယ်စခန်းတွေကို ထိုင်းဘက်ကို ရွေ့ကြပြီ စတဲ့ သတင်းတွေကို နားထောင်ရင်း ခင်မင်ရင်းနီးတဲ့ ရဲဘော်ရဲဘက်တွေဘေးကင်းစေဖို့ ဆုတောင်းနေရပါတယ်။ ညက တော့ အော်စလိုမြို့ နော်ဝေပါလီမန်ရှေ့မှာ ထိုင်းနယ်စပ်က ရဲဘော်တွေအတွက် ဖရောင်းတိုင်မီးထွန်း ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။
အဝေးရောက်သွားတဲ့သူတွေအဖို့ တောက်ခေါက်တာနဲ့ ဆုတောင်းတာပဲ အကောင်းဆုံး လုပ်နိုင်တော့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။
၁၉၉၅ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်မှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဌာနချုပ် မာနယ် ပလောက်ကို မြန်မာစစ်တပ်က သိမ်းပါတယ်။
ဆရာနိုင်ဝင်းဆွေ ကျန်ခဲ့တဲ့ ဟွေးဖေါလူရွာကတဲလေး မီးခိုးငွေ့တွေကြားမှာ ပြာကျသွားပြီဆိုတဲ့
စိတ်မကောင်းစရာ သတင်းတခုကို နောက် လအနည်းငယ်အကြာမှာ သိရပါတယ်။
ငှက်ဖျားရောဂါဒဏ်ခံစားရင်း၊ စိတ်ကျန်းမာရေးပါ ချို့ယွင်းလာပြီးတဲ့နောက် သူ့ကို လေးစားတန်ဖိုးထားသူတွေကိုပါ လက်ခံစကားမပြောတော့ဘူးဆိုတဲ့ သတင်းတွေ စောစောပိုင်းကတည်းက ကြားနေခဲ့ပါတယ်။ ကျန်းမာရေး မကောင်းဘူး၊ စိတ်ကျန်းမာရေးပါ ချို့ယွင်းလာပုံရတယ်။ သူ့ကို ဘယ်သူမှ ခေါ်လို့မရဘူး။ ဟွေးဖောလူမှာ ကျန်ခဲ့တယ်ဆိုတဲ့ သတင်းက နောက်ဆုံးပါပဲ။ နောက်ဆုံးတော့ ကျဆုံးသွားပြီး ဆိုတဲ့ သတင်းကပဲ အတည်ဖြစ်ခဲ့ပါတယ်။
ဝီကီပီးဒီးယားမှာတော့ ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မာနယ်ပလော ဌာနချုပ်အနီး ဟွေးဖောလူရွာမှာ သူ ကျဆုံးသွားခဲ့တယ်လို့ မှတ်တမ်းတင်ပါတယ်။ သူ့အလောင်းကို မြေမြုပ်ချိန်မရ တော့တဲ့အတွက် အသက်မဲ့တဲ့ ခန္ဓာကိုယ်ပေါ်မှာ တော်လှန်ရေး ရဲဘော်တချို့တောပန်းပွင့်တွေ ဖုံးပေးခဲ့တယ်လို့ ရေးပါတယ်။ ရှင်သန်ရပ်တည်ရေး၊ ခုခံရေးစစ်ပွဲကြားမှာ ဘဝတခုလုံးကို ကျောပိုးအိတ်ထဲထည့် အားလုံး ခရီးဆက်ကြရတဲ့အချိန် တောပန်းတွေ ဖုံးပေးခဲ့ကြတာကို ကျေးဇူးတင်မိပါတယ်။ နောင်သိပ်မကြာခင် လပိုင်းတွေမှာ သူနဲ့အတူနေတဲ့ ကိုတိုက်အောင်လည်း သူ့ကိုယ့်သူ အဆုံးစီရင်သွားတဲ့ သတင်းဆိုးတပုဒ်ကို ကြားရပြန်ပါတယ်။
လက်နက်ကိုင်လှုပ်ရှားမှုတွေနဲ့ စစ်ပွဲတွေကြားမှာ လူတွေ အသက် မရှည်ခဲ့တာ အံဩစရာတော့
မဟုတ်ပါဘူး။
အနှစ် ၃၀ ကျော်ခဲ့ပါပြီ။ ကျနော် အမေရိကန်ပြည်ထောင်စုကိုရောက်တာ အနှစ် ၃၀ ရှိသွားပါပြီ။
နယ်စပ်ကအကြောင်းအရာတချို့ ပြန်တွေးလိုက် မေ့သွားလိုက်နဲ့ သတိရသလောက် ချရေးဖို့
ပျက်ကွက်သွားတဲ့နှစ်တွေ အများကြီး ရှိသွားပါပြီ။ တကယ်တမ်းကျ နှစ်တွေကြာတဲ့အခါ
လူတယောက် ကျဆုံးသွားတဲ့နေရာကို မှတ်မိဖို့ နေနေသာသာ ပျောက်ဆုံးသွားတဲ့ ရွာတွေကိုတောင် နယ်စပ်ပြန်ရောက်ရင် လက်ညှိုးနဲ့ ရမ်းထိုး နေကြရတာပါ။
ဆရာနိုင်ဝင်းဆွေ ကျဆုံးသွားတဲ့နေရာကို မှတ်မှတ်ထင်ထင် ပြောပြနိုင်တဲ့သူ ရှိချင်မှ ရှိပါလိမ့်မယ်။ သူရေးခဲ့တဲ့ ငွေ ရွှေ ရတု ကဗျာလေးကိုတော့ ကျနော် မကြာခဏဆက်ဖတ်ဖြစ်ပါတယ်။
'၁၉၈၆'
ကလောင်နှစ် နှစ်နှစ်ဆယ်
ပထမအရွယ်နေ့
ကျနော့်ရွှံ့အိမ်ဖြူလေးရဲ့ နံရံထက်မှာ
ကျနော်က
ဟင်အင်း … ညီအကိုတို့
‘အာဏာ
ငွေ
ကျော်ဇောခြင်း နှင့်
ရောင်းဝယ်ခြင်း မပြုမှသာ
‘အနုပညာရဲ့ တြိသီလတရား လို့
ကျနော် ကိုးကွယ်ထားတယ် ။
ဟုတ်တယ် … ညီအကိုတို့
တဂိုးရဲ့တရား တဂိုးရဲ့စကား တဂိုးရဲ့ အနုပညာနှလုံးသား
ကျနော် ကိုးကွယ်ထားတယ်။
‘ဘင်္ဂလားပြည်ရဲ့ ခေါင်းဆောင်သစ်
ငါမဖြစ်ချင်ဘူး တဲ့
‘ဟုတ်တယ် … ညီအကိုတို့
တကယ်လို့ နောင်ဘဝမှာ
လူပြန်လာဖြစ်ခဲ့ရင်လည်း
ကျနော်လည်းလေ …
လုံမလေးတွေ ထောပတ်မွှေရာ
ဘရိန္တာ တောအုပ်ထဲက
သော်ကပင်ရိပ်အောက်မှာ
ပုလွေကြူအေး
လောကအတွက်တေး
သီကုံးပေးနေတဲ့
နွားကျောင်းသားလေးပဲ ဖြစ်ချင်တယ်။
မနှစ်ကတော့
ဖလံတောင်ဝှေးများ ဖြစ်ထွန်းရာ တိုင်းပြည်မှာ
မာနယ်ပလောရဲ့သောင်ရင်းမြစ်ကမ်းမှာ
နွားကျောင်းသားလေးများ ဖွားသန့်စင်ရာ
စာသဘင်တေးကို သီကျွေးတဲ့အခါ
တေးလေးတပိုဒ်
ကျနော် ရေးလိုက်ဖူးရဲ့။
သဲကန္တာရ မုန်တိုင်းထဲမှာ
နိုင်ငံရေးသမားအိုဟာ
တောင်ဝှေးကို ထောက်ကိုင်လို့
ဖယိုဖရဲ အပြိုပြို အကွဲကွဲ လူအုပ်ကြီးကို
(တချို့က နောက်ပြန်ပြေးနေရဲ့
တချို့က လူးလှိမ့် ငိုကျွေးရင်း မြေပြင်ပေါ်မှာ
တချို့က ခိုလို ညည်းတွားလို့
တချို့က မျက်စိစုံ မှိတ်ရင်း
အားတင်း သီချင်းအော်ဟစ်လို့
တချို့က ဒေါသ ပေါက်ကွဲနေ
တချို့က တချို့ကို အတွင်းဆွဲထူ
တချို့က တချို့ကို အားပေး
ကိုယ့်ကိုကိုယ်လည်း အားပေးလို့
တည်ငြိမ်ရင့်ကျက်တဲ့
သူရဲကောင်းတွေလည်း များစွာပါရဲ့။)
သူတို့ကို တဖြည်းဖြည်း စောင့်ခေါ်ရင်း
အဖိုးအိုဟာ မောပန်း နွမ်းလျနေလေရဲ့
မုန်တိုင်းထဲမှာ …
အဲသည်အခိုက်မှာ
ဓားဝင့်လိုက်တဲ့ တကိုယ်တော်သမားဟာ
လျှပ်စစ်မီးများနဲ့ ရောထွေးယှက်နေတဲ့ မုန်တိုင်းထဲမှာ
သူ့မြင်းကို ဇက်ကုန်လွှတ် ကဆုန်စိုင်းလို့
လူတွေ မမြင်တွေ့နိုင်သေးတဲ့
ဟိုးအဝေးက အနာဂတ်ဆီ
ဖြတ်ချီသွားလေရဲ့ …
ရှေ့ဆုံးများရဲ့ ရှေ့ဆုံးကလူ
သူ အနုပညာသမား ပေါ့။
အနုပညာဘုံမှာ
သောခြင်းကင်းစွာ ဇရာမရှိ
ထာဝရနုပျို
စိမ်းစိုနေတဲ့ အလှနဲ့သစ္စာ
ပရမတ္တအချစ် နဲ့ ရွှန်းသစ်မှု …
အော် … ….
ကျနော်ရဲ့ အနုပညာတောင်မှ ငွေရတုမြောက်ခဲ့ရပါပေါ့ …
သည်နေ့မှာ …
‘သန်းဆွေ၊ ခင်နှင်းယု
မင်းသုဝဏ်၊ မင်းဏီ
မမလေး(ဂျာနယ်ကျော်)
ကျနော့်ရဲ့ တေးသမားဘဝကို
မွေးဖွားသန့်စင်ပေးခဲ့သူ
ဆရာအဆူဆူ နဲ့ ဟဲမင်းဝေး အား
နှလုံးသားမှ မြတ်နိုး
ရိုကျိုး မာန်လျှော့ ဖြေလျှော့
ကျနော် ကန်တော့၏။
အော် …
ကျနော်တောင်မှပဲလေ
ရတုမြစ်ရဲ့ ပျိုမြစ်စိမ်းလန်းမှု
ငွေသားထု ပြင်ကျယ်ထက်မှာ
(ဘယ်လောက်များ လှပ တောက်ပနေလိုက်ပါသလဲ။)
အရွယ်ရဲ့ ငြိမ်သက်မြဲမြံမှု
ရွှေနေခြည်များ ဆွတ်ဖျန်းထားလိုက်ပေါ့။ '
*ငွေ ရွှေ ရတု (နိုင်ဝင်းဆွေ) ကဗျာထဲမှ ...
တကယ်လို့ နောင်ဘဝမှာလူပြန်လာဖြစ်ခဲ့ရင်၊ အနုပညာဘုံမှာ သေခြင်းကင်းစွာ ဇရာမရှိ ထာဝရနုပျို စိမ်းစိုနေတဲ့အလှသစ္စာတွေနဲ့ရှင်သန်ပြီး စာတွေရေးနိုင်ပါစေလို့ ကျနော်ဆုတောင်းမိပါတယ်။ ကျနော်သူ့ကို မသိန်းရှင်ဆီပို့ပေးပါလို ဝထ္ထုတွေရေးတဲ့ စာရေးဆရာပဲ ပြန်ဖြစ်စေချင်ပါတယ်။
ထိုက်သူနိုင်
၂၀၂၆ ခုနှစ် ဧပြီလ
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
