Breaking News

နန္ဒအောင် - ငယ်ဘဝကအမှတ်တရလေး

 

ငယ်ဘဝကအမှတ်တရလေး
နန္ဒအောင်

(မိုးမခ) မေ ၁၊ ၂၀၂၆


ငယ်ငယ်က သတင်းစာတွေ၊ ဂျာနယ်တွေမှာ ဆရာကြီး လူထုစိန်ဝင်းရဲ့ ပုံတွေခဏခဏမြင်ဖူးတယ်။ လူထုစိန်ဝင်းဆိုတဲ့ သတင်းစာဆရာကြီးကို ဘယ်သတင်းစာ၊ ဘယ်ဂျာနယ်မှာ စမြင်ဖူးတာလို့ မမှတ်မိပေမယ့် စသိဖူးမြင်ဖူးတာတော့ အဲဒီတုန်းကတိုင်ဆိုတာတော့ မှတ်မိတယ်။ ` စာနယ်ဇင်း ´ ဆိုတဲ့ဝေါဟာရကို သေချာမသိခဲ့ဘူး။ အဲ့ဒါနဲ့ ပတ်ဝန်းကျင်က အသိတွေလိုက်မေးစမ်းကြည့်တော့ သူတို့ပေးတဲ့ အဖြေတွေကို ဘဝင်သိပ်မကျမိခဲ့ဘူး။ ငယ်စဥ်အခါဆိုတော့ ကြီးမှ စွဲမြဲမိတဲ့အကျင့်က မရှိသေးဘူးလေ။  ငယ်ကျင့်မဟုတ်ဘူး ကြီးမှကျင့်တဲ့ ကြီးကျင့်ပေါ့ဗျာ။ ဒီလိုပါ ကျွန်တော်က မသိတာလေး၊ လိုအပ်တာလေးများရှိခဲ့သော် စာတွေမှာလိုက်ရှာ၊ လိုက်ဖြည့်ဆည်း သင်ယူတတ်တဲ့အကျင့်လေးက အသက်အရွယ်ရောက်မှ လုပ်တတ်လို့ပါ။ မြန်မာစကားမှာ ` ပျောက်သောသူ ရှာလျှင်တွေ့ ´  ဆိုတဲ့ စကားလိုပေါ့ဗျာ၊ ကျွန်တော် သိချင်နေတဲ့ စာနယ်ဇင်းဆိုတာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း သုံးမျိုးပေါင်းကို အစွဲပြုပြီး သုံးနှုန်းတာလို့ ဆရာကြီး လူထုစိန်ဝင်း ရှင်းပြတော့မှ သိတော့တယ်။

သတင်းစာ၊ ဂျာနယ်တွေ မြင်ရင် ငယ်ဘဝကိုတော့ လွမ်းမိသား။ လက်ညှိုးထိုးတယ်ဆိုတာ သူများကိုတချောင်းထိုးပြီး ကိုယ့်ကိုကိုယ်တော့ သုံးချောင်းတောင် ပြန်ထိုးတာပါ။ အခုလည်း ဆရာကြီး လူထုစိန်ဝင်းကိုဗန်းပြ လက်ညှိုးတချောင်းထိုးပြီး ကိုယ့်ဘက်ကိုကိုယ် လက်သုံးချောင်းထိုးသလိုများ ဖြစ်မိနေပြီတူပါရဲ့။ လူစိတ်ဝင်စားအောင်တော့ လူထုစိန်ဝင်း ဆိုတဲ့သတင်းစာဆရာကြီးကို ဗန်းပြခြင်းတော့ မဟုတ်ကြောင်းပါဗျာ။ သတင်းစာ၊ ဂျာနယ်ဆိုတာနဲ့ ဆရာကြီးကို အရင်မြင်မိသလိုဖြစ်ပြီး ငယ်ဘဝကိုလည်း ပြန်မြင်ယောင်မိလို့ပါ။

ဟိုးအရင်နှစ်တွေဆီတုန်းက အင်တာနက်ဆိုတာချည်းလဲ မြန်မာနိုင်ငံ မရောက်သေးခင်တုန်းကဆိုရင် သတင်းအချက်အလက်အတွက်ဆိုရင် သတင်းစာ၊ ဂျာနယ်၊ တီဗီ၊ ရေဒီယိုတို့ကို အားကိုးစောင့်ကြည့်ခဲ့ရတာပါ။ နယ်ဘက်ကျေးဘက်မှာဆိုရင် သတင်းစာ၊ဂျာနယ်တွေကို ဆိုင်ပေါ်တင်ရောင်းလေ့ရှိသလို၊အိမ်တိုင်ရာရောက် လာပို့၊ လိုက်ရောင်းတဲ့ လက်ပွေ့သမားတွေလဲ ရှိပါတယ်။ ကျွန်တော် ကြီးပျင်းဖြတ်သန်းရတဲ့ခေတ်မှာတော့အိမ်တိုင်ရာရောက်လာပို့တဲ့ လူတွေဟာ ခြေကျင်တော့ မဟုတ်တော့ပါဘူး၊ စက်ဘီးနဲ့ ပို့တဲ့ခေတ်ဖြစ်နေပါပြီ။ စက်ဘီးရှေ့က ခြင်းတောင်းလေးမှာ သတင်းစာ၊ ဂျာနယ်မျိုးစုံ၊အားကစားဂျာနယ်တွေပါ ထည့်ထားပြီး မနက်ဆို မြို့ပတ်ရောင်းတဲ့ ဦးလေးကြီးတွေကို ကျောင်းသွားတဲ့လမ်းမပေါ်မှာ တွေ့တွေ့နေရတတ်တာပါ။ တခုတော့ရှိတာပေါ့ ဆိုင်တွေမှာ သွားဝယ်တဲ့စျေးထက် လည်ရောင်းတဲ့လူကြီးတွေဆီက စျေးနည်းနည်းတော့ပိုတယ်။

ကျွန်တော်တို့က ယောကျာ်းလေးဆိုတော့ ဘောလုံးဝါသနာပါတော့ အဖေက ကျွန်တော်တို့ ညီအစ်ကိုတွေဖတ်ဖို့ အားကစားဂျာနယ်တွေကို ဝယ်ပေးလေ့ရှိတယ်၊ စက်ဘီးနဲ့ လည်ရောင်းတဲ့ ဦးလေးကြီးဆီကပါ။ ဝယ်နေကျဖြစ်သွားတော့ အချိန်မှန်မှန်ပဲ စက်ဘီးကဘဲလ်လေးကို တီးတီးပြီး ရောက်လာလေ့ရှိတယ်။ ခုထိ မှတ်မိနေပါသေးတယ်ဗျာ အဲဒီကာလတုန်းကဆိုရင် ရန်ကုန်လို မြို့ကြီးပြကြီးမှာ တင်္နလာနေ့ထွက်တဲ့ စာစောင်ဆိုရင် ကျွန်တော်တို့ နယ်ဘက်ကျေးဘက်မှာက ရန်ကုန်ထက် တရက်နောက်ကျပြီးမှ ဖတ်ရတယ်။ဒါတောင်မှ လမ်းမှာ ကားပျက်နေရင်၊ ချောင်းရေကျနေလို့ ကားသွားလို့မရရင် တစ်ရက်မကတော့ဘူး နှစ်ရက်မြောက်မှ ဖတ်ခွင့်ရတယ်။ ဘယ်တတ်နိုင်မလဲဗျာ မဖတ်ရသေးရင် အသစ်ပဲ၊ စောင့်ဖတ်ရတာပေါ့။ မြို့ကြီးပြကြီးသားတွေထက်တော့ ရက်ပိုင်းလောက် ခေတ်နောက်ကျသွားတာပေါ့လေ။ အားကစားဂျာနယ်မှာဆိုရင် ` အင် အား ´ ဆိုတဲ့ ဂျာနယ်မှာရေးတဲ့ ပျဥ်းမနားခင်မောင်ထွေးဆိုတဲ့ကလောင်ကို သတိထားမိတယ်။ ကြီးမှသိရတာကတော့ သူက ဆိုရှယ်လစ်ဆိုလားပဲ။ အဲဒါကတော့ အားကစားဂျာနယ် ဝယ်ဖတ်တဲ့အတွေ့အကြုံပေါ့ဗျာ။

အဲဒီကာလတွေဆီတုန်းကတော့ ကျွန်တော်တို့ဆီမှာ စာအုပ်အငှားဆိုင်တွေ အတော်ထွန်းကားဖူးတယ်။ လူငယ်အများစုသည်းခြေကြိုက် အချစ်အလွမ်း၊ အပစ်အခတ် ဝတ္ထုမျိုးတွေကတော့ အငှားရဆုံးပေါ့။
ကျွန်တော်တို့ဆီမှာတော့ စာအုပ်အငှားဆိုင်တင်မဟုတ်ဘဲ၊ သတင်းစာ၊ ဂျာနယ်တွေပါ ငှားတဲ့အလေ့လေးရှိခဲ့ဖူးပါတယ်။ ခုနက ကျွန်တော်ပြောတဲ့ မြို့ပတ်လည်ရောင်းတဲ့ လူကြီးတွေကလည်း သူတို့မရောင်းရတဲ့ သတင်းစာ၊ ဂျာနယ်တွေကို သူတို့စိတ်ချရမယ့် လူတွေဆီကို တစ်ရက်ဘယ်လောက်ဆိုပြီး ငှားတဲ့အလေ့လေးရှိခဲ့တာပါ။

အဲဒီအချိန်တုန်းက အဖေက ဂျာနယ်အစုံပါ သားတွေ စာဖတ်အကျင့်စွဲသွားအောင် ဖတ်ဖို့ ငှားပေးပါတယ်။ လူထုစိန်ဝင်းဆိုတဲ့ သတင်းစာဆရာကြီး ဆောင်းပါရောက်ရင် အရေးအသားတွေက ရှင်းတယ်၊ ထိမိတယ်လို့ ခံစားမိပြီး နှစ်ခေါက်လောက် ပြန်ဖတ်လေ့ရှိတယ်။ မရှင်းလို့ နှစ်ခေါက်ပြန်ဖတ်တာလား မေးရင် ကြိုက်လွန်းလို့ နှစ်ခေါက်ပြန်ဖတ်တာလို့ ပြန်ပြောလေ့ရှိတယ်။ ကျွန်တော့်စိတ်အခံကလည်း ကန့်လန့်တိုက်တတ်သူမလို့ တော်ရုံတန်ရုံသူများ ဆုံးမရင် သိပ်မခံချင်ပေမဲ့၊ လူထုစိန်ဝင်းရဲ့ ဆောင်းပါးထဲကဆုံးမစာတွေကျ နှစ်ခါပြန်လောက်ကိုဖတ်ပြီး အဆုံးမခံချင်ခဲ့တာပါ။ ကြီးမှ သိရတာက လူထုစိန်ဝင်းဆိုတာ ဆရာကြီးရွှေဥဒေါင်းရဲ့ တူတော်သူဖြစ်ပြီး၊မြန်မာ့ခေတ်ပေါ်ဝတ္ထု ပထမဆုံးရေးတဲ့သူဖြစ်တဲ့ ဂျိမ်းစ်လှကျော်တို့နဲ့လဲ အမျိုးတော်စပ်သူဖြစ်တယ်ဆိုတာ သိရတယ်။ ငယ်ငယ်ကစွဲရင် ကြီးမှမေ့ဖို့ ခက်တယ်ဆိုသလိုပေါ့ ကြီးတော့ လူထုစိန်ဝင်းရဲ့ လုံးချင်းစာအုပ်တွေဆိုဝယ်ဖတ်ပြီး စာအုပ်စင်မှာ တင်ထားလေ့ရှိတယ်။ ကျွန်တော်ရဲ့နောက်မျိုးဆက်ဖတ်ဖို့အတွက်ရည်ရွယ်ပြီး စာအုပ်စင်ပေါ်မှာ တင်ထားတာပါ။ ငယ်ငယ်က ဆရာ့စာတွေ ဖတ်တုန်းကတော့ ဆရာမြသန်းတင့်ရေးသလို လမင်းကိုထရံပေါက်မှကြည့်ခြင်းလိုပေါ့ဗျာ။ ဒါပေမဲ့ ဆရာ့စာတွေက တကယ့်ကိုအရေးရှင်းရှင်း ရေးသားပြီး အတွေးရှင်းရှင်းပေးနိုင်ခဲ့တာပါ။ ကဗျာဆရာတယောက် ပြောဖူးသလိုပေါ့ အပြင်မှာမဆုံဖူးပေမယ့် သူတို့စာတွေဖတ်ရင် သူတို့နဲ့တွေ့ဖူးသလိုပေါ့ကွာ ဆိုသလို ဆရာလူထုစိန်ဝင်းစာတွေထဲမှာ ဆရာကိုတွေ့ရတတ်ပါတယ်။ မြန်မာနိုင်ငံက ဂျာနယ်လစ်သမား၊ စာနင်ဇင်းသမားမှန်ရင် လူထုစိန်ဝင်းဆိုတဲ့ သတင်းစာဆရာကြီးကို အတုယူသင့်တယ်၊ ဆရာ့စာတွေကိုစုံအောင်ဖတ်ဖူးထားရမယ်။

ထပ်ပြီးချီးကျူးနေရင် ယောအတွင်းဝန်ကို မအပ်မရာ ချီးကျူးသော မြင်းထိန်းငတာကိန်းဆိုက်နေမှာ စိုးရတယ်။ ငယ်ငယ်တုန်းက လူထုစိန်ဝင်းနဲ့ ပတ်သက်တာလေး သတိရမိလို့ပါ။ ငယ်စဥ်အခါ စာဖတ်သူအများစုမှာ သူတို့ကြိုက်နှစ်သက်တဲ့ စာကြောင်းလေးဖြစ်စေ၊ ပုံလေးဖြစ်စေ ငှားရမ်းထားသည့် စာအုပ်၊ သတင်းစာ၊ ဂျာနယ်ထဲမှ ပိုင်ရှင်မသိအောင်ဖြတ်ညှပ်ပြီး ယူထားသည့်အကျင့် အနည်းအများတော့ရှိကြမှာပါ။ စာရေးသူလည်း ဘယ်နေသာပါ့မလဲ စာရေးသူတို့ငယ်စဥ်အခါက ဓာတ်ပုံတပုံရဖို့ဆိုတာ ရှားတယ်မလား။ အဲဒီတော့ ဂျာနယ်တစောင်အတွင်းထဲက ဆရာကြီးလူထုစိန်ဝင်းရဲ့ပုံလေးကို ကပ်ကြေးနဲ့ညှပ်ယူထားပြီး သိမ်းထားလိုက်တယ်။ နောက်နေ့ကျ ဂျာနယ်ရောင်းတဲ့ ဦးလေးကြီးက အိမ်တိုင်ရာရောက် ရောက်လာပြီး စာရေးသူရဲ့အဖေဆီကို လာပြောလို့ အဖေလည်း ဂျာနယ်အဖိုးအခပြန်လျော်ပေးလိုက်ရပါတယ်။ ‌ေဩာ် ဒီအဖြစ်အပျက်လေးဟာ ဆရာကြီးလူထုစိန်ဝင်းနဲ့ပတ််သက်လို့ ငယ်ဘဝက အမှတ်တရလေးပါဗျာ။

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar