မောင်တူး - ဆရာနိုင်မြန်မာကွယ်လွန်ခြင်း (၁) နှစ်ပြည့်
မောင်တူး
ရှစ်ဆယ့်ရှစ်မှာ၊ "နိုင်မြန်မာ" သည်
ကမ္ဘာမကျေဘူး၊ တပ်ဦးတေးသံ
လွင့်ပျံစေရေး၊ ရေးသားပေးခဲ့
သမိုင်းရဲ့ဝန်၊ သူကျေပွန်၏
ကွယ်လွန်ပြီးနောက်၊ တနှစ်မြောက်မှာ
အခါခါလွမ်း တမ်းတနေကြပါသည်တကား။ ။
သမိုင်းဝင် ၈၈၈၈ အရေးတော်ပုံကြီးရဲ့ တိုက်ပွဲဝင် "ကမ္ဘာမကျေဘူး" သီချင်း ရေးသားခဲ့သူ တေးရေး နိုင်မြန်မာ ဟာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက် ၇ နာရီ ၄၅ မိနစ်က ရန်ကုန်တိုင်း၊ သန်လျင်မြို့ နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အခု ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်ဟာ နိုင်မြန်မာ ကွယ် လွန်ခြင်း ၁ နှစ်ပြည့်ပါပြီ။
ကမ္ဘာမကြေဘူး… ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ…
တော်လှန်ရေး… ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော…
ဪ… သူရဲကောင်းတို့ရေ...အာဇာနည်တွေ နေတဲ့ တိုင်းပြည်…
ကမ္ဘာမကြေဘူး ..... ...... (နိုင်မြန်မာ)
လွန်ခဲ့တဲ့ ၇ နှစ်အကြာ ၈၈၈၈ အရေးတော်ပုံကြီး ၃၁ နှစ်ပြည့်ဖို့ ရက်ပိုင်းအလို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့က DVB အသံလွှင့်ရုံးချုပ် စတူဒီယို ရှိရာ ဗိုလ်တထောင်မြို့နယ်ကို လာပြီး ဆရာ နိုင်မြန်မာက အင်တာဗျူး ဖြေဆိုခဲ့ပါတယ်။ ၈၈၈၈ တေးသီချင်းများ ခေါင်းစဉ်နဲ့ မေးမြန်းခန်းပေါ့။ ဒါပေမယ့် "ကမ္ဘာမကျေဘူး" သီချင်းအကြောင်းကိုပဲ ဦးစားပေး ပြောခဲ့ကြတာပါ။ ကမ္ဘာမကျေဘူး သီချင်း ရေး သားဖို့ ဘယ်လို စိတ်ခံစားချက်တွေ၊ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဖြစ်ပေါ်လာတယ်ဆိုတာကို သူက အခုလို ပြောပြခဲ့ပါတယ်။
" ကမ္ဘာမကျေဘူး သီချင်းကတော့ တိုင်းပြည်ရဲ့ ဆင်းရဲဒုက္ခပေါ့။ ပြည်သူလူထုရဲ့ အခက်အခဲ အကြပ်အတည်းတွေ ဖိနှိပ်ခံနေရတဲ့ အခြေအနေမျိုးမှာ ဘဝရပ်တည်ရေးတွေ ခက်ခဲပြီးတော့ လူတွေဟာ လူတွေလို လူ့ရဲ့ အဆင့်အတန်းနဲ့ မညီပဲနေရတယ်။ လူဆိုတဲ့ သတ္တဝါတမျိုးဟာ မွေးရာပါ လွတ်လပ်သူတွေဖြစ်တယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဘယ်သူ့ဆီကမှ တောင်းစရာမလိုပဲနဲ့ ဘယ်သူကမှ ပေးထားတာ မဟုတ်ပဲနဲ့ သဘာဝအလျှောက် အလိုအလျှောက် ရရှိပြီးသားပေါ့။ သတ္တလောကထဲမှာတော့ ယဉ်ကျေးမှုအဆင့်အတန်း အမြင့်မားဆုံးနဲ့ ဉာဏ်ရည်အမြင့်မားဆုံးပေါ့နော်။ ဒီတိုင်းပြည်မှာ လူတွေနဲ့ မတူတောင် ဖိနှိပ်ခံရတာ မိမိတို့ရဲ့ ခံစားချက်တွေကို ဖွင့်ဟမပြောရဲလောက်အောင် ကြောက်လန့်နေကြရတာမျိုး၊ နောက် ကိုယ့်ရဲ့ဘဝရပ်တည်မှုနဲ့အသက်မွေးဝမ်းကြောင်း အသက်ရှင်ရပ်တည်မှုတွေပါ လူ့ဂုဏ်သိက္ခာတွေအထိ လုံခြုံမှု မရှိတော့ပဲ အထိပါးခံနေရတဲ့ အခြေအနေမျိုး နိစ္စဓူဝ ရင်ဆိုင်နေရတဲ့ တိုင်းပြည်တခုပေါ့။ ဒီလို တိုင်းပြည်မျိုးမှာ လူထုပေါက်ကွဲမှုကြီး ၈၈၈၈ မှာ ဖြစ်တယ်။ တော်လှန်ရေးတခုပေါ့နော်။ လူ့အဖွဲ့အစည်းရဲ့ အပြောင်းအလည်းတခု၊ အရွေ့တခုပေါ့။ အဲ့သည်တော့ လူထုဆိုတာကြီးက အင်မတန် ကြောက်စရာ ကောင်းပါတယ်။ အာဏာရှင်တယောက် စစ်ဗိုလ်တယောက် ဘုရင်တပါး ဒါမှမဟုတ်လည်း လူထု ခေါင်းဆောင်တဦး နိုင်ငံရေးခေါင်းဆောင်တဦး တော်လှန်ရေး ခေါင်းဆောင်တဦး အဲ့ဒီလူတွေထက် ပိုကြီးမားတဲ့ အလိုအလျှောက် ရှိပြီးသား ပါဝါတွေရှိသူပေါ့။ အဲ့ဒါကတော့ လူထုပဲ။ ခိုင်မာတယ်။ အားကြီးတယ်။ လူထုမလိုချင်ဘူးဆိုရင် ကမ္ဘာပေါ်မှာ ဘာမှ မရပ် တည်နိုင်ပါဘူး။ အဲ့သည်တော့ ၈၈၈၈ အရေးတော်ပုံမှာ လူထုကပြသခဲ့တယ်။ လူထုက လက်မခံဘူး။ လူထုက အလိုမရှိတော့ဘူး။ လူထုအလိုမရှိတော့ပဲနဲ့ ကုပ်ကပ်တွယ်ဖက်ပြီးတော့ လက်နက်အားကိုးနဲ့ပဲဖြစ်ဖြစ်။ အာဏာအားကိုးနဲ့ပဲ ဖြစ်ဖြစ် မတရားသဖြင့် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ အားကိုးနဲ့ပဲဖြစ်ဖြစ် တွယ်ကပ်ပြီး နေထိုင်မယ်ဆိုရင် ဘယ်လောက်အထိ နေထိုင်လို့ ရမလဲ သမိုင်းက စကားပြောပါလိမ့်မယ်။ ကျနော်က သမိုင်းကိုယုံကြည်တယ်။ လူထုကို ယုံကြည်တယ်။ သဘာဝတရားကို ယုံကြည်တယ်။ အဲသည်တော့ ကျနော် သီချင်းရေးဆရာတယောက်အနေနဲ့ရော၊ ကဗျာဆရာ တယောက်အနေနဲ့ရော ဒီတိုင်းပြည်မှာ ကျနော် ရှင်သန်နေစဉ်ကာလတလျှောက် လူထုကိုသာလျှင် ကျနော် မျက်နှာမူမယ်၊ ဒီလို မျက်နှာမူပြီး ကမ္ဘာမကျေဘူး သီချင်းကို ရေးခဲ့ပါတယ်။
(သူမရှိတော့ပေမယ့် သူ့သီချင်းနဲ့ တိုက်ပွဲဝင်ဆဲ)
ဆရာနိုင်မြန်မာဟာ ၁၉၈၀ ခုနှစ်လောက်က တေးရေးဆရာ စဖြစ်လာခဲ့ပါတယ်။ သူ့ဂီတသက် တန်းက နှစ်ပေါင်း ၄၀ ကျော်ကြာခဲ့တာပါ။ သူ့သီချင်းတွေထဲမှာ ဝါဆို၊ ဒုံးယိမ်းည၊ ပလက်ဖောင်းရှိုး၊ သီဟနာဒ စသဖြင့် သီချင်းနံမည်တွေကိုဖြတ်ခနဲသတိရမိပါတယ်။ သူဟာ ကိုယ်ပိုင်သံစဉ်တွေအရေးများပြီး ကော်ပီသီချင်းရေးတာ အတော့်ကိုနည်းတယ်လို့ ဆိုပါတယ်။ သီချင်းပုဒ်ရေပေါင်း ၈၀၀ ကျော် ၉၀၀ ၊ ၁၀၀၀ နီးပါးရေးခဲ့ကြောင်း မေးမြန်းခန်းတခုမှာ ဖြေသွားခဲ့ဖူးပါရဲ့။ သူ့သီချင်းတွေကို မေဆွိ၊ မေခလာ၊ မာမာအေး၊ နီနီဝင်းရွှေ၊ ကော်နီနဲ့ ကိုင်ဇာ၊ စိုးလွင်လွင်၊ လွှမ်းမိုး၊ ခင်မောင်တိုး၊ သိန်းတန် (မြန်မာပြည်) တို့ က သီဆိုခဲ့ကြပါတယ်။ မြန်မာသံရော စတူဒီယို သီချင်းတွေပါ ရေးခဲ့ပါတယ်။ အထင်ရှားဆုံးက "ကမ္ဘာမကျေဘူး" သီချင်းပေါ့။ ၈၈၈၈ အရေးတော်ပုံကြီး နှစ် ၃၀ ကျော် ကြာသွားတဲ့တိုင် ဒီသီချင်းကို သီဆို တိုက်ပွဲဝင်နေကြတဲ့အပေါ် သူ့ခံစားချက်ကို မေးကြည့်ခဲ့တုန်းကက အခုလို ဖြေဆိုသွားခဲ့ပါတယ်။
"မတရားမှုတွေ နိဂုံးမချုပ်သေးဘူး ဖိနှိပ်သူတွေ သက်ဆိုးရှည်နေဦးမယ်ဆိုရင် ကမ္ဘာမကျေဘူး သီချင်းကလည်း နောက်ကနေ လိုက်ပြီးတော့ တိုက်ခိုက်နေဦးမှာပဲ။ တော်လှန်နေဦးမှာပဲ။ ဒီကမ္ဘာလောကကြီးက ကျနော်ပျောက်ကွယ်သွားရင်တောင် အဲ့သည် သီချင်းကတော့ ဆက်လက်ပြီး တော်လှန် တိုက်ခိုက်နေဦးမှာပဲ။ ကမ္ဘာ့နိယာမအရ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံရသူတို့ဆိုတဲ့ သဘောတွေကတော့ အမြဲ ရှိနေမှာပဲ။ ဒါပေမယ့် အားကောင်းတဲ့အချိန်နဲ့ အားနည်းသွားတဲ့ အချိန်ဆိုတာ ရှိပါတယ်။ မတရားမှုတွေ အားကောင်းနေတဲ့ အချိန်မှာ မတရားဖိနှိပ်ခံရမှုတွေ တိုင်းပြည်မှာ နေရာအနှံ့ ပေါများနေတဲ့ အချိန်မှာ အခုအခံ အကာအကွယ်မဲ့နေတဲ့ ပြည်သူလူထုဖက်က ကျနော် သေသွားရင်တောင် ကျနော် ဒီကမ္ဘာ လောကကြီးထဲက ပျောက်ကွယ်သွားရင်တောင် အဲ့သီချင်းကတော့ ကျနော့်ကိုယ်စား ဆက်ပြီးတော့ တိုက်ပွဲဝင်သွားဦးမှာပါပဲ။
(နိုင်မြန်မာ၏ဘဝဖြစ်စဉ်)
အမည်ရင်း နိုင်ဦးမြင့် ခေါ် နိုင်မြန်မာကို ၁၉၅၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်က အဖ ဦးအုန်းမြင့် (ကဗျာဆရာ မောင်မြူလွှာ) အမိ ဒေါ်အုန်းမြင့် တို့က ရွှေတောင်ကြားမှာ မွေးဖွားပါတယ်။ ညီအစ်ကို သုံးယောက်ထဲမှာ အကြီးဆုံးသားပါ။ တောင်ဥက္ကလာနဲ့ ရန်ကင်းကျောင်းတွေမှာ ပညာသင်ခဲ့တယ်။ ကိုးတန်းကျောင်းသားဘဝမှာ ဂီတလောကကို ဝင်ရောက်တယ်။ ၁၉၈၁ ခုနှစ်မှာ ရန်ကင်းက သူငယ်ချင်းတွေ စုဖွဲ့ပြီး Eastern Villager အပျော်တမ်းတီးဝိုင်း ထူထောင်တယ်။ တီးဝိုင်းအတွက် သီချင်းတွေကို နိုင်မြန်မာ က ဒိုင်ခံရေးပေးခဲ့တာပါ။ ၁၉၈၃ ကစ ကိုင်ဇာ မေခလာတို့ရဲ့ တေးစီးရီးတွေမှာ သူ့သီချင်းတွေ ပါဝင်လာတယ်။ ကိုင်ဇာရဲ့ တူနှစ်ကိုယ်တိုင်းပြည် အခွေမှာ နိုင်မြန်မာရေးတဲ့ ဆေးရောင်စုံမြင်ကွင်းကျယ်သီချင်းဟာ နိုင်ငံရေးကိစ္စတွေ ပါတယ်လို့ ဆင်ဆာအဖွဲ့က ယူဆပြီး တရားစွဲခံခဲ့ရတယ်။ တနှစ်ကျော် အမှုရင်ဆိုင်ဖြေရှင်းခဲ့ရတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘဝကို ဖော်ကျူး ရေးသားထားတဲ့ "လှောင်ချိုင့်ထဲကတေး" အမည်ရှိ သီချင်းကိုလည်း AAPP နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းအတွက် (သခင်မျိုး) အမည်ဝှက်နဲ့ ဆရာနိုင်မြန်မာက သီကုံး ရေးသားပေးခဲ့ပါတယ်။
(ပြည်စောင့်ခွေး)
ဝန်မင်းမို့ သမ္မတမို့
ဘာမို့လို့ လက်မရှောင်
သူခိုးကပ်လို့ ခွေးဟောင်သလို
ပြည်ကောင်းအောင် ငါတို့ရေးရတယ်
စာရေးဆရာ ဂုဏ်ရောင်မသေးပါဘူး
ပြည်စောင့်တဲ့ "ခွေး"
- နိုင်မြန်မာ -
ဆရာနိုင်မြန်မာဟာ စာရေးဆရာ အဖြစ် စာတွေလည်း ရေးခဲ့သလို မဂ္ဂဇင်း အယ်ဒီတာလည်း လုပ်ခဲ့ဘူးပါတယ်။ သူဟာ ၉ တန်းကစလို့ ကဗျာတွေ ရေးခဲ့ပြီး သစ်ဆန်းစာစောင်၊ အကယ်ဒမီစာစောင်၊ သပြေမဂ္ဂဇင်းတွေမှာ ကဗျာတွေ ရေးခဲ့တယ်။ "ပြည်စောင့်ခွေး (၂၀၁၃) " "စာသူပုန်တော်ကြီး (၂၀၁၆) " နဲ့ ၈၈၈၈ အရေးတော်ပုံ ၃၁ နှစ်မြောက် "နိုင်မြန်မာ လျှောက်ထုံး ( ၂၀၁၉)" စတဲ့ ကဗျာစာအုပ် ၃ အုပ် ထုတ်ဝေခဲ့ပါတယ်။ သူ့ရဲ့ ကလောင်ခွဲတွေကတော့ နိုင်ငံအောင်ခြိမ့်၊ လင်းလက်တာရာ၊ စိုး (အပူပိုင်းဒေသ) ၊ မောင်နိုင်နိုင်နဲ့ သခင်မျိုးတို့ ဖြစ်ကြပါတယ်။ သူဟာ မဟုတ်မခံ မှန်ရာကို ပြောတတ်သူတဦးပါ။ ဒီစိတ်ဓာတ်ဟာ သူ့သီချင်းတွေမှာ တွေ့နေရပါတယ်။ သူ့သီချင်းတွေဟာ လူထုနဲ့ နီးစပ်တယ်။ မတရားမှုတွေကို ထောက်ပြ ဝေဖန်တယ်။ နောက်ဆုံး တော်လှန်တဲ့ အဆင့်အထိ တက်လှမ်းခဲ့ပါတယ်။ ဒါတွေကို သတင်းဌာနတွေနဲ့ အင်တာဗျူး မေးမြန်းခန်းတိုင်းမှာ ရဲဝံ့ပြတ်သား ဖြေကြားခဲ့တာက သက်သေပြခဲ့ပါတယ်။
(နိုင်မြန်မာ၏ မှတ်မှတ်ရရ ပြောစကား)
DVB တွေ့ဆုံ မေးမြန်းခန်းအတွင်း မြန်မာပြည်သူလူထုတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင် တော်လှန်ရေးနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ ဘာများ ပြောလိုပါသလဲလို့ ကျနော်က မေးခဲ့ရာမှာ ဆရာ နိုင်မြန်မာက အခုလို ပြတ်ပြတ်သားသား ပြောသွားခဲ့ပါတယ်။
" မှတ်မှတ်ရရပြောချင်တာကတော့ ကျနော်တို့ တတိုင်းပြည်လုံးမှာရှိတဲ့အရပ်သားတွေ ပြည်သူလူထုတွေ အကုန်လုံး ကမ္ဘာပေါ်မှာရှိတဲ့ တခြားတိုင်းပြည်က လူတွေလို တူတူတန်တန် နေခွင့်မရသရွေ့ ကျနော်တို့ရဲ့ တော်လှန်မှု့ဟာ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူးဆိုတာ ကျနော် ပြောချင်ပါတယ်။ ဘယ်တော့မှ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ကျနော်တို့ တူတူတန်တန် ကမ္ဘာပေါ်မှာရှိတဲ့ တခြားတိုင်းပြည်က လူတွေလို မနေနိုင်သရွေ့၊ နေခွင့် မရသရွေ့ ကျနော်တို့တွေရဲ့ တော်လှန်မှုတွေ၊ ကျနော်တို့တွေရဲ့ အာခံမှုတွေ၊ တောင်းဆိုမှုတွေ၊ ကျနော်တို့ရဲ့ မွေးရာပါ ရပိုင်ခွင့်တွေအတွက် ကျနော်တို့ ပြည်သူတွေအားလုံးရဲ့ တော်လှန်ရေးဟာ ဘယ်တော့မှ ပြီးသွားမှာ မဟုတ်ဘူး။ ပြီးဦးမှာ မဟုတ်ဘူးလို့ ကျနော် ပြောချင်ပါတယ်။ "
ဆက်လက်ပြီး နိုင်မြန်မာရဲ့ မြန်မာပြည်သူပြည်သားတွေကို မှာကြားချက် ပြောကြားချက်အဖြစ့် သူ့ကဗျာလေးတပုဒ်ကို သူ့ကွယ်လွန်ခြင်း ၁ နှစ်ပြည့်မှာ ဖော်ပြပေးလိုက်ပါတယ်။
(မြန်မာပြည်ကလူတွေကို ပြောပြရဦးမယ်)
တကယ်တန်းကျတော့
ငါတို့တောင်းဆိုနေကြတဲ့ အမှန်တရားဆိုတာဟာ
ဒီကမ္ဘာကြီးဆီမှာလည်း မရှိဘူးဆိုတာ
မြန်မာပြည်ကလူတွေကို ပြောပြရဦးမယ်။
ငါတို့ကိုယ်တိုင်က သဘောမတူရင် ငါတို့ကို
ဘယ်မအေရိုးကမှ လာကျွန်ပြုလို့ မရဘူးဆိုတာ
မြန်မာပြည်ကလူတွေကို ပြောပြရဦးမယ်။
ဒီကမ္ဘာပေါ်မှာ ကံကောင်းလို့
လွတ်လပ်ရေးရသွားတဲ့ တိုင်းပြည် မရှိဘူးဆိုတာလည်း
မြန်မာပြည်ကလူတွေကို ပြောပြရဦးမယ်။
ငါတို့ဟာ ငါတို့ဘဝတွေ အသတ်ခံနေရတာကို
ငါတို့ကိုယ်တိုင် ထိုင်ကြည့်နေကြရတဲ့
ပွဲကြည့်သူတွေ ဖြစ်နေကြပြီဆိုတဲ့ အကြောင်း
မြန်မာပြည်ကလူတွေကို ပြောပြရဦးမယ်။
သမ္မာကျမ်းစာ ကိုရန်ကျမ်းစာ ဘဂဝါဂီတနဲ့ ဗုဒ္ဓစာပေတွေထဲမှာ
မတရားသဖြင့် ဖိနှိပ်ပြုကျင့်လာရင် မတော်လှန်ရဘူးလို့
ဘယ်ဘုရားမှ မဟောခဲ့ဘူးဆိုတာလည်း
မြန်မာပြည်ကလူတွေကို ပြောပြရဦးမယ်။ ။
နိုင်မြန်မာ
(တနှစ်ပင်ကြာ မမေ့ပါလေ)
စာရေးဆရာ၊ ကဗျာဆရာ၊ တေးရေးဆရာနိုင်မြန်မာဟာ ၂၀၂၅ ခုနစ် ဖေဖော်ဝါရီလ ၇ ရက်က ရန် ကုန်တိုင်း သံလျင်မြို့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီနေ့ ၂၀၂၆ ဖေဖော်ဝါရီလ ၇ ရက်မှာ ၁ နှစ်ပတ်လည်ပြည့်ပြီပေါ့။ ဆရာနိုင်မြန်မာဟာ မဆလခေတ် ၁၉၈၀ နှစ်တွေကတည်းက ဖိနှိပ်သူတွေကို သီချင်း ကဗျာ စာတွေနဲ့ ဆန့်ကျင် တော်လှန်ခဲ့သလို သောတရှင်ပရိသတ်တွေအတွက်လည်း တေးသီချင်းကောင်းတွေ ပုဒ်ရေ ရာထောင်ချီသီကုံး ရေးသားပေးခဲ့ပါတယ်။ ၈၈၈၈ အရေးတော်ပုံကြီးမှာလည်း "ကမ္ဘာမကျေဘူး" အပါအဝင် ဒီမိုကရေစီလှုံ့ဆော်တေးတွေ ရေးခဲ့တယ်။ သူဟာ စစ်တပ်က ဖမ်းဆီးနှိပ်စက်တာ ကြမ်းကြမ်းတမ်းတမ်း ခံခဲ့ရဘူးတယ်။ ကံကောင်းလို့သာ ပြန်လွတ်လာတာပါ။ လွတ်လာပြီးနောက်မှာလည်း စစ်တပ်ဂုဏ်ပြုတေးတွေ ရေးခိုင်းခဲ့တာကို "စစ်တပ်အတွက် သီချင်းရေးဖို့ ဖီလင် မလာဘူး" လို့ ဗြောင်ပြောခဲ့သူပါ။ အခု နွေဦးတော်လှန်ရေးမှာအထိလည်း သူ့ရဲ့ "ကမ္ဘာမကျေဘူး"အပါအဝင် တော်လှန် တေးတွေ၊ တော်လှန်ကဗျာတွေက စိတ်ခွန်အားပေးနေဆဲ၊ လမ်းပြနေဆဲ မဟုတ်ပါလား။ သူ့ရဲ့ တနှစ်ပြည့် အလွမ်းစာကို့ သူ့ရဲ့ နာမည်ကျော် "ကမ္ဘာမကျေဘူး" သီချင်း အဆုံးပုဒ်ကလေးနဲ့ အဆုံးသတ်လိုက်ပါပြီ။
ညီ...အစ်ကိုတို့
ပေတရာပေါ်မှာစီးတဲ့သွေးတွေ မခြောက်သေးဘူး
မတွေဝေ..နဲ့
ဒီမိုကရေစီတိုက်ပွဲအတွင်းမှာကျဆုံးသော
ဪ...သူရဲကောင်းတို့လို
ခိုင်မာပီပြင် တော်လှန်ပစ်မလေ
မျိုးချစ်တဲ့တို့ဇာနည်တွေ
ကမ္ဘာမကြေဘူး ။ ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
.png)