Breaking News

နိုင်မွန်အောင်သွင် - လူအိုများရဲ့ရွာ

Art- NA

လူအိုများရဲ့ရွာ
နိုင်မွန်အောင်သွင် 
(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၂၆


ပင်လယ်ဆိုတာကိုမမြင်ဖူးခဲ့ပဲ
ဝေလငါးဖမ်းနည်းကို
တဖက်ကမ်းခတ်တတ်မြောက်ပြီးတဲ့နောက်။

သစ်ကိုင်းခြောက်လေးကို
ကျိုးသွားရုံတက်နင်းမိပြီး
ရွာလုံးပတ်လည် ဖုံထပြီးတဲ့နောက်။

လက်ကျန်အမှားအယွင်းတွေနဲ့
တစ်ဦးနှင့်တစ်ဦး
ပျော်ရွှင်စွာပစ်ပေါက်ကစားပြီးတဲ့နောက်။

မထွေးနိုင်မအန်နိုင်နဲ့
လမ်းပျောက်နေခဲ့တဲ့ဇာတိစိတ်တွေကို
လက်ထိုးအန်ပြီးတဲ့နောက်။

လရောင်အလင်းနဲ့ဝေးရာမှာ
မြင်းသေးနံ့လို 
ခေတ်ကာလဆိုးတွေ ဖရိုဖရဲချန်ထားပြီးတဲ့နောက်။

ဆေးဖက်မဝင်လှတဲ့နှစ်တွေအများကြီး
ဘယ်တော့မှမကုန်နိုင်တော့သလို
သုံးဖြုန်းပြီးတဲ့နောက်။

ခပ်လွယ်လွယ်နဲ့
အယုံကြည်ကြီးယုံကြည်တတ်ခဲ့။
နှလုံးသားကိုကိုးကွယ်ခဲ့။
အသည်းတွေလည်း 
အဖန်တစ်ရာ ကွဲရှပြီးတဲ့နောက်။

မိမိတို့တသက်လုံးငုံ့ခံနေခဲ့ရတဲ့
အကြောက်တရားကို
လက်ကျန်ကြွက်သားထဲကနေ
ဆွဲထုတ်သန့်စင်ပြီးတဲ့နောက်။

တားမြစ်ထားတဲ့တေးတစ်ပုဒ်ကို
မူးမူးရူးရူးနဲ့
အမြီးအမောက်မတည့် သီဆိုကခုန် အောင်ပွဲခံပြီးတဲ့နောက်။

၈.၂.၂၀၂၆ 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar