မောင်နွေနှောင်း - ရန်ဖက်ကို ရှုတ်ချ၊ မိတ်ဖက်ကို အမွန်းတင်
မောင်နွေနှောင်း - ရန်ဖက်ကို ရှုတ်ချ၊ မိတ်ဖက်ကို အမွန်းတင်
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆ဒီနေ့ကာလ နွေဦးတော်လှန် ရေးဟာ စစ် အာဏာရှင်စံနစ်ကို အပြီးတိုင်ချုပ်ငြိမ်အောင် တိုက် နေတဲ့ တိုက်ပွဲပါ။ ဒီနေ့အခြေအနေဟာ တနည်း ပြောရရင် ဖက်ဆစ် ဂျပန် တော်လှန်ရေးကာလ နဲ့တူပါတယ်။ ကိုလိုနီနယ်ချဲ့စံနစ်ထက် ဖက်ဆစ်စံနစ်ဟာ အများကြီးဆိုးဝါးသောင်းကျန်တယ်။ ကမ္ဘာကြီးတခုလုံး ဒီမီုကရေစီ ဆိတ်သုန်းပြီး ပိန်းပိတ်အောင် အမှောင်ကျသွားတယ်။ အင်္ဂလိပ်ကိုလိုနီဟာ ဒီမီုကရစီမျိုးစေ့ကို ဗမာမြေပေါ် ကို သယ်လာတယ်လို့ ပြောလို့ရတယ်။ ဗိုလ်နေဝင်း ခေတ်မှာ ကျောင်းသားသမဂ္ဂတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ အသင်းအပင်းတွေ ဖျက်သိမ်းခံရတယ်။ အင်္ဂလိပ်နယ်ချဲ့အစီုးရက ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့် ပေးတယ်။ ဘာသာရေးလွတ်လပ်ခွင့်ပေးတယ်။ လျှပ်စစ်မီး လမ်းပန်းဆက်သွယ်ရေး စာတိုက်နဲ့ကြေးနန်း
ခေတ်မှီဖွံ့ဖြိုးရေးအစီအစဉ်တွေကို တပါတည်း ဗမာ မြေပေါ်ကို ယူလာတယ်။
ဒီလိုရေးလို့ နယ်ချဲချီးမွန်းခန်းဖွင့်နေတာ မဟုတ်ပါဘူး။ မိတ်ဖက်ပြဿနာနဲ့ ရန်ဘက်ပြဿနာကို ပြောချင်တာပါ။ ဗမာပြည်ကို ဂျပန်ဖက်ဆစ်ဝင်လာတော့ ကမ္ဘာလုံးဆိုင်ရာအခင်းအကျင်းနဲ့ ယှဉ်တွဲ စဉ်းစားတဲ့ဆရာကြီးသခင်စိုးဟာ အင်္ဂလိပ်နဲ့ ပေါင်းပြီး ဖက်ဆစ်ကို တိုက်ရမယ်လို့ အင်းစိန်စစ်တမ်း၊ မြင်းခြံစစ်တမ်း တွေထုတ်ပြီး နိုင်ငံရေး အတွေးခေါ်တခုကို ချမှတ်ခဲ့ပါတယ်။ ဒီလိုဘဲ စတာလင် နဲ့ ဝန်စတန်ချာချီတို့လည်း လက်တွဲခဲ့ကြပါတယ်။ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းတောင် နှစ်ခုစလုံး စစ်မျက်နှာဖွင့်တိုက်ရမယ်လို့ ပြောခဲ့ဖူးတယ်။
ဂျပန်ခေတ်မှာ မြေအောက်တာ်လှန်ရေးလုပ်နေတဲ့ သခင်စီုးကို ကြည့်ပြီး သခင်နုက ဂရုဏာဖြစ်ပါတယ်။ သခင်နုက ဂျပန်စစ်အရာရှီကြီးတစ်ယာက် ကို ပြောပေးမယ်လို့ပြောပါတယ်။ မိတ်ဖက်ရန်ဘက်ပြဿနာကို ကောင်းကောင်းနားလည်တဲ့ သခင်စိုးက ရှောင်ထွက်ခဲ့ရဖူးတယ်။ စာရေးသူ ဒီနေ့အတွေးနဲ့ စဉ်းစားမိတာ - သခင်နုဟာ အဲကာလ အဲဒီအချိန်မှာ ဖက်ဆစ်ဂျပန်ကို ရန်ဘက်အသွင် မမြင်သေးတာလည်း ဖြစ်နိုင်ပါတယ်။
ဆိုလိုချင်တာက နိုင်ငံရေးမှာ ...
၁။ မိတ်ဖက်စည်း ရန်ဘက်စည်း
၂။ မိတ်ဖက်ပြဿနာလား ရန်ဘက်ပြဿနာလား
၃။ မိတ်ဖက်ပြဿနာကို ရန်ဘက်အသွင် ဆောင်ဖြေရှင်းခြင်းလော
ဆိုတာကို ခေါင်းဆောင်ဆိုသူများက အလေးပေးစဉ်းစားဖို့လိုပါတယ်။
နိုင်ငံရေးမှာ မိတ်ဖက်တွေအတွင်း exception ခြွင်းချက်ပြဿနာ အသေးအမွှားကို Generalisation တစုံလုံးပုံသဏ္ဍန် ယေဘုယျ ကောက်ချက်ချ၊ ရန်ဘက်အသွင် ဖြေရှင်းမိရင် အကြီးကြီးလွဲမှားတတ်တဲ့အပြင် မိတ်ဖက်တွေကို ရန်ဘက်ဆီ တွန်းပို့သလို ဖြစ်သွားတတ်ပါတယ်။
ဒီနေ့ကာလ ရန်ဖက်ပြဿနာ က ရှင်းတယ်။ လူမျိုးပေါင်းစုံ ကိုးကွယ်ယုံကြည်မှုပေါင်းစုံရဲ့ရန်ဖက်က စစ်အာဏာရှင်စံနစ်ဘဲ။ ဒီကနေ့ မရှင်းတာက မိတ် ဖက်ပြဿနာပဲ။
ကျောင်သား လူငယ် အဖွဲ့အစည်း အားလုံး သတိပြုသင့်တာက မိတ်ဖက်ပြဿနာကို မရှင်းလင်းဘူးလို့ ကျ နော် မြင်တယ်။ လူငယ်တွေ သတိပြုသင့်တာက
လက်ဝဲစွန်း၊ လက်ယာစွန်းကို သတိပြုသင့်တယ်လို့ ပြောပါရစေ။
တိုတိုတုတ်တုတ် ပြောရရင် မတိုက်သင့်တဲ့ မိတ်ဖက်အဖွဲ့အစည်းကို တိုက်ပွဲကာလမှာ ဝေဖန် တိုက်ခိုက်မိတာကို လက်ဝဲစွန်း၊။
လက်ယာစွန်းက တော်လှန်ရေး ရင့်မှည့်ချိန် မတိုက်ဝံ့တာ။ တိုက်ပွဲရှောင်တာပါ။
ဂျာနယ်ကျော် ဦးချစ်မောင်က ဂျပန် တော်လှန်ရေးကာလ လွတ်လပ်ရေးတိုက်ပွဲ ကာလမှာ ဆောင်းပါးတစ်ပုဒ်နဲ့ သူသဘောထားကို ရေးဖူးတယ်။
ဆောင်းပါးဆိုလိုရင်းက အကြိုက်မတူတာကို စုပါ။ အကြိုက်တူဖို့ မကျိုးစားနဲ့ ။ အကြိုက်မတူတာ က ...
# ကျနော်တို့အားလုံး နယ်ချဲ့ကို မကြိုက်ဘူး
# ကျနော်တို့အားလုံး ဖက်ဆစ် စံနစ်ကို မကြိုက်ဘူး
# ကျနော်တို့ အားလုံး ဖိနှိပ်မှုကို မကြိုက်ဘူး
# ကျနော်တို့အားလုံး လူအခွင့်အရေးချိုးဖောက်ခံရတာ ကို မကြိုက်ဘူး
# ကျနော်တို့အားလုံး တန်းတူရေးမရှိတဲ့ လူမျိုးစုတွေအပေါ်၊ အနိင်အထက်ပြုကျင့်တဲ့ (ဗမာ)လူမျိုးကြီးဝါဒကို မကြိုက်ဘူး
# ကျနော်တို့အားလုံး တပါတီအာဏာရှင်စံနစ်ကို မကြိုက်ဘူး
# ကျနော်တို့အားလုံး စစ်ကောင်စီ မအလကို မကြိုက်ဘူး
# ကျနော်တို့အားလုံး လက်နက်နဲ့အနိင်ကျင့်မှု့ကို မကြိုက်ဘူး
# ကျနော်တို့အားလုံး ကျနော်တို့မဲပေးပိုင်ခွင့်၊ ကျနော်တို့မဲကို မလေးစားတာ ချေဖျက်တာကို မကြိုက်ဘူး
ဒီကနေ့ လူထုကြီး ကတ္တရာလမ်းမထက် ထွက်လာတာ အကြိုက်မတူတာတွေ စုမိလို့ဖြစ်တယ်။
ဒီကနေ့ နွေဦး တော်လှန်ရေး တူမီးနဲ့ စခဲ့တဲ့ လက်နက်ကိုင်တော်လှန် ရေးဟာလည်း အကြိုက်မတူတာတွေ စုမိ ခဲ့ကြတာပါ။
# အကြိုက်တူတာတွေကို စာဖတ်သူအနေနဲ့ စဥ်းစားရင် အလံတစ်ခုအောက်မှာ စုမိကြတာကို တွေ့ရပါလိမ့်မယ်။
ကဲစဥ်းစားကြည့်ပါအုံး
ကျနော်က လစ်ဘရယ်ဒီမိုကရေစီ
ကျနော်က ကွန်မြူးနစ်
ကျနော်က ဆိုရှယ်လစ်
ကျနော်က ဆိုရှယ်ဒီမိုကရက်
ကျနော်က ဗုဒ္ဓဘာသာ
ကျနော်က ခရစ်ယာန်
ကျနော်က မူစလင်
ကျနော်က ဟိန္ဒူ
ကျနော်က GSC
ကျနော်က CRPH
ကျနော်က ဒေါ်အောင်ဆန်းစုကြည်
ကျနော်က မင်းကိုနိုင်
ကျနော်က မီုးသီးဇွန်
ဘယ်မှာ အကြိုက်တူ နိုင်ပါမလဲ။
အကြိုက်တူဖို့ ၊ စုဖို့ ၊ ညီညွတ်ဖို့ ထက် အကြိုက်မတူတာကို စုမှ ညီညွတ်ရေးရမယ်ဆိုတာ ကို သတိပြုဖို့လိုပါတယ်။
အဲဒီတော့ …
ညီညွတ်ရေးရဲ့ 'မှု ' က
""# ရန်ဖက်ကို ရှုတ်ချ ၊ မိတ်ဖက် ကိုအမွန်းတင်'' ပါ။
လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲ သဏ္ဍန်ဟာ ဒီနေ့ကာလ ရွှေဘိုလွင်ပြင်မှာ ပိုရှုပ် ထွေး၊ ပိုခက်ခဲကြမ်းတမ်းပါတယ်။
"ညီညွတ်ရေးသတိ ပိုဖို့ လိုပါတယ်။ မိတ်ဖက်ပြဿနာကို ရန်ဘက်အသွင်ဆောင် မဖြေရှင်းမိဖို့ အရေးကြီးပါတယ်။
မောင်နွေနှောင်း
18-2-26
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
