Breaking News

တာပလု - ကမ်းကူးလာသူတဦးရဲ့ ဝမ်းရေး


တာပလု - ကမ်းကူးလာသူတဦးရဲ့ ဝမ်းရေး

မိုးမခ ၊ ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၆


ထိုင်း- မြန်မာ နယ်စပ်တနေရာမှာ မြန်မာနိုင်ငံသားအများစု အားကိုးအားထားပြုရတဲ့ ဆေးခန်းတခုရှိပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းကို ရောက်လာကြတဲ့ မြန်မာနိုင်ငံသားတွေ ဆေးလာကုကြတာရှိသလို၊ မြန်မာနိုင်ငံဘက်ခြမ်းကလည်း ဒီဆေးခန်းကို ရောက်အောင်လာပြီး ဆေးလာကုကြသူတွေရှိပါတယ်။

မြန်မာနိုင်ငံသားအများစုက အဲ့ဒီဆေးခန်းကို မယ်တော်ဆေးခန်းလို့ သိထားကြပါတယ်။ ကျနော်မယ်တော်ဆေးခန်းကို ဒုတိယအကြိမ်မြောက် ရောက်ခဲ့ပါတယ်။ ဒီတခေါက်ရောက်ဖြစ်တဲ့အကြောင်းရင်းက မယ်တော်ဆေးခန်းက ပန်းချီပြပွဲကို သွားဖို့ဖြစ်ပါတယ်။

ဆေးခန်းရောက်တုန်း ဆေးစစ်လဲခံယူချင်သေးတာဖြစ်လို့ တနေရာထဲမှာ အလုပ်နှစ်ခု ပြီးမြောက်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ကိုယ်ဖြစ်နေတဲ့ ရောဂါကိုလဲ စစ်ဆေးတာ ခံယူလို့ရမယ့်အပြင် သွားချင်တဲ့ ပန်းချီပြပွဲကိုလည်း တခါတည်း ရောက်ခွင့်ရမှာလည်း ဖြစ်ပါတယ်။

ဆေးခန်းကို ရောက်ရောက်ချင်းပဲ စာရင်းသစ် မှတ်တမ်းတင်တဲ့ နေရာအနီးမှာ ရပ်နေလိုက်တယ်။ ပထမဆုံး ရောက်တဲ့အခေါက်က ဘယ်နေရာမှာ ဘာလုပ်ရမလဲဆိုတာ အရင်ဆုံးမေးမြန်းစုံစမ်းရသေးတာကိုး။

"ဘာရောဂါ ပြမှာလဲ"လို့ လူနာစာရင်းသစ် မှတ်တမ်းတင်တဲ့သူက မေးတော့ "အ‌ထွေထွေနဲ့ ပြချင်တာပါ"လို့ ပြောလိုက်တယ်။

မှတ်တမ်းတင်ချိန် မိနစ်အနည်းငယ် ရပ်စောင့်လို့အပြီးမှာတော့ နာမည်ခေါ်သံ ကြားလိုက်တယ်။  "အခန်းနံပါတ် (၆) ကို သွားပါ ညီလေး"တဲ့။ သူ ပြောတဲ့ အခန်းနံပါတ် နေရာရောက်တော့ လူနာမှတ်တမ်းတင်စာရွက်ကို ထပ်လိုက်တယ်။ ဒီနေရာကနေ ဆိုင်ရာရောဂါ စစ်ဆေးပေးမဲ့ ဆရာဝန်အခန်းကို လွှတ်မှာပါ။

အထွေထွေဆိုတဲ့အတိုင်းပါပဲ။ လူနာတော့ နည်းနည်းများတယ်။ ရက်ချိန်းလာပြကြတဲ့သူတွေ ရှိသလို ရာသီဖျား၊ ဖျားနာကြသူတွေ ဆေးခန်းလာပြကြသူတွေ များပါတယ်။

လူနာမှတ်တမ်းစာရွက်ကို ခြင်းထဲမှာ စာရွက်ထပ်ပြီး နာမည်အခေါ်ကို စောင့်နေကြသူတွေထဲမှာ လူတယောက်က တခြားသူတွေနဲ့ စကားဝိုင်းဖွဲ့ပြောနေတယ်။ သူ ပြောတဲ့စကားတွေထဲမှာ သာကြောင်း၊ မာကြောင်းနဲ့ မယ်တော်ဆေးခန်းဟာ သူ့အတွက် ဆေးဖိုးမကုန်တဲ့အကြောင်းလဲ သူ့ဘေးက အမျိုးသမီးတယောက်ကို ပြောပြနေပါတယ်။

သူနဲ့ စကားပြောဖော်တွေက အရင်က ရင်းနှီးခဲ့ကြတဲ့သူတွေ မဟုတ်ပါဘူး။ ရောက်တဲ့အရပ်မှာ လူမှုဆက်ဆံရေးကောင်းသူ တယောက်လို့ သတ်မှတ်ရမှာပါ။ ဘေးနားကလူတွေနဲ့ အချိန်တိုအတွင်း မိတ်ဆွေဖွဲ့ဖို့ဆိုတာ စကားပြောကောင်းဖို့ကလည်း လိုသေးတာ မဟုတ်လား။

ရောက်ရာအရပ်မှာ စကားပြောဖော်ရှာနေတဲ့ကျနော် သူ့အနားမသိမသာလေးသွားလိုက်တယ်။ သူပြောတဲ့စကားတွေထဲမှာ သိချင်တာပါတဲ့အခါ မေးခွန်းမေးလိုက်တာမျိုး လုပ်လိုက်တယ်။ မကြာပါဘူး။ သူနဲ့စကားလမ်းကြောင်းသင့်သွားပါတယ်။ ကျနော် မရောက်ခင်က သူ စကားသွားပြောတဲ့သူက သူ ပြောတဲ့စကားတွေကို စိတ်ဝင်စားတဲ့ပုံစံ မရှိတော့တာလည်း ပါပါတယ်။

သူ့ပုံစံက အသက်အရွယ်အရ ၆၀ ကျော်၊ ၇၀ တန်းတွေဖြစ်မှာပါ။ ကွမ်းတွေတော့ အဆက်မပြတ်စားတယ်။ သူ့သွားတွေက ဖရဲစေ့ရောင်တောင် ပေါက်နေပါပြီ။

ပုဆိုးကိုလဲတိုတိုတုတ်တုတ်ပဲ ဝတ်ထားတယ်။ မြန်မာနိုင်ငံက တောင်သူဦးကြီးတို့ ပုဆိုးဝတ်တဲ့ပုံစံမျိုးပါ။ ထိုင်းနိုင်ငံနဲ့ တဖက်ကမ်းမှာရှိတဲ့ မြဝတီမြို့ကနေ လာရတဲ့အကြောင်းတွေ ပြောပြနေတာ။

မဲဆောက်က မယ်တော်ဆေးခန်းကို မကြာခဏ ရောက်ဖြစ်တဲ့အကြောင်းတွေကို ပြောတယ်။

"ဒီမှာ ကျန်းမာရေးစောင့်ရှောက်မှုကောင်းတယ်။ သဘောလည်း ကောင်းတယ်။ အရင်က ကျနော်ပြန်ဖို့ ဘတ် ၂၀ လောက် လိုတာ။ သူတို့ဆီကပဲတောင်းလိုက်တယ်။ ပေးပါတယ်"

အရှေ့အခေါက်တွေက သူ့အတွက် ပြန်စရာလမ်းစရိတ်မရှိလို့ မယ်တော်ဆေးခန်းကပဲ လမ်းစားရိတ် ဘတ် ၂၀ ရသွားလို့ ကျေးဇူးတင်တဲ့အကြောင်းတွေကို တတွတ်တွတ်နဲ့ပြောနေတာ။

သူ စကားတွေ ပြောနေရင်း ဒီနေ့အဖို့ နေ့လယ်စာ ထမင်းစားဖို့တောင် မပါတဲ့အကြောင်းတွေရောက်သွားတယ်။ ကျနော်ကပဲ "စိတ်မပူပါနဲ့ဗျာ ဒီနေ့ နေ့လယ်စာအတွက် လိုက်ကျွေးပါမယ်"လို့ပြောတော့ သူ့မျက်နှာမှာ ဝမ်းသာပီတိဖြစ်သွားတဲ့ပုံကို အတိုင်းသား မြင်လိုက်ရတယ်။

လူနာမှတ်တမ်း စာရင်းပေးထားတဲ့သူတွေက နေ့လယ် ၁၂ နာရီ ထမင်းစားချိန်နားတဲ့အကြောင်းကို သိထားကြတယ်။ ဒီဆေးခန်းကို တခေါက်မကရောက်ဖူးနေတဲ့ ဖရဲစေ့ရောင်သွားတွေနဲ့လူလဲ ထမင်းစားနားချိန် ဘယ်အချိန်လဲဆိုတာ သိထားတယ်။ ကျနော့်ဘက်ကိုလှည့်ပြီး သတိပေးသလိုလို လှမ်းပြောလိုက်တယ်။

"ဆရာ၊ ဆရာမတွေက ထိုင်းချိန် ၁၂ နာရီဆို ထမင်းစားချိန်နားတယ်။ ၁ နာရီဆို စာအုပ်ထပ်ထားတဲ့သူတွေကို အစဉ်အတိုင်းခေါ်မှာ"လို့ ပြောတယ်။

သူဆိုလိုချင်တာက ထိုင်းစံတော်ချိန် ၁၂ နာရီဆိုတာ ကျနော်တို့ ထမင်းသွားစားလို့ရပြီဆိုတဲ့ သဘောဆောင်ပါတယ်။ ကျနော်ကပဲ သူ့ကို ထမင်းလိုက်ကျွေးမှာ သေချာတဲ့အကြောင်း ထပ်ပြီးပြောလိုက်တယ်။

"ဟုတ်ကဲ့ ၁၂ နာရီဆို ကျနော်တို့ ထမင်းစားလို့ရပြီပေါ့၊ အတူသွားစားကြမယ်နော်"လို့ ပြောလိုက်တယ်။ သူ့ဆီက ကျေးဇူးတင်တဲ့စကားနဲ့ ကျနော်တို့ စကားပြော‌တဲ့ဝိုင်းကို ခဏတာ အနားသတ်လိုက်ပါတယ်။

ကောင်တာမှာ လူနာ နာမည်တွေကို ခေါ်ပေးနေတဲ့ ဆရာမတယောက်ကပဲ သတိပေးချက်တခုကို ထုတ်ပြောလာပါတယ်။

"ဆေးခန်း လာပြသူတွေအားလုံး နေ့လယ် ၁၂ နာရီမှာ ခေတ္တအနားယူကြမှာဖြစ်ပါတယ်။ ၁ နာရီထိုးတာနဲ့ ဆက်ပြီး ဆေးစစ်တဲ့လုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးမှာဖြစ်လို့ ထမင်းသွားစားလို့ရပါပြီ။ ၁ နာရီထိုးတဲ့အချိန်မှာ ပြန်လာပေးကြပါ"ဆိုပြီး စပီကာအသေးစားလေးကနေ အသံထွက်လာပါတယ်။

ကျနော်ကပဲ ဦးဆောင်ပြီး ဖရဲစေ့ရောင် သွားတွေနဲ့လူကို ခေါ်ပြီး ထမင်းဆိုင်ဘက် ထွက်လာခဲ့ကြပါတယ်။ ပထမဆုံး ဝင်လိုက်တဲ့ ထမင်းဆိုင်က ချက်ထားတဲ့ ထမင်းတွေ ကုန်နေတယ်လို့ ပြောပါတယ်။ ကျနော်တို့လည်း နောက်ထပ် ထမင်းဆိုင်တခုဘက်ကို ထွက်လာခဲ့လိုက်ပါတယ်။

ထမင်းဆိုင်ရောက်တော့ အဲ့ဒီလူပဲ ထမင်းတွေ မှာပေးတယ်။ ထမင်းစားပွဲမှာ ထိုင်စားရင်းနဲ့ ပုံပြင်လား၊ ဖြစ်ရပ်မှန်ဇာတ်လမ်းတခုလား မပြောတတ်ဘူး။ ဗိုက်ဆာနေတဲ့ ဓားပြနဲ့ ထမင်းကျွေးပြီး ဝမ်းဝအောင်ဖြည့်ပေးလိုက်တဲ့ အိမ်ရှင်တဦးရဲ့အကြောင်းကို ပြောပြနေတယ်။

ဒီအကြောင်းကို ဖရဲစေ့ရောင် သွားတွေနဲ့လူက ဘယ်ကကြားလာလဲတော့ မပြောတတ်ဘူး။ သူ့ကိုထမင်းလိုက်ကျွေးတဲ့ ကျနော့်ကို ဒီအကြောင်းပြောပြဖို့ စိတ်ထဲပေါ်လာတာလဲ ဖြစ်နိုင်ပါတယ်။

"ရွာတရွာမှာ ဓားပြတယောက်ဟာ တရက်တော့ ဓားပြတိုက်ဖို့ ထွက်လာရင်း ဗိုက်အတော်ဆာနေတယ်။ အဲ့ဒီအချိန်မှာ အိမ်တအိမ်ကို ဓားပြတိုက်ဖို့ထက် ဝမ်းထဲအစာတခုခု ဖြည့်လိုက်ဖို့ကိုပဲ အရေးတကြီး လိုအပ်နေတယ်။ ဓားပြတိုက်မယ်ဆိုတဲ့ အိမ်ကိုရောက်တော့ ဓားပြကြီးက အိမ်ရှင်ဆီကနေ ထမင်းတောင်းစားတယ်။ အိမ်ရှင်ကလည်း ထမင်းကျွေးလိုက်တယ်။ ဓားပြကြီးဟာ ဗိုက်ဝသွားတော့ အဲ့ဒီအိမ်ကို ဓားပြမတိုက်တော့ဘူး။ ဗိုက်ဝသွားတော့ စိတ်ပြောင်းသွားတယ်"

ဖရဲစေ့ရောင် သွားတွေနဲ့လူက သူ တွေးမိလိုက်တဲ့အချက်ကိုလဲ ထပ်ပြီးရှင်းပြပါသေးတယ်။ လူတယောက်က ဗိုက်‌ဆာနေတဲ့အချိန် စိတ်တိုနေမှာ။ ဗိုက်ပြည့်နေတဲ့အချိန်ဆို စိတ်ကောင်းဝင်ဖို့လွယ်တဲ့အချိန် ဖြစ်မှာပါလို့ ပြောလိုက်တယ်။ ထပ်ပြီးတော့ ကျနော့်ကို ဆုတောင်းပေးတဲ့စကားလုံးတွေ ပြောနေပါတယ်။ လူတယောက်ကို ဝမ်းဝအောင်ဖြည့်ပေးလိုက်တဲ့ကျေးဇူးကြောင့် အဆင်ပြေချောမွေ့ပါစေဆိုတဲ့ အဓိပ္ပါယ်မျိုးပါတဲ့ ဆုတောင်းစကားသံ ဖြစ်ပါတယ်။

ထမင်းဆိုင်ထဲက ပြန်ထွက်လာတော့ သူ့ကွမ်းထုပ်ထဲက ကွမ်းတွေ ကျနော့်ကို လာကျွေးတယ်။ "နည်းနည်းဝါးကြည့်မလား"တဲ့။ ထမင်းလာမစားခင်ကပဲ ကျနော့်ကို သူက"ကောင်လေးငယ်ငယ်ပဲရှိသေးတယ်။ ကွမ်းမစား၊ ဆေးလိပ်မသောက်၊ အရက်မသောက်ရင် ဖြစ်နေတဲ့ရောဂါ ပြန်ပြောက်မှာပါ"လို့ပြောထားတယ်။

ကျနော် ထမင်းလိုက်ကျွေးတော့ သူ့ဘက်က ရှိတာလေးနဲ့ ပြန်ပြီးကျေးဇူးတုံ့ပြန်ချင်ပုံရပါတယ်။ သူ့မှာပါတဲ့ ကွမ်းထုတ်ကို ထုတ်ရင်း နည်းနည်းဝါးကြည့်မလားလို့ ပြောလာတာပါ။

တကယ်တော့ ကျနော်ကိုယ်တိုင်လဲ ကွမ်းသမားတယောက်ပဲ။ အခုတော့ ကွမ်းကိုအရင်ကလောက် မစားတော့ဘူး။ ကွမ်းစားတဲ့ အမူအကျင့်ကို ပြောင်းယူကြည့်တာလဲပါပါတယ်။ ကွမ်းစားရင် ကွမ်းသွေးထွေးစရာ နေရာရှာရတာလဲ အလုပ်တခု ဖြစ်လာတယ်။ ဗာဟီရများတဲ့အရာတွေကို လျှော့ချချင်တဲ့အတွက် ကွမ်းမစားဖြစ်တော့တာလို့ ပြောရမှာပါ။

ကွမ်းစားဖူးတဲ့ အတွေ့အကြုံအရ ဗိုက်ထဲ တခြားအစာ‌‌တွေ ထည့်စရာမလိုဘဲ တနေကုန်နေနိုင်ခဲ့တဲ့နေ့တွေလဲ ဖြတ်ကျော်ခဲ့ဖူးတာပေါ့။ တချို့ကတော့ ကွမ်းတွေအရမ်းမစားနဲ့ ကွမ်းစားရင် လေခံတယ်။ လေခံရင် ထမင်းစားလို့မဝင်တော့ဘူးလို့ ပြောကြပါသေးတယ်။

ဆေးလာကုဖို့ လမ်းစရိတ်တောင် အနိုင်နိုင်ရှာလာခဲ့ရတဲ့ ဖရဲစေ့ရောင် သွားတွေနဲ့လူက ထမင်းဖိုးမပါလို့ ကွမ်းထုတ်ပဲ သယ်လာခဲ့သလားလို့ တွေးမိလိုက်တယ်။ သူ ကွမ်းဘယ်လောက်စားလဲ ဆိုတာ သူ့သွားအရောင်ကို ကြည့်ရင် သိနိုင်ပါတယ်။

"ဆေးခန်းရက်ချိန်းပြဖို့ မြဝတီမှာ ဖုန်းပေါင်ပြီး လမ်းစားရိတ်လုပ်လာတာ။ ဟိုဘက်ကမ်းကူးပြီးရင် ဖုန်းပြန်ရွေးဖို့ အလုပ်လုပ်ရမယ်"

အဲ့ဒီလူက ထိုင်းနိုင်ငံဘက်အခြမ်းက မယ်တော်ဆေးခန်းကို ရက်ချိန်း ဆေးခန်းပြဖို့ လာစရာလမ်းစရိတ် ဘယ်လိုလုပ်ခဲ့ရသလဲဆိုတာလဲ ပြောပြတယ်။ ဖုန်းတလုံးမရှိလို့လဲ မဖြစ်ပြန်ဘူးလို့ ပြောတယ်။ အပြန်မှာ ဘယ်လိုအလုပ်မျိုး လုပ်ပြီး ဖုန်းပြန်ရွေးနိုင်မလဲဆိုတာတော့ သူ့ကို မမေးမိလိုက်ပါဘူး။

ဖရဲစေ့ရောင်သွားတွေနဲ့လူက ဘုရားစာတခုကို ရွက်ပြတယ်။ သူ ခရီးသွားတဲ့အခါ အခုလို ရွတ်သွားတဲ့အတွက် ထမင်းကျွေးမယ့်သူ၊ လမ်းစရိတ်ကူညီမယ့်သူတွေနဲ့ မကြာခဏ ကြုံရတယ်လို့ ပြောတယ်။

ဒီတခါ သူ့ကို ထမင်းလိုက်ကျွေးမယ့်သူက ကျနော်ပေါ့။ ဒီနေ့လဲ သူ့ကို ထမင်းကျွေးမယ့်သူ ပေါ်လာတဲ့အကြောင်း ပြောတယ်။ သူ့အနေနဲ့ မြဝတီကနေ ထိုင်းဘက်အခြမ်းကို ကူးလာဖို့ လွယ်ကူတဲ့အကြောင်း ပြောပြပါတယ်။ သွားနေကျဖြစ်လို့နေမှာပါ။ ဒီရက်ထဲ ထိုင်းနိုင်ငံဘက်အခြမ်းက ကမ်းကူးဂိတ်တွေ ပိတ်လိုက်တဲ့အတွက် ကမ်းကူးလာပြီး ဆေးကုကြမယ့်သူတွေ၊ အသေးစား ကုန်ရောင်းကုန်ဝယ် လုပ်ကြမယ့်သူတွေ အကြပ်ရိုက်စေခဲ့ပါတယ်။ ဖရဲစေ့ရောင် သွား‌တွေနဲ့လူကတော့ ကမ်းကူးရတာ လွယ်တဲ့အကြောင်းပဲ ပြောပါတယ်။

ဒီဆေးခန်းမှာ ဆေးဖိုးပေးစရာ မလိုပါဘူး။ စမ်းသပ်ခလည်း ပေးစရာမလိုဘူး။ သွားစရိတ် လာစရိတ်လောက်တော့ အကုန်ခံရတယ်။ ထိုင်းနိုင်ငံရဲ့ တဖက်ကမ်းက အခြေအနေတွေကို မေးမိတယ်။ စိတ်မကောင်းစရာ စကားသံတွေပဲ ကြားလိုက်ရတယ်။

"မြန်မာနိုင်ငံမှာ အလုပ်အကိုင်က မရှိဘူး။ ဆန်ကြမ်း တပြည်ကို ၅၀၀၀ ရှိတယ်။ ပေါ်ဆန်းဆို ဘယ်စားနိုင်မလဲ။ ဆန်ကြမ်းပဲ ဝယ်စားနိုင်တယ်။ ကျန်းမာရေးဆိုလည်း ဆရာ၊ ဆရာမတွေက ငွေရဖို့လောက်ပဲ ကြည့်တာ။ ကောင်းကောင်းမစစ်ဆေးပေးတော့ဘူး။ စာရွက်ပေါ် ဆေးစာရေးပေးပြီး ပိုက်ဆံတောင်းဖို့လောက်ပဲ အာရုံရကြတာ။ ဆေးဖိုးတွေကလည်း ကြီး။ ကုန်ဈေးနှုန်း‌တွေလည်း ကြီး။ မြန်မာနိုင်ငံကို ပြန်မလာကြသေးနဲ့ဦးနော်" တဲ့။ ဖရဲစေ့ရောင် သွားတွေနဲ့လူက မြန်မာနိုင်ငံကို ပြန်မလားသေးနဲ့ဦးလို့ ပြောနေတာပါ။

သူ စကားပြောနေရင်း သူ့ဆီမှာ တိုက်ကြက်တကောင် မွေးထားတယ်။ ကြက်က အကောင်ပေါက်အရွယ်ထက် ကျော်လာပြီ။ ဒီတိုက်ကြက်ကို ရောင်းရင် ဈေးကောင်းရနိုင်တဲ့အကြောင်းတွေ ရောက်သွားတယ်။

ဆေးထုတ်ရမယ့် ကောင်တာကနေ ဖရဲစေ့ရောင် သွား‌တွေနဲ့လူကို နာမည်လှမ်းခေါ်လိုက်တယ်။ သူ့သောက်ရမယ့် ဆေးထုပ်တွေကိုယူပြီး ကျနော့်ကို လာပြတယ်။ သောက်စရာဆေး တလစာ ရသွားပြီ ပြန်တော့မယ်နော်တဲ့။

ပြန်တော့မှာလား။ ဂရုစိုက်ဦးနော်လို့ ပြောပြီး ကျနော်တို့တွေ ဆေးခန်းအရိပ်အောက်ကနေပဲ လမ်းခွဲလိုက်ကြပါတယ်။ နောက်တခေါက် ဆေးခန်းရက်ချိန်း လာရဦးမှာလားလို့ မမေးမိလိုက်ပါဘူး။ ဖရဲစေ့ရောင် သွားတွေနဲ့လူ ဒူးနာ မြန်မြန်သက်သာပါစေ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar