နေသွင်နိုင်း - အရိမေတ္တေယျနှင့်စကားစမြည်
Art- POS
အရိမေတ္တေယျနှင့်စကားစမြည်
နေသွင်နိုင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆
မြစ်ဟာ သူ့ရဲ့ ကောက်ကွေ့မှုကို ဘယ်တော့မှ သွေဖည်မသွား
မာရ်နတ်ဟာ မကျွတ်လွတ်တော့တဲ့ နှစ်ချို့တစ္ဆေ
မင်းတို့မြို့ပျက်ကြီး လောင်မီးကျချိန်
ငါဟာ တစ်ခုသော နတ်နေကိုင်းမှာ မီးသင့်နေခဲ့တဲ့ ရုက္ခစိုးတစ်ပါး
အကြင်ခွေးတံဆိပ်တပ်သားများသည်
ပန်းပွင့်အပေါင်းကို မီးလောင်သွင်း၍
ဘုရားအဆူဆူတို့၏ဆင်းတုတော်တို့ကိုပင် ကျည်သင့်စေ၏
ဇာတ်ပေါင်းသော်
မြေခွေးသည် သူ့အင်္ကျီကို မချွတ်
ခြင်္သေ့သည် မြက်မစား
ကျားငစဥ်းလဲသည် ဥပုသ်မစောင့်
တီကောင်သည် ဘယ်တော့မှ နဂါးမဖြစ်
နိုင်ငံနှင့် ပြည်သူ
ရဲဘော်နှင့် နွေဦး
မည်သည့်အရပ်မျှ နဂါးခေါင်းမလှည့်
မြေကြီးအတွင်း၌သာ ခေါင်းထိုးဝင်လျက်
သစ္စာတရားကိုကျောခိုင်းသော
ခွေးသန္ဓေ လောက်လားများအတွက်
ပျံသန်းရန် ကောင်းကင်မရှိချေ ။ ။
-
t.me@moemaka
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
youtube.com/@moemaka
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
