နေသွင်ညိဏ်း- ပညာရှိများ တိတ်ဆိတ်သွားတဲ့အခါ
ပညာရှိများ တိတ်ဆိတ်သွားတဲ့အခါ
နေသွင်ညိဏ်း
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆
‘တိတ်ဆိတ်မှုသည် မရှိမဖြစ်သော ဓမ္မမည်၏။ လူသားသည် အသက်ရှုရန် လေမရှိလျှင်မဖြစ်သကဲ့သို့၊ သစ်ပင်သည် အစာချက်ရန် အလင်းရောင်လိုအပ်သကဲ့သို့ ဖြစ်၏။ စိတ်တွင်း၌ စကားလုံးများနှင့် အတွေးများဖြင့် ပြည့်ကျပ်နေလျှင် ငါတို့အတွက် အဘယ်မှာ နေရာရှိတော့အံ့နည်း’ (ဆရာတော်သစ်နက်ဟန်)
သမိုင်းပညာရှင် ယူဗယ် နိုအာ ဟာရာရီ Harari ပြောထားတဲ့ The Wise People Are Withdrawing ဗီဒီယိုကို ယူကျုမှာ သွားကြည့်လို့ရပါတယ်။ အခုရေးချင်တာက ဒီအကြောင်းရယ်၊ ကျနော့် အတွေးရယ်။
ဟာရာရီပြောတာကို အတိုချုပ်ရရင် လူ့ယဉ်ကျေးမှုတခုဟာ ဆုတ်ယုတ်ချိန်တန်တဲ့အခါ လူ့အဖွဲ့အစည်းမှာ ပေါ့ပေါ့တန်တန် ကိစ္စတွေက ရှေ့တန်းရောက်လာတတ်တယ်။ ဒီလို အခြေအနေမှာ ပေါ့တန်တဲ့ အပေါ်ယံကိစ္စတွေက လေးနက်မှုတွေအပေါ် အသာစီးရလာတတ်တယ်။ ဒီလို အခြေအနေမှာ ပညာရှိတဲ့လူတွေ၊ သို့မဟုတ် လေးနက်ဆင်ခြင်တာကို အားသန်တဲ့ လူတွေဟာ လူအုပ်’ တွေကို ရှောင်လာတယ်။ ဒါက ခေတ်ပျက်ချိန်တိုင်းမှာ ဖြစ်လေ့ရှိတယ်လို့ သမိုင်းဆရာက ဆိုတယ်။
ဒီနေ့ခေတ်မှာ နည်းပညာခေတ်နဲ့အတူ သူ့အဆို collective noise လို့ ဆိုတဲ့ စုပေါင်းစပ်ပေါင်းဆူညံသံတွေဟာ ပိုဆိုးနေတယ်။ ဒီလိုနဲ့ တချို့လူတွေဟာ အွန်လိုင်းပေါ်က ‘ပွဲ’ တွေကို ရှောင်လာကြတယ်။
ခေတ်ဟာ ပွဲကြိုက်ခင်၊ ပွဲကြိုက်မောင်များသာ လွှမ်းမိုးတဲ့ခေတ် ဖြစ်လာတယ်။
ခေတ်ရဲ့ ပြဿနာဟာ ရှုပ်ထွေးလာပေမယ့် လူတွေကတော့ ပေါ်ပင်တွေကိုပဲ စိတ်ဝင်စားလာကြတယ်။ ပိုဆိုးတာက ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေရဲ့ စီးပွါးရေး လုပ်ပုံဟာ အနှစ်မဲ့တာတွေကို လူတွေကြား ပိုဖြန့်တဲ့ ပုံစံဖြစ်လာတယ်။ လောဘ၊ ဒေါသ၊ မောဟ ကို ဆွတဲ့ စာတိုလေးဟာ ဆင်ခြင်တုံတရားနဲ့ ရေးထားတဲ့ စာထက် ပိုပျံ့နှံ့ လွယ်လာတယ်။ ဒီလိုနဲ့ သိက္ခာ မကျချင်တဲ့ လူတချို့ဟာ အနှစ်မဲ့တဲ့ ပတ်ဝန်းကျင်ကို ရှောင်ဖို့ကြိုးစားလာတယ်။ အရင်ခေတ်တွေကတော့ တောရိပ်ခိုတယ်။ ကျောင်းရိပ်ခိုတယ်ပေါ့။
ဒီနေရာ အရောက်မှာ ကျနော်က ဦးဖိုးကျားရေးတဲ့ အခမဲ့ ကူလီထမ်းခြင်း အကျိုး ဆိုတဲ့ ဝတ္ထုတိုလေးကို သတိရတယ်။ ဇာတ်လမ်းကတော့ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ဇာတ်လမ်းမှာ တက္ကသိုလ်တက်နေတဲ့ မောင်သောင်းဖေ ဆိုတဲ့ လူရွယ်လေးရယ်၊ အဖြစ်သဲ အကဲပိုတဲ့ အမေနဲ့ အစ်မနှမတသိုက်ရယ်၊ ရှေးရိုးဆန်တဲ့ လူရိုးကြီး ဖခင် ဦးအောင်ပန် ( နာမည်မှားနိုင်ပါတယ်) ရယ်ပါ။ တောသူဌေးသားလေး မောင်သောင်းဖေကို အမေနဲ့ အမတွေက အချစ်ပို၊ အလိုလိုက်တယ်။ ဖအေ လုပ်သူ ဦးအောင်ပန်းက အကျိုးသင့် အကြောင်းသင့် ဝင်ပြောရင် ကျီးအားသလို ဝိုင်းအာကြတော့ သူ့ခမျာ ဘုန်းကြီးကျောင်းပဲ သွားသွားနေရတယ်။ တကြိမ်မဟုတ်၊ ၂ ကြိမ်မဟုတ်၊ အကြိမ်ကြိမ်ဆိုပါတော့။ အများသိပြီးသားမို့ အတိုချုပ်ရရင် နောက်ဆုံး ဦးဖိုးကျားက အခမဲ့ ကူလီထမ်းပေးလိုက်တော့ မောင်သောင်းဖေကလေး နောင်တရတယ်။ ဒီတော့မှ ဦးအောင်ပန်းဟာ ဦးဖိုးကျားဆီကို ကျေးဇူးတင်ကြောင်း စာရှည်ကြီး ရေးပို့လိုက်တယ်။
ဒီဇာတ်လမ်းမှာ မိသားစုထဲ အများနဲ့ တယောက်ဖြစ်နေတဲ့ ဦးအောင်ပန်းဟာ ခံမငြင်းဘူး။ အချိန်ကောင်းကို စောင့်ခဲ့တယ်ပေါ့။ ငြင်းရင် သူရှုံးမှာကို သိနေတာကိုး။
ဟာရာရီ ပြောတာ ဒီသဘောပဲ။ ခေတ်ပျက်ထဲ၊ ခေတ်ဆုတ်ချ်န်မှာ ပညာရှိသူတွေဟာ အချိန်အခါကို စောင့်တဲ့ အနေနဲ့ မထင်မရှား နေလိုက်ကြတယ်ဆိုတယ်။ ဒါပေမယ့် ဟာရာရီက တချက်တော့ ပြောတယ်။ အရင်ခေတ်တွေက ပညာရှိတွေရဲ့ ခိုအောင်းမှုဟာ ယာယီဖြစ်ပြီး၊ အခုခေတ်မှာ ရာသက်ပန် ဖြစ်သွားနိုင်တယ်။ ဒီလို ဖြစ်လာရင် လူအဖွဲ့အစည်းအတွက် နစ်နာစရာတွေ အများကြီး ဆက်တိုက်ဖြစ်လာနိုင်တယ်။ ပညာဥာဏ်တွေနေရာမှာ ဆူညံသံတွေ အစားဝင်လာပြီး လူ့အဖွဲ့အစည်းဟာ တစစ ပညာဆိတ်သုဉ်းတဲ့ အဆင့်ကို ကျရောက်သွားနိုင်တယ်လို့ သတိပေးတယ်။
သူက ၃ ချက်ပြောတယ်။
၁။ အဓမ္မတရားကို ဓမ္မဖြင့် ရင်ဆိုင်ခြင်း။ အများကို အနည်းဖြင့် ခုခံခြင်း။
၂။ နည်းပညာ အကူအညီကို ယူပြီး ဓမ္မတရား ပြန့်နှံ့အောင်လုပ်ခြင်း ( ဒီမှာ ပလက်ဖောင်းတွေရဲ့ ဘက်လိုက်မှုတွေ ရှိလို့ မထိရောက်တာလည်း ရှိတတတ်တယ်။)
၃။ အချိန်ကောင်းကို စောင့်ခြင်း။ (ဦးအောင်ပန်း နည်း)
ကျနော်က တချက်ဖြည့်ချင်ပါတယ်။ အနှစ်မဲ့တဲ့ အကြောင်းအရာတွေကို like share စတဲ့ reaction မပေးဘဲ ပစ်ထားတဲ့နည်းပါပဲ။ ဘာကြောင့်လဲဆိုတာ အကုန်သိကြပါတယ်။
ကျနော့် နည်းကို ပြောပါရစေ။ ကျနော်က ဘဝ အချ်န် အတော်များများ သတင်းသမားအနေနဲ့ လေ့ကျင့်လာတော့ အကျင့်ပါသွားတဲ့ ကိစ္စပါ။ ဒီဂျစ်တယ် ပလက်ဖောင်း၊ ဆိုရှယ်မီဒီယာ ပလက်ဖောင်းဆိုတာ မည်သူမဆို အီးမေလ်တခု၊ တယ်လီဖုန်းနံပါတ်တခုနဲ့ ရှိရှိသမျှ အကောင့်တခုမက ပိုင်လို့ရတယ်။ ဒါတွေက အလကားရနိုင်တဲ့ ကိစ္စတွေပဲ။
လူတိုင်းမှာ ပြောရေးဆိုခွင့်ရှိလာတယ်။ ပလက်ဖောင်းတွေရဲ့ businesses model ပိုက်ဆံရှာနည်းတွေမှာ ဘက်လိုက်တယ်ဆိုပေမယ့် ကျနော်တို့မှာလည်း ရွေးချယ်ခွင့်ရှိနေပါတယ်။ ကျနော် အနေနဲ့ ဆိုရင် စိတ်ဝင်စားတဲ့ အကြောင်းအရာတခု ရှိတယ်ဆိုပါတော့။ ဟိုလူပြော၊ ဒီလူပြော ဘယ်သူ ပြောပြော နားမထောင်တတ်ဘူး။ ဒီလူဟာ ဒီအကြောင်းအရာကို ပြောနိုင်လောက်တဲ့လူလားဆိုတာ ကြည့်တယ်။ Whether a specific person ("he or she") is in a position to comment on this issue ? ကျနော်တို့ကို ဒီအတိုင်းပဲ လေ့ကျင်ပေးခဲ့တာပါပဲ။
ဆရာဇော်ဂျီ ပြောတဲ့ ပုဂံစျေး အယူအဆ၊ သာမန်လူကြားက ခက်ခဲ့တဲ့ ပြဿနာရဲ့ အဖြေ၊ အမှန်တရား ရှာရတာလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် တက်ကျမ်းတခုထဲက စကားကို ပြန်ပြောရရင် ရွှေငွေ အရောင်းအဝယ် ကိစ္စကို ဖိနပ်ချုပ်သမားနဲ့ သွားမတိုင်ပင်ရပါဘူး။ ဒီသဘောမျိုးပါပဲ။ ဖိနပ်ကိစ္စ၊ သာရေ ကိစ္စလိုမျိုးဆိုရင်တော့ ဖိနပ်ချုပ်သမားရဲ့ နယ်ပယ်ပါပဲ။
ဒေါက်တာ ဟာရာရီ ရဲ့ စကားကို ပြန်ကောက်ရရင် နည်းပညာဟာ လူထုရဲ့ ပညာရေး ရေချိန်ကို ဆွဲတင်ရမယ့်အစား၊ ဆွဲချသလို ဖြစ်နေတယ်။ ကျနော် စဉ်းစားမိတဲ့ နမူနာက ပေါကားပရိသတ်ရှိလို့ ပေါကားတွေ ရိုက်ကြပြီး၊ ပေါကားတွေ ရိုက်လို့ ပရိသတ်က ပေါကားပဲ ကြည့်ရတယ်ဆိုတဲ့ အဆိုးသံသရာမျိုး ထင်ပါတယ်။ နမူနာ အနေနဲ့ပါဲပဲ။
တချို့ကိစ္စတွေမှာ virtual mob လို့ ခေါ်တဲ့ အွန်လိုင်းပေါ်က မောင်သောင်းဖေရဲ့ အစ်မနှမတွေ ရှိတတ်ပါတယ်။ အကျိုးနဲ့အကြောင်းကို သူတို့ နားမထောင် ကျီးလို ဝိုင်းအာဖို့လောက်ပဲ စိတ်ဝင်စားတဲ့ အုပ်စုတွေ။
နောက်ဆုံး သတိရမိတာက ဆရာပါရဂူ ဘာသာပြန်တဲ့သိဒ္ဓတ္ထထဲမှာ ဗုဒ္ဓနဲ့ ဇာတ်လိုက်ဖြစ်တဲ့ သိဒ္ဓတ္ထ တို့ဆုံတဲ့အခန်း။ သိဒ္ဓတ္ထက ဗုဒ္ဓရဲ့ နိဗ္ဗာန်အယူအဆကို သူ သဘောမတူတဲ့အကြောင်း ယဉ်ယဉ်ကျေးကျေး လျှောက်တော့ ဗုဒ္ဓက ‘ ချစ်သား အယူဝါဒ အငြင်းအခုံတွေကို သတိထားပါ၊ လိမ္မာ ပါးနပ်လွန်းတာကိုလည်း သတိထားပါ’ လို့ပဲ မိန့်လိုက်တယ်။ မငြင်းခုံတဲ့ စကားက တိုတိုလေးပါ။ သိဒ္ဓတ္ထဟာ ဒီစကား အဓိပ္ပါယ်ကို နောက်ထပ် နှစ်ပေါင်းများစွာ ကြာတော့ တကယ်သိသွားခဲ့တယ်။
ပညာရှိတို့ရဲ့ စကားကို နားလည်ဖို့ အချိန်ယူရပါတယ်။ စဉ်းစားရ၊ တွေးတော ရတတ်ပါတယ်။ ဒါပေမယ့် လူဆိုတာ တွေးရမှာကို သေမလောက် ကြောက်တယ်လို့ ဖိီလိုဆော်ဖာတယောက်က ပြောဖူးတယ်။ ဒီတော့လည်း ဆိတ်ဆိတ်နေ ထောင်တန် ဆိုတဲ့အတိုင်း လေးနက်သူတွေဟာ တိတ်ဆိတ်ရာကို ခိုလှုံသွားကြတယ်။ ပေါ်ပင်တွေကို ရှောင်လာကြတယ်လို့ ဟာရာရီက ဆိုတယ်။ ဒီလို ဖြစ်လာရင် နစ်နာတာက ရှောင်သူတွေ မဟုတ်ဘဲ လူ့အဖွဲ့အစည်းပဲ ဖြစ်တယ်လို့ သတိပေးတယ်။ ဒါပေမယ့် ဒီလို သတ်ိပေးတာကိုရော လူဘယ်လောက်များများ ကြားမလဲ။ လူအပေါင်းတို့ဟာ ပေါ်ပင်မှာ ပျော်ရွှင်နေကြရဲ့မဟုတ်လား။
နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
